Monday, October 31, 2016

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် လူထုဗဟိုပြုစီမံကိန်း မိတ်ဆက်ခြင်း အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကျင်းပပြုလုပ်

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်




၂၀၁၆-ခုနှစ်၊ အောက်တိုဘာလ (၃၁)ရက်နေ့၊ နံနက်၉း၀၀နာရီိ အချိန်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် မြို့နယ်ခန်းမအတွင်း လူထုဗဟိုပြုစီမံကိန်း မိတ်ဆက်ခြင်း အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့တို့ ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်းကြီးဌာန၊ ၀န်ကြီး ဦးစိုင်းလုံကျော်က အဖွင့်အမှာစကားပြောကြားပေးခြင်း။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဌ ဦးခွန်စံလွင်က ဒေသဖွံ့ဖြိုးရေးအတွက်အဖွင့်အမှာစကားပြောကြားခြင်း။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန(ရုံးချုပ်)၊ ဒုတိယညွန်ကြားရေးမှူးချုပ် ဦးကျော်စိုးကမိတ်ဆက်စကားပြောကြားပေးခြင်း။ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)၊ ဒုတိယညွန်ကြားရေးမှူးဒေါ်မီမီထွေးက စီမံကိန်းစက်ဝန်း အကြောင်းကို ရှင်းလင်းဆွေးနွေးပေးခြင်း။ စီမံကိန်းအကြောင်းနှင့်ပတ်သက်၍ ဒေသခံများ သိလိုသည့် အချက်များကိုပြန်လည်ဖြေကြားပေးခြင်း။ ဆီဆိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် အုပ်ချုပ်ရေးမှူးဦးခင်မောင်စိုးက ကျေးဇူးတင်စကားပြောကြားပေးခြင်း။ ရှမ်းပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ညွန်ကြားရေးမှူး ဦးမောင်မောင်ဝင်းက နိဂုံးချုပ်အမှာစကား ပြောကြားပေးပါသည်။
ဆက်လက်ပြီး လူထှုဗဟိုပြုစီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာမှာ-လူထုဗဟိုပြုစီမံကိန်း (Community Driven Development – CDD)သည် မြန်မာနိုင်ငံ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချရေးလုပ်ငန်းစဉ်များကို အထောက်အကူပြုစေရန်အတွက် ကမ္ဘာ့ဘဏ်မှကူညီ ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ(၈၀)သန်းနှင့် နည်းပညာပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံတွင် လူထုဗဟိုပြုစီမံကိန်းကို စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ ယခုအခါ စီမံကိန်းဆောင်ရွက် အောင်မြင်မှုအပေါ် အားရကျေနပ်မှုရှိသောကြောင့် ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာ သန်း(၄၀၀)ကိုလည်းကောင်း၊ အီတလီအစိုးရက ယူရိုသန်း(၂၀)ကိုလည်းကောင်း အတိုးမဲ့နှစ်ရှည်ချေးငွေ အဖြစ်ရယူ၍ စီမံကိန်းတိုးချဲ့ဆောင်ရွက်လာခဲ့ပြီး နှစ်စဉ်နိုင်ငံတော် ဘတ်ဂျက်ထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ(၅)သန်းဖြင့် (၆)နှစ်အတွက် သန်း(၃၀)ဖြင့် စုစုပေါင်းရန်ပုံငွေ အမေရိကန်ဒေါ်လာ (၅၃၂) သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
လူထုဗဟိုပြုစီမံကိန်း ရည်ရွယ်ချက်များမှာ-ဆင်းရဲနွမ်းပါးသောကျေးလက်လူထုအနေဖြင့် အခြေခံလူမှု-စီးပွား အဆောက်အအုံများနှင့် ၀န်ဆောင်မှုများကို လူထုဗဟိုပြုစနစ်ကျင့်သုံး၍ ရယူသုံးစွဲနိုင်စေရန်။ ဌာနဆိုင်ရာဝန်ထမ်းများနှင့်ကျေးလက်ပြည်သူလူထု၏ စွမ်းဆောင်ရည် အရည်အသွေးများကို မြှင့်တင်ပေးရန်။ ဖြစ်ပေါ်လာနိုင်သော ဘေးအန္တရာယ်များနှင့် အရေးပေါ်အခြေအနေများတွင် ထိရောက် လျင်မြန်စွာ တုန့်ပြန်နိုင်စေရန်တို့ ဖြစ်သည်။
လူထုဗဟိုပြုစီမံကိန်းအခမ်းနားကို လွှတ်တော်ကိုယ်စားလှယ်များ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌဦးခွန်စံလွင်နှင့်အဖွဲ့ဝင်များ၊ အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ NGO၊ INGO နှင့်အရပ်ဘက်အဖွဲ့အစည်းများ ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်းစုံမှ ဒေသခံမိဘပြည်သူများ(၁၀၀၀)ကျော် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

ခွန်အောင်ထွိုက်ဗွေ

Powered by Blogger.