ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဗဟိုကော်မတီဝင်များနှင့် PNO ရံုံးဝန်ထမ်းများကို ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အဖွဲ့ဝင် ဖြားခွန်မောင်သောင်းနှင့် ဖြားခွန်ထွန်းရွှေတို့က အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ လုပ်ငန်းလမ်းညွှန် များနှင့် ပတ်သက်၍ ပြန်လည် ရှင်းလင်းမျှဝေခဲ့ပါသည်။
အဆိုပါ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ လုပ်ငန်းလမ်းညွှန်များကို အောက်တိုဘာလ(၂၈-၂၉)ရက်နေ့တွင် ကျင်းပသော အဌမအကြိမ် (UPDJC)အစည်းအဝေးတွင် အတည်ပြုခဲ့ပြီး ၄င်းထဲတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းလမ်းညွန်၊ လူမျိုးအလိုက်ကျင်းပသော အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းလမ်းညွန်(မူကြမ်း)၊ ဒေသအလိုက်ကျင်းပသော အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းလမ်းညွှန်(မူကြမ်း)၊ အကြောင်းအရာအလိုက် ကျင်းပသော အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းလမ်းညွှန်(မူကြမ်း)၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှုကော်မတီ (တိုင်းဒေသကြီးများ၊ ပြည်နယ်နှင့် နေပြည်တော်ကောင်စီနယ်မြေ) လုပ်ငန်းလမ်းညွှန်များ ပါရှိပါသည်။
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှုကော်မတီ (တိုင်းဒေသကြီးများ၊ ပြည်နယ်နှင့် နေပြည်တော်ကောင်စီနယ်မြေ) ဖွဲ့စည်းပုံတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှုကော်မတီ (တိုင်းဒေသကြီးများ၊ ပြည်နယ်နှင့် နေပြည်တော်ကောင်စီနယ်မြေ) တစ်ခုလျှင် သက်ဆိုင်ရာဒေသ၏ အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ရွေးကောက်ပွဲအနိုင်ရနိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်(၃)ဦးစီ၊ စုစုပေါင်း(၉)ဦးစီဖြင့် ဖွဲ့စည်းရမည်ဟု ပြဌာန်းထားပါသည်။
၎င်းလမ်းညွှန်ချက်ချက်ကို ကြည့်ခြင်းအားဖြင့် တိုင်းဒေသကြီးသော်လည်းကောင်း၊ ပြည်နယ်သော် လည်းကောင်း အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ပြုလုပ်နိုင်ရန်အတွက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကြီးကြပ်မှုကော်မတီကို ဖွဲ့စည်းရမည်ဖြစ်ပြီး ထိုကြီးကြပ်မှုကော်မတီ ရှိမှသာလျှင် လူမျိုး၊ ဒေသ၊ အကြောင်းအရာအလိုက် စသော ဆွေးနွေးပွဲများကို ပြုလုပ်နိုင်မည်ဖြစ်သည်။
သို့သော်လည်း ယနေ့အချိန်ထိ ရှမ်းပြည်နယ်တွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှု ကော်မတီဖွဲ့စည်းရန် လှုပ်ရှားမှုများမတွေ့ရသေးကြောင်း၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် နိုဝင်ဘာလတွင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို အဆင်သင့်ဖြစ်သော ပြည်နယ်/ တိုင်းဒေသကြီး၌ စမ်းသပ်ပြုရန် အောက်တိုဘာလ(၂၈-၂၉)ရက်နေ့၌ ကျင်းပသော အဌမအကြိမ် (UPDJC)အစည်းအဝေးတွင် တိုက်တွန်းပြောကြားထားကြောင်း သိရှိရပါသည်။
နဂါ့ခွန်
Like On Facebook
Follow On Twitter
Subscribe On RSS