Tuesday, October 4, 2016

လုပ်ငန်းရှင်များအတွက် အရေးပါသည့် အခန်းကဏ္ဍ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၅) ရက်


ကံသည်အလုပ်၊ အလုပ်သည်လူသားတိုင်း ၊သတ္တ၀ါတိုင်း ငြင်းဆန်၍မရသော၊ လွန်ဆန်၍ မရနိုင်သောအရာဖြစ်သည်။ မိမိတို့၏ဘ၀အသက်ရှင်နေထိုင်နိုင်ရေးအတွက် နေ့စဉ်ရုန်းကန် လှုပ်ရှားရင်း နည်းမျိုးစုံဖြင့် ကိုယ်စီအလုပ်လုပ်နေကြရပါသည်။ မိမိတို့၏ ဘ၀၊ မိသားစု၊ အသိုင်းအ၀ိုင်း၊ ရပ်ရွာ၊ ဒေသ၊ နိုင်ငံ စသည်အတွက် ရည်ရွယ်ချက်၊ ရည်မှန်းချက်များ တိုးတက်အောင်မြင်ရန် လုပ်ငန်းအမျိုးမျိုး၊ အဖွဲ့အစည်းအမျိုးမျိုးဖြင့် ကိုယ်စီကိုယ်ငှအလုပ်လုပ်နေကြသည်။
အင်အားနည်းလျှင်နည်းသည့်အလျောက် အရင်းအနှီးများလျှင်များသည့်အလျောက် ကိုယ်ပိုင်အလုပ်၊ အစုရှယ်ယာ၊ ကုမ္ပဏီ၊ အဖွဲ့အစည်း စသည်ဖြင့် လုပ်ငန်းများတည်ထောင်ကာ လုပ်ကိုင်ကြသည်။ လုပ်ငန်းကျယ်ပြန့်မှုအပေါ်မူတည်၍ လုပ်ငန်းဆောင်ရွက်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန် လုပ်သားဟူသည့် ၀န်ထမ်းများသည် မည်သည့်လုပ်ငန်းတွင်မဆို မရှိမဖြစ်လိုအပ်သည့် လုပ်ငန်းအတွက် အရေးပါအရာရောက်သည့်ကဏ္ဍတစ်ခုဖြစ်သည်။
အချို့လုပ်ငန်းများတွင် ၀န်ထမ်းတစ်ဦးနှစ်ဦးသာခန့်အပ်ထားပြီး လုပ်ငန်းအောင်မြင်ရန် အကောင်အထည်ဖော်လုပ်ဆောင်နိုင်သော်လည်း အချို့သောလုပ်ငန်းများသည် လုပ်ငန်းများပိုမို ကျယ်ပြန့်စွာအောင်မြင်ရန် ၀န်ထမ်းများ ရာထောင်ချီခန့်အပ်ပြီး လုပ်ငန်းအကောင်အထည်ဖော် လုပ်ကိုင်ကြသည်။ ၀န်ထမ်းနည်းသည့် လုပ်ငန်းများတွင် ၀န်ထမ်းအခန်းကဏ္ဍ စီမံခန့်ခွဲရာ၌ အခက်အခဲ များစွာမရှိပါသော်လည်း ၀န်ထမ်းဦးရေများပြားလှသည့် အချို့လုပ်ငန်းများတွင် မိမိတို့၏ လုပ်ငန်းစဉ်ဆက်မပြတ်လည်ပတ်နိုင်ပြီး အကျိုးအမြတ်များ ရရှိအောင်မြင်နိုင်ရန်မှာ ၀န်ထမ်းအခန်းကဏ္ဍ စီမံခန့်ခွဲမှုသည် လုပ်ငန်းအတွက် အလွန်အရေးပါသည့် အခန်းကဏ္ဍပင်ဖြစ်သည်။
ဝန်ထမ်းအခန်းကဏ္ဍကို ကောင်းမွန်စွာစီမံခန့်ခွဲပြီး တိုးတက်အောင်မြင်သောလုပ်ငန်းများ များစွာရှိသကဲ့သို့ မိမိတို့၏လုပ်ငန်းကို စီမံခန့်ခွဲရာတွင် ၀န်ထမ်းအခန်းကဏ္ဍအား လျစ်လျူရှုမှုကြောင့် ကျရှုံးခဲ့ရသည့်လုပ်ငန်းများလည်းရှိသည်။ အဘယ်ကြောင့်ဆိုသော် မိမိတို့၏ လုပ်ငန်းများ ထုတ်လုပ်နိုင်စွမ်းသည် မိမိတို့၏ ၀န်ထမ်းများအပေါ်နှင့် မိမိတို့၏စီမံခန့်ခွဲမှုအပေါ်တွင် များစွာမူတည်သည်။ ၀န်ထမ်းအခန်းကဏ္ဍစီမံခန့်ခွဲမှုဟုဆိုရာတွင် လုပ်ငန်းနှင့် အဓိကဆက်နွယ်နေသည့် လုပ်သား(သို့မဟုတ်)၀န်ထမ်းများ၏ အရေးအရာမှန်သမျှကို စီမံခန့်ခွဲခြင်းဖြစ်သည်။
ထို့ကြောင့် မိမိတို့လုပ်ငန်းတွင် အကယ်၍ သင့်တော်သောဝန်ထမ်းများ ခန့်အပ်မှုမရှိခြင်း၊ ၀န်ထမ်းများအား အားပေးအားမြှောက်မှုမရှိခြင်း၊ လုပ်ငန်းခွင်လုံခြုံမှုမရှိခြင်း၊ ၀န်ထမ်းများ၏ အခက်အခဲများကို နားထောင်မှုမရှိခြင်း၊ အလုပ်တာဝန်အပ်နှင်းမှုမရှိခြင်း၊ အလုပ်လုပ်စဉ်အတွင်း သင်ကြားပေးမှုနှင့် နည်းပြပေးမှုမရှိခြင်း၊ ၀န်ထမ်းများဆောင်ရွက်သော အလုပ်များအပေါ် အသိအမှတ်ပြုမှုမရှိခြင်း၊ ၀န်ထမ်းများအား ခွဲခြားဆက်ဆံခြင်း (ချန်လှပ်ထားခြင်း(သို့မဟုတ်) မျက်နှာသာပေးခြင်း) ၊ အတင်းအဓမ္မအလုပ် လုပ်စေခြင်း၊ ၀န်ထမ်းများအား စိတ်ဓါတ်ကျစေရန် နှင့် အလုပ်ပြုတ်ရန် အလုပ်ရှင်မှအပြစ်ရှာခြင်း၊ လုပ်ခလစာ ပုံမှန်မပေးခြင်း၊ လုံလောက်သည့် ပမာဏ လုပ်အားခသတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိခြင်း၊ အလုပ်နားခွင့် ခံစားခွင့်အပြည့်အ၀ မပေး ခြင်း၊ ပတ်ဝန်းကျင်အား အလေးမထားခြင်း၊ အာမခံချက်မရှိခြင်း စသည့် ၀န်ထမ်းများ၏ အခန်းကဏ္ဍ အား လျစ်လျှူရှုထားလျှင် မိမိတို့လုပ်ငန်းတွင် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများကို သတိကြီးစွာဖြင့် အလေးအနက်ထားပြီး ကြိုတင်ပြင်ဆင်ထားရန် အထူးလိုအပ်လှပါသည်။
“၀န်ထမ်းများသည် လုပ်ငန်း၏ တန်ဖိုးကြီးသော ပိုင်ဆိုင်မှုဖြစ်သည်” ဆိုသည့်အတိုင်း လူသားအရင်းအမြစ်စီမံခန့်ခွဲမှု၏ အခြေခံသဘောတရားဖြစ်ပြီး မိမိတို့လုပ်ငန်းအောင်မြင် ကြီးထွားခြင်းသည် မိမိတို့နှင့်အတူ မိမိတို့အလုပ် လုပ်နေသောဝန်ထမ်းများအပေါ်တွင် အဓိက အခြေခံမူတည်ပါသောကြောင့် မိမိတို့လုပ်ငန်းတွင် ၀န်ထမ်းများ၏အခန်းကဏ္ဍအား လျစ်လျှူရှုထားခြင်း မပြုလုပ်မိရန် အထူးလိုအပ်လှပါသည်။ ထို့ကြောင့် မိမိတို့၏လုပ်ငန်းတွင် တန်ဖိုးရှိသော ပိုင်ဆိုင်မှုတစ်ခုဖြစ်သည့် ၀န်ထမ်းများအား ကောင်းမွန်စွာစီမံခန့်ခွဲပြီး လုပ်ငန်းများအောင်မြင် တိုးတက်ပါစေကြောင်း ဆန္ဒပြုအပ်ပါသည်။

ခွန်အာခမ်း
(ခမ်းစန္တာ;ဟေ.,)
Powered by Blogger.