တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်
ဒီမိုကရေစီဟူသည် လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ တန်းတူခြင်းဆိုသည့် လောကပါလတရား လူ့ကျင့်ဝတ်များနှင့်အညီ နိုင်ငံတကာကမ္ဘာအရပ်ရပ်တွင် အကောင်အထည်ဖော်ကျင့်သုံးလာခဲ့ကြသော လူသားတို့၏ မူလကျင့်ဝတ်ပင်ဖြစ်သည်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးသော နိုင်ငံများကို လေ့လာသုံးသပ်မိပါက ဒီမိုကရေစီဆိုသည်မှာ အထူးအဆန်း မဟုတ်ပဲ ဗုဒ္ဓရှင်တော်ဘုရားသည် သိင်္ဂလသတိုးသားအားဟောကြားတော်မူပေးခဲ့သည့် သိင်္ဂါလောဝါဒသုတ်လာ တရားတော် အတိုင်းပင်ဖြစ်ကြောင်းကို နားလည်သဘောပေါက်လာနိုင်မည်ဖြစ်သည်။ ၎င်းသိင်္ဂါလောဝါဒသုတ်ထဲတွင် မိဘကျင့်ဝတ်များ၊ သားသ္မီးကျင့်ဝတ်များ၊ ဆရာကျင့်ဝတ်များ၊ တပည့်ကျင့်ဝတ်များ၊ မိတ်ဆွေတု၊ မိတ်ဆွေကောင်းအစရှိသည့် ကျင့်ဝတ်များသည် ဒီမိုကရေစီ စနစ်ကောင်းများပင်ဖြစ်သည်။ ထိုကျင့်ဝတ်များကို စာဖတ်သူများအနေဖြင့် အခြေခံပညာသင်ယူစဉ်တွင် သင်ယူမှတ်မိဖူးပြီးဖြစ်သည့်အတွက် မိမိအနေဖြင့် အကျယ်ချဲ့ပြီး မတင်ပြတော့ပေ။ နိုင်ငံတကာတွင် ထိုကဲ့သို့ သိင်္ဂါလောဝါဒသုတ်လာ နည်းစနစ်ကောင်းများကဲ့သို့ လူသားတို့ လိုက်နာကျင့်သုံးရမည့်ကျင့်ဝတ်များကို အကောင်အထည်ဖော် ကျင့်သုံးလာခဲ့ကြသည့်အခါ ဒီမိုကရေစီနိုင်ငံဟူ၍ဖြစ်လာသည်။ မိမိတို့မြန်မာနိုင်ငံသည်လည်း သိင်္ဂါလောဝါသုတ်လာ လူ့ကျင့်ဝတ်များကို လူတိုင်းအကောင်အထည်ဖော်လက်တွေ့ကျင့်သုံးနိုင်ပါက ဒီမိုကရေစီဟူသည် အထူးအဆန်း မဟုတ်ပဲ မိမိတို့နိုင်ငံတွင် ရှိပြီသားတရားပင်ဖြစ်ကြောင်း နားလည်သဘောပေါက်လာမည် အမှန်ပင်ဖြစ်သည်။ မိမိတို့ပအိုဝ်းလူမျိုးများ နေထိုင်ရာဒေသများသည် ရှေးယခင်နှစ်ပေါင်းများစွာ ကတည်းကပင် သိင်္ဂါလောဝါဒသုတ်လာ လူ့ကျင့်ဝတ်များနှင့်အညီ ပြုမူပြောဆို လက်တွေ့ကျင့်သုံးလာခဲ့ကြ သည်မှာ ယခုအချိန်အထိ သာဓက သက်သေပင်ဖြစ်သည်။ ယင်းသို့လူ့ကျင့်ဝတ်များနှင့် အညီကျင့်သုံးနေထိုင် သွားလာခဲ့ခြင်းကြောင့် ဒီမိုကရေစီနှင့် ပအိုဝ်းလူမျိုးများသည် မစိမ်းပဲရင့်သန်နေပြီးသားဖြစ်သည်။ ဥပမာအနေဖြင့် အနည်းငယ်တင်ပြရလျင် ပအိုဝ်းလူမျိုးများသည် စီးပွားရေးလောကတွင် ကုန်သည်ပွဲစားများအနေဖြင့် တောင်သူလယ်သ္မားများအား အရင်းအနှီးထုတ်ပေးခြင်း တောင်သူလယ်သ္မားများသည်လည်း သီးနှံပေါ်ချိန်တွင် သစ္စာရှိရှိဖြင့် မိမိတို့၏ ကုန်သည်ပွဲစားများကို ငွေပြန်ချေပေးခြင်း သီးနှံကိုပြန်သွင်းခြင်း စသည့်လုပ်ငန်းများကို နှစ်စဉ်နှင့်အမျှ လုပ်ကိုင်လာခဲ့ကြသည်။ မြို့ပေါ်တွင်နေထိုင်ကြသော ပအိုဝ်းလူမျိုးများသည် စီးပွားရေး၊ ကျန်းမာရေး ၊လူမှုရေး အစရှိသည့် အရေးအရာများကို တစ်ဦးနှင့်တစ်ဦး သနားစာနာငဲ့ညာ နားလည်ပေးသည်၊ အားပေးအားထား အပြန်အလှန် ရိုင်းပင်းကူညီကြလေသည်။ တောရွာများတွင် နေထိုင်ကြသော ပအိုဝ်းလူမျိုးများသည်လည်း အိမ်ဆောက်ရာတွင် အခကြေးမယူပဲ ဆေးလိပ်၊ဖယောင်းတိုင် တို့ဖြင့် ဖိတ်ကြားပြီး ကူဆောက်ပေးကြလေသည်။ သာရေးနာရေးကိစ္စများ ပေါ်ပေါက်လာသည့်အခါတိုင်း တရွာလုံးက မိမိကိုယ်ပိုင်လုပ်ငန်းများကို ထားခဲ့ကြပြီး ၀ိုင်းဝန်းကူညီကြလေသည်။ တောင်ယာလုပ်ငန်းများကို လုပ်ကိုင်ကြသည့်အခါ ငွေရေးကြေးရေး မပြည့်စုံသော်လည်း နေ့စားမယူပဲ အပြန်အလှန် လုပ်ငန်းများကို လိုက်ကူပြီး လုပ်ကိုင်ကြလေသည်။ သီတင်းကျွတ်လ တန်ခူးလလို အခါကြီးရက်ကြီးတို့တွင် မိမိနှင့်ဆွေမျိုး တော်စပ်ရုံ သာမကပဲ သက်ကြီးရွယ်အိုများကအစ ရွာသူကြီးတိုင်အောင် ရိုးယာဓလေ့မပျက် လိုက်လံကန်တော့ကြပြီး တစ်ရွာနှင့်တစ်ရွာ ချစ်ခင်ရင်းနှီးမှုများ ပိုမိုရရှိအောင် ရွာနီးနားချင်းရှိ ဘုန်းတော်ကြီးကျောင်းများကို သူတစ်ခါ ကိုယ်တစ်လှည့် တက်ရောက်လှူဒါန်းကြလေသည်။ ပအိုဝ်းလူမျိုးများ လိုက်နာကျင့်သုံးသည့် အထက်ပါစာရေးသူတင်ပြသည့် အကြောင်းအရာများသည် မည်သူမျှ အမိန့်အာဏာ ပေးစရာမလိုပဲ ကိုယ့်အသိနှင့်ကိုယ့် အကောင်အထည်ဖော်လုပ်ဆောင်နေကြသည်မှာ ဒီမိုကရေစီနည်းလမ်းများပင်ဖြစ်သည်။ (စာရေးသူအနေဖြင့် လေ့လာမှတ်သားခဲ့ဖူးသည်မှာ မိမိကိုယ်ကို သွန်သင်ဆုံးမခြင်း၊ နားလည်သိတတ်ခြင်း၊ ကိုယ့်ကြောင့်ပတ်ဝန်းကျင်ကို မထိခိုက်စေခြင်း၊ ပတ်ဝန်းကျင်ကောင်းများကို အားပေးချီးမြောက်ခြင်း၊ မိမိကိုယ်ကို အကျင့်စာရိတ္တ ကောင်းမွန်အောင်ကျင့်ကြံအားထုတ်ခြင်း စသည့်နည်းလမ်းကောင်းများသည် ဒီမိုကရေ၏ စံချိန်စံညွန်းသာဖြစ်သည်) ပအိုဝ်းတိုင်းရင်းသား လူမျိုးများသည်လည်း ဖော်ပြပါ ဒီမိုကရေစီ နည်းစနစ်များကို လက်တွေ့ကျကျကျင့်သုံးနေထိုင်လာခဲ့ကြခြင်းကြောင့် ပအိုဝ်းလူမျိုးများ၏ လူနေမှုဘ၀သည် ဒီမိုကရေစီစနစ်ဖြင့် တိုင်းတာလျှင် တစ်ထပ်တည်းပင်ဖြစ်ကြောင်း တင်ပြရင်း နိဂုံးချုပ်လိုက်ရပါသည်။
ခွန်အောင်ထွိုက်ဗွေ
Like On Facebook
Follow On Twitter
Subscribe On RSS