Tuesday, November 8, 2016

အနာဂါတ်မျိုးဆက်သစ်များ ပညာရေးနှင့် စိန်ခေါ်မှုများ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်


လူသားတို့သည် မွေးဖွားလာပြီးနောက် မိမိတို့၏ဘဝအနာဂါတ်လှပစွာ ဖန်တီးအသက်ရှင်နေထိုင်နိုင်ရန် ငယ်စဉ်ကလေးဘဝကတည်းက အသိပညာအတတ်ပညာမျိုးစုံကို ဆည်းပူးလေ့လာကြရပါသည်။ နိုင်ငံတစ်နိုင်ငံခေတ်မီဖွံ့ဖြိုးတိုးတက်ရန် ထိုနိုင်ငံ၏ လူသားအရင်းအမြစ်ဟုဆိုသည့် ပညာရေးအခန်း ကဏ္ဍသည် အဓိကအရေးပါသည့် ကဏ္ဍတစ်ခုအပါအဝင်ဖြစ်သည်။ အဆင့်မြင့်ပညာရေးစနစ် ဖြစ်လာရန် တာဝန်ရှိပုဂ္ဂိုလ်များက အရှိန်အဟုန်မြှင့်တင်ကြိုးစားဆောင်ရွက်လာကြသကဲ့သို့ တစ်ဖက်တွင် ဖွံ့ဖြိုးပြီးနိုင်ငံ များ၏ ပညာရေးနှင့်နည်းပညာများ၏ စိန်ခေါ်မှုများစွာ ရင်ဆိုင်ကြုံတွေ့နေကြရပါသည်။ ပညာရေးကို လေ့လာဆည်းပူးလိုက်စားပြီး ပညာရှင်တစ်ဦးဖြစ်လာမည့် မျိုးဆက်သစ်ကလေးငယ်များနှင့် မိမိတို့၏ သား/သမီးကလေးငယ်များ ပညာတတ်ပုဂ္ဂိုလ်ဖြစ်လာရန်လိုလားသည့် မိဘများကလည်း ပညာရေးနှင့် နည်းပညာများ၏ စိန်ခေါ်မှုများစွာကို ရင်ဆိုင်ကြရပါသည်။

ယနေ့ခေတ် မူလတန်းအဆင့် ပညာရေးကို သင်ယူနေသော (၁၀)နှစ်အရွယ်ကလေးငယ်များ ရင်ဆိုင်ကြုံတွေ့နေရသော စိန်ခေါ်မှုများစွာထဲမှ Game ဆိုင်များသည် တစ်ခုအပါအဝင်ဖြစ်သည်။ မိဘထံမှ မုန့်ဖိုးမရပဲ စာသင်ကျောင်းသို့သွားသည့် ကလေးငယ်များယနေ့ခေတ်တွင် နည်းပါးလှပါသည်။ မိဘကပေးသည့် ငွေကြေးအနည်းငယ်ကို မုန့်မဝယ်စားပဲ Game ဆိုင်သို့သွားပြီး Game ကစားသည့် ကလေးငယ်များသည် ရေတွက်၍မရနိုင်အောင်ပင် များပြားလှပါသည်။ ပညာရှင်များ၏ အဆိုအရ အရွယ်မရောက်သေးသည့် ကလေးငယ်များ Game ကို အလွန်အကျွံကစားခြင်းသည် သူတို့၏ဥာဏ်ရည်ကို ထိုင်းမိုင်းစေသည်ဆိုသော် အနာဂါတ်မျိုးဆက်သစ်ဖြစ်သည့် ကလေးငယ်များ၏ ရှေ့ရေးသည် ရင်လေးစရာ ပင်ဖြစ်သည်။ တစ်ဖက်တွင် ယနေ့ခေတ်သည် ပညာရေးကို အဆင့်မြှင့်တင်နေသည့် ကာလဖြစ်သည်နှင့် အညီ ဘာသာရပ်ပေါင်းမြောက်များစွာ ကလေးငယ်များ သင်ယူနေရသကဲ့သို့ ပညာရေးဆရာ/ဆရာမ များကလည်း စာသင်ကျောင်းနှင့် ပရဟိတပညာရေးကျောင်းများတွင် သင်ကြားပို့ချပေးသည့်အပြင် အခကြေးငွေယူကာ စာကျက်ဝိုင်း၊ ကျူရှင်များဖွင့်လှစ်ကာ သင်ကြားပေးနေကြပါသည်။ (၇)နှစ်အရွယ် ကျောင်းသား/သူ ကလေးငယ်များသည် ဘာသာရပ်ပေါင်းစုံစာအုပ်များ ထည့်ထားသည့်လွယ်အိတ် (သို့မဟုတ်)ကြောပိုးအိတ်ကို လွယ်ကာ မနက် (၅း၃၀- ၆း၀၀ နာရီ) အချိန်တွင် အိပ်ယာထမျက်နှာသစ်ကာ စာကျက်ဝိုင်း(သို့မဟုတ်) ကျူရှင်သို့သွားရသည်။ စာကျက်ဝိုင်း(သို့မဟုတ်)ကျူရှင်ကပြန်လာကာ မနက်စာ စားပြီး လွယ်အိတ်(သို့မဟုတ်)ကြောပိုးအိတ် ကို လွယ်ကာ စာသင်ကျောင်းသို့ သွားရပြန်သည်။ စာသင်ကျောင်း စာသင်ချိန်ပြင်ပနှင့် စာသင်ကျောင်း ပိတ်ရက်များတွင် စာကျက်ဝိုင်း(သို့မဟုတ်)ကျူရှင်သို့ သွားပြန်သည်။

ထိုသို့ဆိုသော် အရွယ်နှင့်မလိုက်အောင် မနိုင်သည့်ဝန်ကို ထမ်းပြီးပညာရေးကို သင်ယူနေသော ကလေးငယ်များသည် တက္ကသိုလ်ဝင်တန်းသို့ရောက်ရှိလာသောအခါ အဘယ့်ကြောင့် နိုင်ငံအတွင်းရှိ မြို့နယ်တိုင်း၊ စာစစ်ဌာနတိုင်းလိုလို တက္ကသိုလ်ဝင်တန်းအောင်ချက် နည်းနေရပါသနည်း။ မိဘများ လမ်းညွန်ပေးနိုင်မှု ညံ့ဖျင်း၍လော၊ ဆရာ/ဆရာမ များသင်ကြားပို့ချပေးမှု အားနည်း၍လော၊ ပညာရေးစနစ် အပြောင်းအလဲကြောင့်လော၊ သို့မဟုတ် 2 GB သာရှိသော Memory ထဲကို 4 GB ရှိသော အရာများကို ထည့်သွင်းစေခြင်းလော။ ထို သို့လောများစွာထဲမှ ပညာသင်ယူနေရမည့်အရွယ် ကလေးငယ်များ Game ဆိုင်သို့သွားပြီး Game ကစားစေခြင်းကြောင့်လောစသည်တို့ကို တာဝန်ရှိပုဂ္ဂိုလ်များနှင့် မိဘများ အဓိက စဉ်းစားအဖြေရှာရမည့်  စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။ ထို့အပြင် ယနေ့ခေတ်သည် နည်းပညာတိုးတက်ခေတ်မီ လာသည့်အလျှောက် လူ့အသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်သည့် Mobile ဖုန်းများသည် သင့်တင့်သောဈေး နှုန်းဖြင့် အမျိုးအစားပေါင်းစုံပေါ်ထွက်လာပြီး လူငယ်လူလတ်ပိုင်းတွင် အသုံးပြုမှုများပြားလာသည်သာမက အချို့သောမိဘများသည် မိမိတို့၏ ကလေးငယ်များအား Mobile ဖုန်းများပေးကာ Game များကစားစေမှု ရှိပါသည်။ ထို့အပြင် အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်ကျောင်းများတွင် ပညာသင်ယူနေသော ယနေ့ခေတ်လူငယ်များသည် Mobile ဖုန်းများကို အသုံးမပြုသည့် ကျောင်းသား/ကျောင်းသူများ မရှိသလောက်နည်းပါးလှသည်။ စာသင်ခန်းအတွင်းသို့ Mobile ဖုန်းများယူဆောင်လာကာ Game ကစားခြင်း၊ အင်တာနက်အွန်လိုင်းစနစ်ဖြင့် Vedios ကြည့်ခြင်း၊ Musics နားထောင်ခြင်း၊ Friends ဖွဲ့၍စကားပြောကြခြင်း စသည်တို့ဖြင့်စာသင်ချိန်သင်ကြားပို့ချမှုတို့ကို အာရုံမရောက်ပဲ Mobile ဖုန်းအပေါ်၌သာ စိတ်နှစ်နေကြသည်။ အတန်းတင်စာမေးပွဲကို အခါခါကျရှုံးတော့ ကံမကောင်းဘူး ဟူ၍သာ ကံကိုရိုးမယ်ဖွဲ့ကြသည်။ ကံဆိုသည်မှာအလုပ် အလုပ်ဆိုသည်မှာ ကိုယ်လုပ်မှကိုယ်အောင်မြင်မှုရရှိသည် ဆိုသည်ကို လူတိုင်းနားလည်သဘောပေါက်ရန်လိုအပ်သည်။ အချို့သောလူငယ်များသည် အဆင့်မြင့်သည့်စာသင်ကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘော်ဒါဆောင် များသို့ ကျောင်းမထားပေးခြင်းနှင့် ထောက်ပံ့ပေးမှုအပြည့်အဝမပေးခြင်း စသည်ဖြင့် မိဘများအား ပြန်လည် အပြစ်တင်ကြသည်များလည်း များစွာရှိပါသည်။ ယနေ့ခေတ် ပညာရေးလောကတွင် အမှန်တကယ် ဖြစ်ပျက်နေသည်မှာ မိဘများ၏ ချွေးနည်းစာကို ခြေဆေးနေသော ကျောင်းသား/ကျောင်းသူ လူငယ်များ အထက်တန်းနှင့် တက္ကသိုလ်စာသင်ကျောင်းများတွင် များစွာရှိနေပါသည်။ မိဘပေးလိုက်သည့် ပညာရေး စရိတ်များကို အလှအပ အသုံးအဆောင်များ၊ ယစ်မူးစေသော အစားအသောက်များ စသည့်နေရာများ တွင် အလွဲသုံးစားအသုံးပြုကြသည်။ စာမေးပွဲ မဖြေခင်၌ပင် ပိုက်ဆံငွေကြေးပြတ်သည့်အတွက် မိဘထံ ပြန်တောင်းကြရသည်။ မိဘများ ကုန်းရုန်းရှာကြံကာ ထည့်ပေးသည့်ငွေကြေးကို အသုံးပြုကြပြီး စိတ်ကိုအလိုလိုက်၍ မိဘများ၏ ကွယ်ရာတွင် ဖြစ်ပျက်ချင်တိုင်းဖြစ်ပျက်နေကြသည်။ မိဘများက ငွေကုန်ကြေးကျခံပြီး ပညာရှာစေကာမှ ပညာမရပါပဲ ကြင်ယာရသည့် ယနေ့ခေတ်လူငယ်များသည် တိုးတက်လာသည့်ခေတ်စနစ်၏ Living together စိန်ခေါ်မှုတစ်ရပ်ပင်ဖြစ်သည်။

လူ့စွမ်းအားအရင်းအမြစ်ဟူသည့် ပညာသည် လူများ၏ စိတ်နေသဘောထားနှင့် အပြုအမူများကို ပြောင်းလဲစေနိုင်သကဲ့သို့ တန်ဖိုးကြီးမားသည့် အရာတစ်ခုလည်း ဖြစ်ပါသည်။ ပညာရပ်အမျိုးမျိုးကို လေ့လာ ဆည်းပူးသင်ယူနိုင်ပါသော်လည်း “ပညာရွှေအိုး လူမခိုး” ဆိုသည့်အတိုင်း ခိုးယူ၍မရနိုင်သည့် အရာ ပင်ဖြစ်သည်။ “ပညာရွှေအိုး”ဟု ဆိုရာတွင် မူလတန်းမှ တက္ကသိုလ်ပညာတစ်ခုခု ဘွဲ့ရရှိရန် အချိန်နာရီပေါင်းများစွာနှင့် ငွေကြေးဥစ္စာမြောက်များစွာ ပညာရေးစရိတ်ကုန်ကျမှုဖြင့် ရင်းနှီးမှုပြုခဲ့ရခြင်းဖြစ်သည်ဟုထင်မြင်မိပါသည်။

တန်ဖိုးကြီးသော ပညာရေးကို ဆုံးခန်းတိုင်အောင်မြင်မှုမရှိပဲ ကျရှုံးခဲ့လျှင် ရင်းခဲ့ရသည့် အချိန်နှင့် ပညာရေးကုန်ကျစရိတ်များသည် အလဟဿဖြစ်သွားပါတော့သည်။ အောင်မြင်မှုရရှိခဲ့ပြီး ဘွဲ့ရပညာတတ် တစ်ဦးဖြစ်လာသော် အသက်မွေးဝမ်းကြောင်းအတွက် အခြားသော English speaking၊ Computer၊ Engineer စသည့် နည်းပညာအမျိုးမျိုး၏ စိန်ခေါ်မှုများ ဆက်လက်ရင်ဆိုင်ကြရပြီး အချိန်များ၊ ကုန်ကျစရိတ် များ ထပ်မံရင်းနှီးမှုပြုကြရပါသည်။ အသိပညာအတတ်ပညာပေါင်းစည်းသောအခါ ပညာဟူသည် ပိုမို၍ တန်ဖိုးကြီးမားပြီး တန်ဖိုးမဖြတ်နိုင်သည့် အရာဖြစ်လာသည်။

ထို့ကြောင့် အနာဂါတ်မျိုးဆက်သစ်လူငယ်လူရွယ်များသည် မိမိတို့၏ပညာရေးကို ကောင်းမွန် မှန်ကန်သောလမ်းကြောင်းပေါ်တွင် ဆည်းပူးလေ့လာသင်ယူအောင်မြင်နိုင်ကြကာ  တန်ဖိုးမဖြတ်နိုင်သော ပညာဟူသည့်အရာကို ပိုင်ဆိုင်ပြီး မိဘများ၏ကျေးဇူးတရားများကို ဆပ်နိုင်သည့်အပြင် မိမိတို့၏ ရပ်ရွာဒေသအကျိုး၊ နိုင်ငံအကျိုး၊ လူမျိုးဘာသာအကျိုးများကို လူသားအရင်းအမြစ်ဖြင့် မြှင့်တင်နိုင်ကြပြီး အနာဂါတ်တွင် ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ဖြစ်အောင် စွမ်းဆောင်နိုင်ကြပါစေဟု ဆန္ဒပြုအပ်ပါသည်။

ခွန်အာခမ်း
(ခမ်းစန္တာ;)
Powered by Blogger.