Monday, November 7, 2016

Piti Teacher Network အဖွဲ့မှ ဖွင့်လှစ်ပေးသော English Four Skills သင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်








ပအိုဝ်းအမျိုးသားအဖွဲ့(PNO)နှင့် Piti Teacher Network အဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်သော English Four Skills သင်တန်းကို ၂၀၁၆-ခုနှစ် ၊ နိုဝင်ဘာလ (၆)ရက် တနင်္ဂနွေနေ့ မွန်းလွဲ ၁း၀၀နာရီအချိန်၌ တောင်ကြီးမြို့နယ်၊ နမ်းဟူးကျေးရွာအုပ်စု၊ ပလီလင်းကျေးရွာ အထက်တန်းကျောင်းတွင် သင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် ရှေးဦးစွာ (အ ထ က) ပလီလင်းကျောင်း အထက်တန်းပြဆရာဦးခွန်ထွန်းရင်မှ အဖွင့်အမှာစကားပြောကြားရာတွင် ယခုလို ကျွန်တော်တို့ အထက ပလီလင်းကျောင်းတွင် ပအိုဝ်းအမျိုးသားအဖွဲ့(PNO)နှင့် Piti Teacher Network အဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်သော English Four Skills သင်တန်းကို လာရောက်ဖွင့်လှစ်သင်ကြားပေးခဲ့သည့်အတွက် အထူးပင်ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း နှင့် နှောင်နှစ်အချိန် တွင်လည်း လာရောက်ဖွင့်လှစ်သင်ကြားနိုင်ရန်လည်း ဖိတ်ခေါ်အပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပအိုဝ်းအမျိုးသားအဖွဲ့(PNO)၊ဗဟိုဌာနချုပ်ရုံး ရုံးအဖွဲ့မှူးဆရာစောခွန်ကျော်ဝင်းက အားပေးအမှာ စကားပြောကြားရာတွင် ရှေးဦးစွာ Piti Teacher Network အဖွဲ့နှင့် တာဝွန်ရှိပုဂ္ဂိုလ်များကို တွေ့ဆုံခဲ့ရသည့်အတွက် အထူးပင်ကျေးဇူးတင်မိပါကြောင်းနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်နေသော Piti Teacher Network အဖွဲ့သည်လည်း အလွန်ပင်ဂုဏ်ယူအားရစရာဖြစ်ပါကြောင်း၊ ကျောင်းသားကျောင်းသူများဟာလည်း မိမိတို့ယခုလို English Four Skills သင်တန်းကို သင်ယူခဲ့ရပြီးနောက် ဒီထက်မက ပိုမိုကြိုးစားရန်လိုအပ်ကြောင်း၊ ယနေ့ခေတ်တွင် အင်္ဂလိပ်စာသည် ကမ္ဘာသုံးဘာသာစကားဖြစ်သောကြောင့် အင်္ဂလိပ်စာတတ်မြောက်ပါက အလုပ်လျှောက်ရာတွင် သော်လည်းကောင်း၊ နိုင်ငံခြားပညာတော်သင်ဆု(Scholarship) လျှောက်ရာတွင် သော်လည်းကောင်း လွယ်ကူမည်ဖြစ်ကြောင်း၊ နောင်တချိန်တွင် မိမိတို့သည် လူမျိုးအတွက် အနာဂါတ်မျိုးဆက်သစ် ခေါင်းဆောင်များ ကိုယ်စီဖြစ်လာနိုင်လိမ့်မည်ဟု ယုံကြည်မိပါကြောင်း အားပေးစကား ပြောကြားပေးခဲ့ပါသည်။
ဆက်လက်၍  English Four Skills သင်တန်းကို သင်ယူခဲ့ပြီးသော ကျောင်းသား /ကျောင်းသူများ အချင်းချင်းက အင်္ဂလိပ်ဘာသာဖြင့် အပြန်အလှန် စကားပြောဆိုခဲ့ကြပြီး ထို့နောက် Piti Teacher Network အဖွဲ့ဥက္ကဌ ဆရာခွန်ကြည် က English Four Skills သင်တန်းဖွင့်ရခြင်း အဓိကရည်ရွယ်ချက်များနှင့် တိုက်တွန်းအမှာ စကားပြောကြားပေးခဲ့ပြီးနောက် နမ်းဟူးကျေးရွာအုပ်စု၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခွန်ကျော်စိန်၊ ပလီးလင်းကျေးရွာမှ ဒေသခံရပ်မိရဖများကိုယ်စား ဦးခွန်စောအောင် တို့မှ ကျေးဇူးတင်စကား ပြောကြားပေး ခဲ့ကြောင်း သိရသည်။
၎င်း English Four Skills သင်တန်းကို လာရောက်ဖွင့်လှစ်သင်ကြားပေးခဲ့သော Piti Teacher Network အဖွဲ့မှ ဆရာ/ဆရာမများအား ပလီလင်းကျေးရွာဒေသခံရပ်မိရပ်ဖများက ဂုဏ်ယူဝမ်းမြောက် အားရနှစ်သက် သောအားဖြင့် အမှတ်တရ လက်ဆောင်ပစ္စည်းများကို  ဦးခွန်ထွန်းစံမှ ပေးအပ်ကာ ဆရာခွန်ကြည်က လက်ခံရယူခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာပြုလုပ်ကျင်းပနိုင်ခဲ့သည်။
အဆိုပါ Piti Teacher Network အဖွဲ့မှ English Four Skills သင်တန်းကို ဖွင့်လှစ်သင်ကြားပေး ခဲ့ပြီးသောနေရာများတွင် နမ်းဗေးကျေးရွာနှင့် ဆောင်းဖိုးကျေးရွာ၊ ပလီလင်းကျေးရွာ အပါအ၀င် သုံးနေရာရှိပြီ ကြောင်း ဆက်လက်၍ ဟိုပုံးမြို့နယ်မှ ကျောက်ကဆျားကျေးရွာတွင် သွားရောက် ဖွင့်လှစ်သင်ကြားပေးသွား မည်ဖြစ်ကြောင်း ဆရာခွန်ကြည်က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ခွန်ဗန်ထို
Powered by Blogger.