Monday, October 31, 2016

ပထမအကြိမ် အင်းသားအမျိုးသားနေ့ပွဲတော် ကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်





၂၀၁၆-ခုနှစ်၊ အောက်တိုဘာ (၃၁)ရက်၊ တနင်္လာနေ့၊ မနက် (၉)နာရီအချိန်တွင် ညောင်ရွှေမြို့၊ ဖေါင်တော်ဦးဘုရား ကုန်းပေါ်ရင်ပြင်တွင် ပထမအကြိမ် အင်းသားအမျိုးသားနေ့ပွဲတော်ကို ကျင်းပခဲ့ပါသည်။
ထိုပွဲတော်သို့ ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းမှ နုတ်ခွန်းဆက် အမှာစကားပြောကြားကာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်မှ ပေးပို့သောသ၀ဏ်လွှာကိုလည်း ညောင်ရွှေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးက ဖတ်ကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စု ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဦးအုန်းမောင်မှ နုတ်ခွန်းဆက်စကား ပြောကြားခြင်း၊ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဦးနိုင်သက်လွင်၏ သ၀ဏ်လွှာကို ရှမ်းပြည်နယ် အမှတ်(၁) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းလတ်မှ ဖတ်ကြားခြင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင်၊ အင်းတိုင်းရင်းသားရေးရာ လူမျိုးဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အင်းသားတိုင်းရင်းသား ကိုဂျင်မီ(ခေါ်) အယ်ကျော်မီတို့မှ နုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။ ထို့နောက် ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်း ကိုမင်းကိုနိုင်မှ ပေးပို့သော သ၀ဏ်လွှာကို မမီးမှ ဖတ်ကြားပေးခဲ့ပါသည်။
အခမ်းအနားမှာ နေ့လည် (၁၁း၃၀)အချိန်တွင် ပြီးဆုံးခဲ့ပြီး ကြွရောက်လာသော ဧည့်သည်တော်များအား နေ့လည်စာ ကျွေးမွေးခဲ့ပါသည်။
ထိုပွဲတော်သို့ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ လွှတ်တော်ကိုယ်စားလှယ်တော်များ၊  ဖိတ်ကြားထားသော ပအိုဝ်း၊ ဓနု၊ ကိုးကန့်စသည့် တိုင်းရင်းသားအဖွဲ့များ၊ လူမှုအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

ခွန်ဓဇ   

Powered by Blogger.