Sunday, November 20, 2016

ပထမနေ့ ပအိုဝ်းအမျိုးသားအဆင့် နိုင်ငံရေးအကြိုညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်






၂၀၁၆၊ နိုဝင်ဘာ(၂၀)ရက်၊ နံနက်(၉း၀၀)နာရီအချိန်၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေး(ဒဲဉ်သီးဗွေ)ကွင်းရှိ ပအိုဝ်းအမျိုးသားအစည်းအဝေးခန်းမကြီးတွင် ပထမနေ့၊ ပအိုဝ်းတစ်မျိုးသားလုံးအတွက် အမျိုးသားအဆင့် နိုင်ငံရေးအကြိုညှိနှိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆိုပြီး  ကြွရောက်လာသော ဧည့်ပရိသတ်များမှ ပင့်ဖိတ်ထားသော သံဃာတော်များအား သြကာသကန်တော့ကျိုးဖြင့် ကန်တော့ပြီးနောက်  သရဏဂုဏ်သုံးပါးနှင့်တကွ ငါးပါးသီလကိုခံယူကာ စန္ဒာရာမကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တစန္ဒာဝရထံမှ သြ၀ါဒစကား နာယူခဲ့ပါသည်။
ထို့နောက် သဘာပတိအဖွဲ့များမှ နေရာယူကြပြီး သဘာပတိကြီး ပအိုဝ်းအမျိုးသားခေါင်းဆောင် အဂ္ဂမဟာ သီရိသုဓမ္မမဏိဇောတဓရ၊ ၀ဏ္ဏကျော်ထင် ဖြားတန်အောင်ခမ်းထီမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ သဘာပတိကြီးမှ အဖွင့်အမှာစကား ပြောကြားပြီးသည့်နောက် ပအိုဝ်းအမျိုးသားအဆင့် နိုင်ငံရေးအကြိုညှိနှိုင်းဆွေးနွေးပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဖြားခွန်ထွန်းရွှေမှ ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းကာ ပအိုဝ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲနှင့်ပတ်သက်ပြီး ကိစ္စရပ်များကို ဖြားတန်ခွန်ဥက္ကာ၊ ဖြားခွန်မောင်သောင်း၊ ဖြားခွန်မြင့်ထွန်းတို့မှ အကျယ်တ၀င့် ဦးဆောင်ဆွေးနွေး တင်ပြခဲ့ပါသည်။
ဆက်လက်ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) နာယက ဖြားခွန်လာမှ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ နှုင့်ပတ်သက်ပြီးနည်းလမ်းများကိုတင်ပြခြင်း။  ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ဗဟို) ဥက္ကဋ္ဌ ဖြားခွန်ဝင်းကိုမှ အမျိုးသားရေးနှင့်ပတ်သက်ပြီး အရေးကိစ္စများကိုလည်းကောင်း၊ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲနှင့် ပတ်သက်သည့် စာတမ်းများကို PNLO ဒုဥက္ကဋ္ဌ ဖြားခွန်သူရိန်မှလည်းကောင်း၊  ကရင်ပြည်နယ်၊ ပအိုဝ်း စာပေနှင့်ယဉ်ကျေးမှုအဖွဲ့  အတွင်းရေးမှူး -ဖြားခွန်မင်းအောင်မှ၎င်း တင်ပြဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် ပဲခူးတိုင်းရှိ  ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) အလှုပ်အမှုဆောင် -  ဒေါ်နန်းဝင်းကြည် နှင့် အဖွဲ့အစည်း အသီးသီးမှ တင်ပြဆွေးနွေး မေးမြန်းမှုများ ပြုလုပ်ခဲ့ကြပြီး ညနေ (၅)နာရီအချိန်တွင် ပထမနေ့ အစီအစဉ်ပြီးဆုံးကာ ဤဆွေးနွေးပွဲသို့ ပအိုဝ်းအဖွဲ့အစည်း၊ ပါတီများနှင့်  ဒေသအသီးသီးတို့မှ ကိုယ်စားလှယ် (၂၀၅)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

ခွန်ဓဇ(ဟိုနမ်း)


Powered by Blogger.