Sunday, November 6, 2016

ဒို့ဘာသာ၊ ဒို့စာပေ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်




ပအိုဝ်းလူမျိုးဆိုသည်မှာ စာပေ၊ ယဉ်ကျေးမှုနှင့် လူဦးရေအသင့်အတင့်ရှိသည့်လူမျိုး၊ အဆင့်အတန်းမခွဲခြားအသွင်ဆောင် အနက်ပြာရောင်ဝတ်စုံဖြင့် ဂုဏ်ကျက်သရေရှိလှသည့်လူမျိုး၊ ငြိမ်းချမ်းခြင်းကိုအမြဲလိုလားသည့်လူမျိုး၊ အစဉ်မြဲသီးခံခွင့်လွှတ်ရန် ၀န်မလေးတတ်သောလူမျိုး၊ စည်းလုံးညီညွတ်သည့်လူမျိုး၊ ဘာသာတရားကိုင်းရှိုင်းသည့်လူမျိုး၊ အလှူအတန်းရက်ရောသည့် လူမျိုးအစရှိသည်တို့နှင့် ပြီးပြည့်စုံသော လူမျိုးတစ်မျိုးပင်ဖြစ်သည်။ ဤသို့သောဂုဏ်ပုဒ်များစွာကို ပိုင်ဆိုင်ထားသည့် ပအိုဝ်းလူမျိုးတို့သည် ရှေ့ဆောင်လမ်းပြသည့် ပအိုဝ်းခေါင်းဆောင် ကောင်းများ၏ ကျေးဇူးတရား၊ ငြိမ်းချမ်းရေး၏ဂုဏ်တော်ကျေးဇူးကြောင့် ယနေ့ကမ္ဘာတွင် “ပအိုဝ်း” ဟူ၍ ထင်ပေါ် ကျော်ကြားခဲ့လေပြီဖြစ်သည်။
သို့ဖြစ်၍ မိမိတို့သည် ယနေ့လူငယ် နောင်ဝယ်လူကြီး မလွှဲဧကန် ဖြစ်မည်မှာအများသူငါ သိနှင့်ပြီးပင်ဖြစ်သည်။ ထို့ကြောင့် ပအိုဝ်းလူမျိုးများတို့သည် မိမိတို့စာပေ၊ မိမိတို့ယဉ်ကျေးမှု အစရှိသည်များကိုကမ္ဘာတည်သရွေ့ ဆက်လက်တည်တံ့ခိုင်မြဲစေရန်၊ မိမိတို့သည် ပအိုဝ်းလူမျိုးတို့၏စာပေကိုအရေး၊ အပြော ကျွမ်းကျင်တတ်မြှောက်နိုင်ရန် လေ့လာသင်ယူရမည် သာမကမြတ်နိုးတန်ဖိုးထားရမည် ဖြစ်ပေသည်။ မိမိတို့ပအိုဝ်းလူမျိုးတို့၏ စာပေသည် မိမိတို့ပအိုဝ်းလူရွယ်မောင်မယ်များမှ သင်ကြားခြင်းမပြုပါကမည်သူတို့မှသင်ကြားမည်နည်း။ လက်ရှိမိမိတို့ ပအိုဝ်းလူမျိုးတို့သည် မိမိတို့ဘာသာစကားကို ကျွမ်းကျင်စွာပြောဆိုင်နိုင်သူ အများစုမှာ မြို့နှင့်အလှမ်းဝေးပြီးကျေးလက်တောရွာများရှိ ပအိုဝ်းများသာရှိပေသည်။ မြို့နှင့်အနေနီးသော ပအိုဝ်း၊ မြို့ပေါ်ရှိပအိုဝ်းတို့သည် နေ့စဉ်သွားလာလှုပ်ရှားမှုများမှ သုံးနှုန်းပြောဆိုသည်များမှာအခြားသောဘာသာစကားများဖြင့်သာပြောဆိုသုံးနှုန်းနေသည်များကိုတွေ့မြင်နေရပါသည်။ အနည်းစုသာမိမိတို့ ဘာသာစကားကိုသုံးနှုန်းပြောဆိုလျှက်ရှိသည်ကို လည်းတွေ့ရပါသည်။ ဤကဲ့သို့သာပြောဆိုမှုနည်းပါးလာခြင်းအားဖြင့် စာပေကိုပြေပြစ်ချောမွေ့စွာ ရေးသားနိုင်ရန်ခက်ခဲမည်သာမကနောင်လာမည့် မျိုးဆက်သစ်လူငယ်များအတွက် ပြောဆိုနိုင်ရန်ပင် လွယ်ကူလှမည်မဟုတ်ပေ။ ပြောဆို၊ ရေးသားတတ်မြောက်နိုင်ရန် ခက်ခဲမည်မှာမှန်ပေသည်။ အချို့သောသူများမှာမူမိမိသည်ပအိုဝ်းလူမျိုးဖြစ်သော်လည်းမိမိတို့၏သားသမီးများမှာမူ ပအိုဝ်းဘာသာစကားကို ပြောဆိုနိုင်ခြင်းမရှိ၊ ဖခင်ကိုပင် “ဘဘ” ဟုခေါ်ဆိုနေမှုများလည်းရှိလေသည်ကို ယနေ့ခေတ်တွင်ပင် တွေ့မြင်နေရပါသည်။ ဤသို့ မိမိတို့သားသမီးများမှ မိမိတို့ဘာသာစကားကိုပြောဆိုနိုင်ခြင်းမရှိ အခြားသောဘာသာစကားများဖြင့်သာပြောဆိုဆက်ဆံတတ်သည်ကိုဤသို့သာကြည့်ပြီးသွားလေတော့မည်လော။ မိမိတို့သည် ပအိုဝ်းဟူသော အမည်နာမဖြင့် မွေးဖွားလာသူများဖြစ်သည်။ မိမိတို့ဘာသာစကားဖြင့် ပြောဆိုတတ် မြောက်နိုင်ရန် ပြုပြင်ပြောင်းလဲလိုသည့်စိတ်မရှိတော့လေပြီလော။ မိမိတို့ ပအိုဝ်းဘာသာ၊ စာပေသည် အရေးအသားအားဖြင့် တက်မြောက်ရန် ခက်ခဲလှသည်မှာမှန်ပေသည်။ သို့သော်  ပအိုဝ်းဘာသာ၊ စာပေသည် မိမိတို့ပအိုဝ်းလူမျိုးတို့၏ အသက်သွေးကြောသဖွယ် မြတ်နိုးတန်ဖိုးထားရမည်။ ပအိုဝ်းလူမျိုးတိုင်း အရေးအသားမဟုတ်သော်လည်း ကျွမ်းကျင်သော ပြောဆိုတတ်မှုများပိုင်ဆိုင်ထားရမည်ဟု စာရေးသူအနေဖြင့် မှတ်ယူသည်မှာလွန်မည်မထင်ပေ။ အားလုံးသော မြို့ပေါ်နေ၊ မြို့နှင့်အနေနီးသူတို့ကိုပြောဆိုခြင်းမဟုတ်ပေ။ မည်သို့ဖြစ်စေကာမူပြီးခဲ့သည့် အတိတ်ကို အတိတ်မှာသာထားခဲ့ပြီးပစ္စုပ္ပန်နှင့် လာမည့်မနက်ဖြန်များစွာအချိန်ကို ပြုပြင်ပြောင်းလဲရန် လိုအပ်လှပေသည်။ ခေတ်စနစ် မည်သို့ပင်ပြောင်းလဲတိုးတက် စေကာမူမိမိတို့လူမျိုး၏ ဘာသာ၊ စာပေသည်လည်းခေတ်နှင့်အပြိုင်တည့်တံ့ခိုင်မြဲစေရန် အားလုံးသော ပအိုဝ်းလူမျိုးများ ကြီး/ငယ်မရွေး တာဝန်ကိုယ်စီရှိကြပေသည်။ မိမိတို့ မျိုးဆက်သားသမီးများသာမကပအိုဝ်းလူမျိုးအချင်းချင်းတွေ့ဆုံပြောဆိုရာတွင် မိမိတို့ဘာသာစကားဖြင့်သာပြောဆိုကြရန်လိုအပ်လှပေသည်။
မိမိတို့ဘိုးဘွားများမှ လက်ဆင့်ကမ်းပေးအပ်ခဲ့သောမိမိတို့ ဘာသာ၊ စာပေအမွှေအနှစ်ကို ကမ္ဘာတည်သရွေ့ နောင်နှစ်ပေါင်းထောင်ပေါင်းမြောက်များစွာ၊ နောင်လာမည့် မိမိတို့လူမျိုး၏ မျိုးဆက်သစ် အဆက်ဆက်သို့တိုင် တည်တံ့ခိုင်မြဲရန် ယနေ့ခေတ်(ယခုလက်ရှိ) မိမိတို့ပအိုဝ်းလူမျိုးများအားလုံးမှ တာဝန်ပင်ဖြစ်ပေသည်။ ထို့ကြောင့် မိမိတို့ ဘာသာ၊ စာပေကိုခေတ်နှင့်အပြိုင် တည်တံ့နိုင်ရန် ပအိုဝ်းလူမျိုးများအားလုံး ပအိုဝ်းလူမျိုးတစ်ဦးချင်းစီမှ တာဝန်ကိုယ်စီထမ်းဆောင်ကြမည်ဟုယုံကြည်ရင်းဤမျှသာနိဂုံးချုပ်ပါသည်။

ခွန်အောင်;နွောင်,
Powered by Blogger.