Tuesday, November 1, 2016

ပအိုဝ်းစီးပွားရေးလုပ်ငန်းရှင်များသို့ပေးစာ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၂) ရက်


ယခုဆောင်းပါးကိုရေးဖြစ်လာစေရန် အဓိကတွန်းအားပေးသော အရာများကား (၁) မိမိတို့ လူမျိုး အများအပြားရှိခြင်း (၂) မိမိတို့လူမျိုး အများစုမှ အဓိကအရင်းအမြစ်ရှိနေခြင်း (၃) မိမိတို့လူမျိုး လူကုံထံသူဌေးအများအပြားရှိနေခြင်း စသည်တို့ဖြစ်သည်။ မိမိသည် အောင်မြင်သောစီးပွားရေး လုပ်ငန်းရှင်မဟုတ်သကဲ့သို့ ဤသို့ရေးသားရာတွင်လည်း မည်သည့်လူပုဂ္ဂိုလ်အဖွဲ့အစည်းကိုမှ ရည်ရွယ်၍ ရေးသားခြင်းမဟုတ်ဘဲ မိမိတစ်ဦး၏အမြင်သာဖြစ်ကြောင်း  ဦးစွာပဏာမ ဖော်ပြလိုပါသည်။
ပထမအချက်အနေဖြင့်“မိမိတို့လူမျိုးအများအပြားရှိခြင်း” ကို သက်သေပြရလျှင် တောင်ကြီးမြို့ ကို စတင်တည်ထောင်ရာတွင် နယ်ချဲ့အင်္ဂလိပ်တို့က ၎င်းတို့ရုံးစိုက်ရာ ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ကျေးရွာ၏ ရာသီဥတုဒဏ်ပူပြင်းမှုကြောင့် အခြားအေးမြသော ရာသီဥတုရှိရာနေရာ ဒေသကိုလိုက်ရှာရင်းနောက်ဆုံးတွင် မိုင်းသောက်၏ အရှေ့မြောက်ဘက် တောင်ပေါ်ကျေးရွာ ဖြစ်သော  ပအိုဝ်းလူမျိုးကျေးရွာ ဒုံတောင်းတီမှ စတင်တည်ထောင်လာကြသည်ကို စာဖတ်သူများ အနေဖြင့် “တောင်ကြီးမြို့စတင်တည်ထောင်ခြင်းသမိုင်း” ကိုလေ့လာပါက သိရှိပြီးသား ဖြစ်ပါလိမ့်မည်။ ထိုသမိုင်း အစဉ်အလာများကိုအရင်းခံ၍ ယနေ့တိုင်တောင်ကြီးမြို့၏ အရှေ့ဖက်၊ အနောက်ဖက်၊ တောင်ဖက်နှင့် မြောက်ဖက်တွင် ပအိုဝ်းလူမျိုးကျေးရွာများဖြင့် ပတ်ပတ်လည်ဝိုင်းရံထားသည်မှာ သက်သေသာဓကများပင်ဖြစ်သည်။  ထို့အပြင် မကြာသေးမီကာလ ယခုအစိုးရသစ်လက်ထက်တွင် တောင်ကြီးမြို့၏ မြို့အ၀င်ဆိုင်းဘုတ်တွင် ရေးထိုးထားသည့်ဘာသာစကားကိစ္စနှင့် ပတ်သက်၍ တောင်ကြီးမြို့ပေါ်ရှိ ပအိုဝ်းလူမျိုးများ၏ ၀ိုင်းဝန်းကန့်ကွက်မှုများကြောင့် အစိုးရကပင် ပြန်လည် ပြင်ဆင်ရေးပေးခဲ့ရပါသည်။ ၎င်းကို ကြည့်ခြင်းအားဖြင့် မိမိတို့ပအိုဝ်းလူမျိုးများ၏ ယနေ့တိုင် တောင်ကြီးမြို့ပေါ်တွင် အများအပြားရှိနေဆဲပင်ဖြစ်သည်ကို လေ့လာသိရှိရပါမည်ဖြစ်ပါသည်။
ဒုတိယအချက်အနေဖြင့် “မိမိတို့လူမျိုးအများစုမှအဓိကအရင်းအမြစ်ရှိနေခြင်း” ဟူသော ခေါင်းစဉ်အောက်တွင် တောင်ကြီးမြို့ပေါ်တွင်သာမက တောင်ကြီးမြို့အပြင်အခြားအခြားသော မြို့ကြီးများတွင် စားသုံးနေသော စားသောက်ကုန်ဟင်းသီးဟင်းရွက်အများစု၏ အဓိကစိုက်ပျိုး ထုတ်လုပ်သူအများစုမှာ မိမိတို့ပအိုဝ်းလူမျိုးများပင်ဖြစ်သည်။ ထို့အပြင်မြို့ပေါ်ရှိ ငါးရက်တစ်ဈေးတွင် လည်း အဓိကရောင်းချနေသူများမှာလည်း မိမိတို့ပအိုဝ်းလူမျိုးအများစုပင်ဖြစ်နေသည်ကို မြေကြီး လက်ခပ်မလွှဲပင်ဖြစ်သည်။ တစ်ချို့စီးပွားရေးအမြင်ရှိသော အခြားတိုင်းရင်းသားလူမျိုးများ သည် မိမိတို့ပအိုဝ်းလူမျိုးများ၏ခြံများမှ လတ်လတ်ဆတ်ဆတ်ထွက်ရှိလာသော ဟင်းသီးဟင်းရွက်များမှ တစ်ဆင့်ပြန်ဝယ်ယူကာ Super Market များ၊ အခြားသောမြို့ကြီးများသို့ ပြန်လည် ဖြန့်ဖြူး ရောင်းချကာ ချမ်းသာသွားသောသူများလည်း လက်ချိုးရေ၍မရလောက်ပင် များပြားလှပါပေ၏။ ထိုသူတို့လူကုံထံချမ်းသာသူဌေးဖြစ်သွားရခြင်း၏ အဓိကအကြောင်းရင်းမှာ စီးပွားရေးအမြင်မရှိသော မိမိတို့လူမျိုးအပေါ်တွင် ဟင်းသီးဟင်းရွက်ဈေးနှုန်းများကို ဈေးနိမ်ကာ အမြတ်ထုတ်နေကြခြင်းကြောင့်ပင်ဖြစ်သည်။ ၎င်းကိုကြည့်ခြင်းအားဖြင့် မိမိတို့ပအိုဝ်းလူမျိုးများက “နှဖူးပေါ်ကချွေး ခြေဖမိုးရောက်သည်အထိ” နေ့စဉ်ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်နေပါလျှက် အဘယ်ကြောင့် မချမ်းသာလာကြသည်ကို မိမိစဉ်းစား၍ပင်မရဖြစ်မိပါသည်။ မိမိသိသလောက် တင်ပြရလျှင် (၁) စီးပွားရေးအမြင်မရှိခြင်း (၂) ခေါင်းပူသည့်ဒဏ်မခံနိုင်ဘဲ ကျောပူသည့် ဒဏ်သာခံနိုင်ခြင်း (၃) မိမိတွင်ရှိသည့်အရင်းအနှီးဖြင့်စွန့်စားလိုမှုမရှိခြင်း၊ မစွန့်စားရဲကြခြင်း (၄) ပိုက်ဆံချမ်းသာသောသူများ သည်လည်း လူမျိုးအချင်းချင်းပြန်လည်ပံ့ပိုးပေးမှုမရှိခြင်း (၅) မိမိတို့ခြံမှထွက်ရှိလာသော ဟင်းသီး ဟင်းရွက်များကို ဈေးနှုန်းမှန်ကန်စွာဝယ်ယူပေးသည့်အ၀ယ်ဒိုင်မရှိခြင်း နှင့် (၆) မိမိတို့လူမျိုးသည် ပေါက်ပြားတစ်လက်နှင့်မြေတစ်ကွက်ရှိလျှင် လုပ်ကိုင်စားသောက်နိုင်ပါသည်ဟူသည့် ရောင့်ရဲ တတ်သော၊  မြေကြီးကို ဖက်တွယ်လိုသောစိတ်များကိုမပယ်ဖျောက်နိုင်ခြင်း များပင်ဖြစ်ပါလိမ့်မည်။ ထို့ကြောင့် ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်ပြီး တစ်နေ့လုပ်တစ်နေ့စားဘ၀ဖြင့် အသက်သေဆုံးသည်အထိ တစ်သက်လုံးနေသွားကြမည်ဟု ဆုံးဖြတ်ထားကြသလော၊ ရှိသည့်အရာများဖြင့်  ရောင့်ရဲကာ နေသွားတော့မည်လောဟု မြို့ပေါ်(သို့) မြို့နှင့်နီးသော ပအိုဝ်းလူမျိုးများကို မေးမြန်းလိုပါသည်။ သို့သော် ထိုသို့စဉ်းစားလိုက်တိုင်း လော-------လော ဟူသောမေးခွန်းများဖြင့် မိမိ၏ ရင်ကိုပြည့်ကျပ်နေရသည်က အခါခါပင်။
တတိယအချက်အနေဖြင့် “မိမိတို့လူမျိုး လူကုံထံသူဌေးအများအပြားရှိနေခြင်း” ဟူသော ခေါင်းစဉ်အောက်တွင် တောင်ကြီးမြို့ပေါ်၊ မြို့နှင့်နီးသောဒေသများတွင် မိမိတို့ပအိုဝ်းလူမျိုး အများအပြားရှိနေသကဲ့သို့ ၄င်းတို့ကိုမှီခိုကာ လုပ်ကိုင်စားသောက်နေရသော ပအိုဝ်းလူမျိုး လုပ်ငန်းရှင် များလည်းအများအပြားရှိနေပါသည်။ ဥပမာ- သနပ်ဖက်ပွဲစားများ၊ ကြက်သွန်ဖြူပွဲစားများ၊ ကုန်စိမ်း ပွဲစားများ၊ အိမ်ခြံမြေပွဲစားများ၊ ကားပွဲစားများ၊ ပန်းတိမ်လုပ်ငန်းရှင်များ၊ အထည်အလိပ် လုပ်ငန်းရှင်များ စသည်စသည်တို့ဖြင့် လုပ်ငန်းရှင် အများအပြားရှိနေသည်ကိုလေ့လာတွေ့ရှိရပါသည်။ ထို့အပြင် မိမိလက်လှမ်းမမှီသည့် အခြားအခြားသော လုပ်ငန်းရှင်များလည်း အများအပြားရှိနေပါသေး သည်။ သို့သော် ၎င်းလုပ်ငန်းရှင်များလုပ်ကိုင်နေသော လုပ်ငန်းများကို အဓိကလည်ပတ်ပေးနေသူမှာ တောတောင်အရပ်တွင်နေထိုင်ကာ သမ္မာအာဇီဝကျကျ လုပ်ကိုင်စားသောက်နေကြသော ပအိုဝ်းလူမျိုး များပင်ဖြစ်သည်။ ဥပမာ - ချမ်းသာလှပါသည်ဟူသော သနပ်ဖက်ပွဲစားများ၏ သနပ်ဖက် အရောင်းအ၀ယ်လုပ်ငန်းများကို အချိန်ပြည့်လည်ပတ်နိုင်စေရန် မိမိတို့တောသူတောင်သား များကပင် အဓိကပံပိုးပေးနေကြသည်ကိုလည်း စာဖတ်သူတို့အသိပင်။ တောသူတောင်သားများမှ စိုက်ပျိုး လုပ်ကိုင်နေသော သနပ်ဖက်များကို ၎င်းတို့ပွဲရုံများသို့ တင်ပို့ရောင်းချမှုမပြုလျှင်၊ စိုက်ပျိုးမှု လျော့နည်းလာလျှင် ၄င်းသနပ်ဖက်ပွဲစားသည်လည်း “ခြုံကြားမှဘုံဖျားသို့” ဟူသောစကားပုံ၏ ဆန့်ကျင်ဖက် “ဘုံဖျားမှခြုံကြားသို့” စကားပုံအတိုင်းဖြစ်လာမည်ဖြစ်ပြီး လုပ်ငန်းပုံမှန် လည်ပတ်ရန်ပင်မလွယ်ကူပေ။ ဆိုလိုသည်မှာ လုပ်ငန်းရှင်များသည်လည်း ပွဲရုံအလုပ်များသာမက အခြားသော စီးပွားရေးလုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်စေလိုခြင်းဖြစ်သည်။ ထို့အပြင် ပွဲစားများသည်လည်း တစ်နေ့တစ်နေ့ကားများဖြင့် တောင်ကြီးမြို့၏ အရှေ့ဖက်၊ အနောက်ဖက်၊ တောင်ဖက်နှင့် မြောက်ဖက်မှတင်ပို့လာသော သနပ်ဖက်ကားများသည်လည်း မိမိတို့၏ထမင်းအိုး များပင်ဖြစ်သည်ဟု မှတ်ယူသင့်ပေသည်။ ကိုယ့်လူမျိုးအချင်းချင်းမှ ဈေးနိမ်ခြင်း၊ ရိုင်းပြစွာဆက်ဆံခြင်း စသောအပြုအမူများမပြုလုပ်သင့်ပေ။ မိမိတို့သည် ပအိုဝ်းလူမျိုးအချင်းချင်းဖြစ်နေခြင်း၊ အပြန်အလှန် မှီခိုနေရခြင်း ဟူသောအရာများကို မိမိတို့နှလုံးသားထဲတွင် မှတ်ယူထားသင့်သည်။ ထို့အပြင် ကြက်သွန်ဖြူပွဲစားများ၊ အိမ်ခြံမြေ ပွဲစားများသည်လည်း ယခုလိုပင်ဖြစ်သည်။ မိမိတို့ပအိုဝ်း တောင်သူများကသာ သနပ်ဖက်နှင့် ကြက်သွန်များ ဈေးနိမ်ခံရ၍ ထပ်မံစိုက်ပျိုးခြင်းမပြုလျှင် မိမိတို့ထမင်းအိုးကွဲသွားတတ်သည်ကိုလည်း နှလုံးမူသင့်သကဲ့သို့ မြေပွဲစားများသည်လည်း ရောင်းရန် မြေမရှိတော့လျှင် မိမိတို့စီးပွားရေးမည်သို့ ဖြစ်လာမည်ကို ကြိုတင်ချင့်ချိန်တွက်ဆစေလိုပါသည်။
ထို့နောက် အောင်မြင်နေပြီဖြစ်သော စီးပွားရေးလုပ်ငန်းရှင်များသည်လည်း မိမိတို့၏ လုပ်ငန်းများ ဆထက်ထမ်းပိုး ပိုမိုအောင်မြင်လာအောင်နည်းလမ်းများ၊ နည်းပညာများကိုလည်း ဆက်လက်လေ့လာဆည်းပူးသင့်သည်။ မိမိတို့ပိုမိုအောင်မြင်လာလျှင် မိမိတို့လူမျိုးများပိုင် အမျိုးသား ကျောင်းများ၊ ကိုယ်ပိုင်တက္ကသိုလ်များနှင့် အခြားအခြားဝေးလံခေါင်ပါးသော ပအိုဝ်းဒေသ များသို့ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေးများကောင်းမွန် လာအောင် ဆက်လက်လှူဒါန်း အကောင်ထည်ဖော်စေလိုပါသည်။  ဆက်လက်ပြီး အခြားနည်းတူ စီးပွားရေးလုပ်ငန်းများတွင် စာတွေ့လက်တွေ့ရှိပြီး အရင်းနှီးမတတ်နိုင်သော အခြားမိမိတို့ပအိုဝ်းလူမျိုး စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ပေါ်ထွက်လာအောင်လည်း အောင်မြင်နှင့်ပြီးသော စီးပွားရေးလုပ်ငန်းရှင် များ အနေဖြင့် ဆက်လက်ဝိုင်းဝန်းပံ့ပိုးစေလိုပါသည်။ ထို့အပြင် ယနေ့တောင်ကြီးမြို့ပေါ်တွင် အောင်မြင်နေသော စီးပွားရေးလုပ်ငန်းရှင်များသည် ကမ္ဘာကျော် နေကာမျက်မှန်တပ်ကာ ဇိမ်ခံကားဖြင့် တစ်နေ့စတိုင်တစ်မျိုးမရိုးနိုင်အောင်လည့်ပတ်ကာ ၀တ်စားနေထိုင်စားသောက် နေကြသော ပအိုဝ်းလူမျိုးအများအပြားရှိကြသည်။ သို့သော် ၎င်းပုဂ္ဂိုလ်များ၏ နောက်ကြောင်း ရာဇ၀င်ကိုပြန်လှန်ကြည့်သောအခါ သနပ်ဖက်ပွဲစားများ၊ ကြက်သွန်ဖြူပွဲစားများ၊ ကုန်စိမ်းပွဲစားများ၊ အိမ်ခြံမြေပွဲစားများ၊ ကားပွဲစားများ၊ ပန်းတိမ်လုပ်ငန်းရှင်များ၊ အထည်အလိပ် လုပ်ငန်းရှင်များကလွဲ၍ အခြားသောစီးပွားရေး လုပ်ငန်းရှင်များက လက်ချိုးရေတွက်၍ရလောက်အောင်ပင် နည်းပါးနေသေး သည်ကိုလေ့လာတွေ့ရှိရပါသည်။ ၎င်းလုပ်ငန်းရှင်များသည်လည်း  ခေတ်ရေစီးကြောင်းအရ ခေတ်မီ အစားအသောက်၊ အ၀တ်အစားပိုင်းတွင်လည်း မစားရမနေနိုင်၊ မ၀တ်ရမနေနိုင်အောင်ပင် ဖြစ်လာကြသော်လည်း ၎င်းတို့စားသောက်နေသော အစားအစာများ၊ ၀တ်ဆင်နေသော အ၀တ်အစား များကို ရောင်းချပေးနေသော ဆိုင်ရှင်များသည်လည်း ပအိုဝ်းလူမျိုးပိုင်ဆိုင်များ မရှိသလောက်ပင်။   ၎င်းအပြင် တောင်ကြီးမြို့၏ အထင်ကရနေရာများဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အနောက်မြို့ပတ်လမ်း၊ အရှေ့မြို့ပတ်လမ်း တစ်လျှောက်တွင် မိမိတောင်ကြီးမြို့တွင်နေထိုင်လာသည့် ကာလပတ်လုံး မိမိတို့လူမျိုးပိုင်ဆိုင်သော စတိုးဆိုင်များ၊ Super Market များ၊ Hotel များ၊  စားသောက်ဆိုင်များ၊ အ၀တ်အထည်ဆိုင်များနှင့် အခြားအခြားသော လူသုံးကုန်ပစ္စည်းဆိုင်များက မရှိသလောက်ပင်။ ထို့အပြင် တောင်ကြီးမြို့၏ကျက်သရေဆောင် “စူဠာမုနိလောက ချမ်းသာစေတီ တော်မြတ်ကြီး”၏ ပတ်ပတ်လည်တွင် ဖွင့်လှစ် နေသောဆိုင်ခန်းများသည်လည်း မိမိတို့ပအိုဝ်းလူမျိုး ပိုင်ဆိုင်ကာဖွင့်လှစ်ထားသော ပအိုဝ်းရိုးရာအ၀တ်အစားဆိုင်များ၊ အမှတ်တရပစ္စည်းဆိုင်များ၊ ပအိုဝ်းရိုးရာအစားအသောက်ဆိုင်များကိုလည်း မိမိတစ်သက်မျှတစ်ခါမမြင်ဖူးပေ။ ဤနေရာတွင် မိမိပြောကြားလိုသည်မှာ တောင်ကြီးမြို့သည် မိမိတို့ပအိုဝ်းလူမျိုးများအတွက် ဘူမိနက်သန်မြေ ဖြစ်သည်နှင့်အညီ မိမိတို့လူမျိုးလုပ်ငန်းရှင်များဖြင့် ပြည့်ကျပ်နေသင့်သည်။ “လူများပွဲမစည်” ဟူသောစကားပုံအတိုင်း တောင်ကြီးမြို့တွင် ပအိုဝ်းလူမျိုးအများစုနေထိုင်ကြသော်လည်း  တောင်ကြီးမြို့၏ စီးပွားရေး လုပ်ငန်းအများစုကို မိမိတို့ ပအိုဝ်းလူမျိုးအားလုံးနီးပါးပိုင်ဆိုင်ထားသည် မဆိုထားနှင့် ရာခိုင်နှုန်းတစ်ဝက်သာပိုင်ဆိုင်လျှင်ပင် စာရေးသူအနေဖြင့် ၀မ်းသာလို့ မဆုံးပင်ဖြစ်ပါလိမ့်မည်။ သို့သော် ၎င်းတို့ကိုယနေ့တိုင် ရှာမတွေ့သေးပေ။ “ရှိတော့ရှိသည် သို့သော်ရှားသည်” ဟူသော စကားအတိုင်းပင် ဖြစ်ပါလိမ့်သည်။
နိဂုံးချုပ်အနေဖြင့် သနပ်ဖက်ပွဲစားများ၊ ကြက်သွန်ဖြူပွဲစားများ၊ ကုန်စိမ်းပွဲစားများ၊ အိမ်ခြံမြေပွဲစားများ၊ ကားပွဲစားများ၊ ပန်းတိမ်လုပ်ငန်းရှင်များ၊ အထည်လုပ်ငန်းရှင်များစသည်တို့ဖြင့် မရောင့်ရဲမတင်းတိမ်ဘဲ အခြားအခြားသော ကုမ္ပဏီလုပ်ငန်းများကို ထပ်မံတိုးချဲ့ဖွင့်လှစ်စေလိုပါ၏။ ရဲရဲဝံ့ဝံ့ဖြင့် စွန့်စားစေလိုပါ၏။ ဥပမာ - စတိုးဆိုင်များ၊ Super Market များ၊ Hotel များ၊ စားသောက်ဆိုင်များ၊ အ၀တ်အထည်ဆိုင်များနှင့် အခြားအခြားသော လူသုံးကုန်ပစ္စည်းဆိုင်များကို များများဖွင့်လှစ်စေလိုပါ၏။ အခြားတိုင်းရင်းသားလူမျိုးစီးပွားရေးလုပ်ငန်းရှင်များကို အတုယူစေလိုပါ၏။ ဖွင့်လှစ်နိုင်သည့် အရင်းအနှီးများရှိမည်ဟု မိမိယုံကြည်ပါ၏။ ထိုသို့ ရင်းနှီးမြုပ်နှံခြင်းအားဖြင့် မိမိတို့လုပ်ငန်းများ ပိုမိုအောင်မြင်လာသည် သာမက မိမိတို့်ပအိုဝ်းလူငယ်များ၏ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာမည်ဖြစ်သည်။  ထိုအခါတွင် မိမိသည်လည်း မိမိတို့မိသားစု၊ ဆွေစဉ် မျိုးဆက်များချမ်းသာသည်အထိသာ မရည်ရွယ်ဘဲ အခြားသော စီးပွားရေးလုပ်ငန်းလုပ်ကိုင် လိုသော်လည်း အရင်းနှီးမတတ်နိုင်သော ပအိုဝ်းလူမျိုးစွန့်ဦးတီထွင် လုပ်ငန်းရှင်များကိုလည်း အရင်းနှီးများပံ့ပိုးခြင်းများလည်း ပြုလုပ်ပေးသင့်သည်။  မိမိတို့ ပိုမိုအောင်မြင်လာလျှင် မိမိတို့လူမျိုးများ ပိုင်အမျိုးသားကျောင်းများ၊ ကိုယ်ပိုင်တက္ကသိုလ်များ၊ အခြားအခြားဝေးလံခေါင်ပါးသော ပအိုဝ်းဒေသ များသို့ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေးများ ကောင်းမွန်လာအောင် ဆက်လက်လှူဒါန်းခြင်းနှင့် ပရဟိတကျောင်းများတွင် ခက်ခက်ခဲခဲနှင့် စာသင်ကြားနေရသော အနာဂါတ်မျိုးဆက်သစ်လူငယ်များအတွက်  ငွေကြေးများထောက်ပံ့လှူဒါန်း ခြင်းများပြုလုပ်ပြီး ပအိုဝ်းလူမျိုးများ၏အနာဂါတ်အတွက် ထည့်သွင်းစဉ်းစားသာမက အလှူအတန်း ရက်ရောသော အနာထပိဏ်သူဌေးကြီးလိုလူမျိုးဖြစ်ကာ ပအိုဝ်းလူမျိုးတို့၏ သမိုင်းစာမျက်နှာ တွင်လည်း ထင်ကျန်လိမ့်မည်မှာ မုချဧကန်မလွှဲပေ။ ထိုသို့ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ခြင်းဖြင့် မိမိတို့်လူမျိုးများ၏အနာဂါတ်သည် ဆူးခင်းသောလမ်းများကိုကျော်လွန်ကာ ပန်းခင်းသောလမ်းများဖြင့် မိမိတို့်လူမျိုးများ မျှော်ကိုးနေသော အနာဂါတ်ပန်းတိုင်သစ်ကို အမြန်ရောက်ရှိလာမည်မှာ မလွှဲဧကန်ပင်ဖြစ်ကြောင်း စာရေးသူအနေဖြင့် လေ့လာသုံးသပ်မိပါသည်။
ထို့ကြောင့် ယခုလက်ရှိအောင်မြင်နေသော ပအိုဝ်းစီးပွားရေးလုပ်ငန်းရှင်များကို ယခုထက်ပို၍ စီးပွားရေးလုပ်ငန်းများထပ်မံတိုးချဲ့ကြပါ။ စီးပွားရေးလုပ်ကိုင်လိုသော်လည်း အရင်းအနှီး မရှိသော ပအိုဝ်းလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များကိုလည်း အရင်းအနှီးများထောက်ပံ့ပေးကြပါ။ အောင်မြင်ပြီး သည့်တစ်ကာလတွင် စီးပွားရေးချို့တဲ့၍ မိဘမဲ့ဂေဟာ၊ ပရဟိတကျောင်းများတွင် ခက်ခဲပင်ပန်းစွာ ပညာသင်ကြားနေရသော ပအိုဝ်းမျိုးဆက်သစ်လူငယ်များအတွက်လည်း ကူညီထောက်ပံ့ပေးကြပါဟု ပအိုဝ်းစီးပွားရေးလုပ်ငန်းရှင်များကို ဤဆောင်းပါးဖြင့် တိုက်တွန်းလိုက်ရပါသည်။

ခွန်ယွေးယဲင်
ခမ်းစန္တာ;ဟေ့,
Powered by Blogger.