တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၂) ရက်
သားသမီးတိုင်းတွင်မိဘကိုယ်စီရှိကြပါသည်။ မိဘ၏ကျေးဇူးသည် မည်မျှထိကြီးမားသည်ကို လူတိုင်းသိရန်အရေးကြီးသည်။ အချို့သောသူသည်မိဘကျေးဇူးကိုမသိဘဲ မိဘများကိုပြန်စော်ကားသည့် လူများအများအပြားရှိကြပါသည်။ မိဘတိုင်းသားသမီးအပေါ်ထားသောမေတ္တာသည် ပြောစရာမရှိအောင်အ ပြစ်ကင်းစင်ပါသည်။ မိဘကခက်ခက်ခဲခဲသားသမီးတွေကို ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့သည်ကို သားသမီးတိုင်း ပြန်ပြီးမြင်ယောင်စေချင်သည်။ မိခင်သည် ကိုယ်ဝန်ဆောင်စဉ်ကတည်းက သားသမီးအပေါ်ကိုစိုးရိမ်နေ ရပါသည်။ အမေသည် ဗိုက်ထဲမှာရှိသည့် မိမိ၏ရင်သွေးအတွက် အနေအထိုင်၊ အစားအသောက် တွေဆင်ခြင်ရ၊ မစားချင်သည့် ဆေးတွေလည်းစားရ အရာရာကိုအသိတရားနှင့် အမြဲတမ်းဆင်ခြင်နေရသည်။ မိမိ၏၀မ်းဗိုက်ထဲက ရင်သွေးလေး တစ်ခုခုဖြစ်သွားမည်ကို အချိန်တိုင်းစိုးရိမ်နေရသည်။ မိခင်သည်တစ်ရက်၊ တစ်လမဟုတ် မပေါ့မပါးနှင့် မည်သည့်အထိအနေခက်သည်ကို သားသမီးတိုင်းမသိပါ။ ထိုအရာမလုပ်ရ၊ ဒီအရာမစားရ ဘယ်သူဘယ်ဝါမှ စည်းကမ်းထုတ်ထားခြင်းမရှိသော်လည်း သွေးချင်းစကားပြောလာ၍ မေတ္တာဓာတ် လေးတွေယိုစီးလို့ မတည့်သည့်အစားအစာတွေစားမိရင် မိမိ၏ရင်သွေးထိခိုက်မည် ဆိုသည့်အသိတရားများသည် အမေ့နှလုံးသားခံစားချက်က ဦးနှောက်ဆီကို အချိန်တိုင်းသတိပေးနေပါသည်။
ညအိပ်ရာမ၀င်ခင်နှင့်အိပ်ရာထပြီးစအချိန်တွင်လည်း မိမိရင်သွေးလေး ခြေလက်အင်္ဂါပြည့်ပြည့်စုံစုံနှင့် မွေးဖွားလာပါစေဟုဆိုပြီး မြတ်စွာဘုရားရှေ့မှာ သားသမီးအတွက် အကြိမ်ကြိမ်ဆုတောင်းခဲ့မိသည်။ ကျန်းကျန်းမာမာနှင့် လိမ္မာသည့် သားလေးသမီးလေးဖြစ်ပါစေ စသည့်မဆုံးနိုင်သော ဆုတောင်းမှုများပြုလုပ်သည်။ အဖေသည်လည်း အမေအားရှိမှ ဗိုက်ထဲက ကလေးအားရှိမည်ကို သဘောပေါက်ထား၍ အမေ့ကို ခါတိုင်းထက်ပိုပြီး ဂရုစိုက်ဖြစ်သည်။ စားကောင်းမည့်အရာကိုလည်း အလျဉ်းသင့်သလို ၀ယ်ကျွေးချက်ကျွေးခဲ့သည်။ လိုလေသေးမရှိအောင် ဘေးကပြုစုစောင့်ရှောက်ခဲ့ပြီး တာဝန်ကျေသည့် အဖေတစ်ယောက်အနေနှင့် သက်သေထူခဲ့သည်။ ရက်စေ့ လစေ့ပြီး မွေးလာသည်လည်း အသက်ကိုစတေး မရဏမင်းနှင့်အပြိုင်စစ်ခင်းပြီး သားသမီးကို လူ့လောကထဲ မရောက်ရောက်အောင် ခေါ်ဆောင်လာခဲ့သည်။ မိခင်တယောက်၏ဒုက္ခသည် သားသမီးမွေးဖူးသည့် အမျိုးသမီးများမှ ပိုပြီးသိနားလည်လိမ့်မည်ထင်ပါသည်။ ကလေးတစ်ယောက်မွေးရသည်မှာ မလွယ်သလိုလူလား မြောက်အောင်ပြုစုပျိုးထောင်ရန်လည်း မလွယ်ကူပါ။ မိဘများနည်းလမ်းမျိုးစုံ ပြုပြင်ထိန်းကျောင်းပေးမှုကြောင့် လူ့လောကထဲ လူဖြစ်လာရသည်ကို ကိုယ့်ကိုယ်ကို ဘ၀င်မမြင့်သင့်ပါ။ အဖေ၏ကျွေးကျေးဇူးများ၊ အမေ၏မွေးကျေးဇူးများ မရှိခဲ့လျှင် လူဖြစ်မလာပါ။ အမေသည်မိသားစုအားလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျညဥ့် နက်ချိန်မှာ ကလေးငိုနေရင် ထပြီးနို့ချိုတိုက်ရ၊ တရေးနိုးတိုင်း ကလေးကို ခြင်များကိုက်နေမည်လား ထကြည့် နေရသည်။ ကလေးငိုသည့်အချိန်မှာလည်း ကလေးတခုခုဖြစ်နေသည်လား၊ စသည့်စိုးရိမ်ပူပန်စိတ်တွေနှင့် အိပ်နေရပါသည်။ မိုးလင်းပြီဆိုသည်နှင့် အမေ၏သောကစိတ်က သားသမီးကိုချေးသေးသုတ်သင်ပေးဖို့ကိစ္စကို အရင်ဆုံးလုပ်ပေးရသည်။ ထမင်းစားနေချိန်မှာလည်း စားနေရင်းတန်းလန်းနှင့် ကလေးငိုသည့်အခါ နို့ချိုတိုက်ပေးရသည့် အခါရှိသလို ထမင်းစားနေစဉ်မှာလည်းကလေးကိုချေးသုတ်ပေးရသည့်အခါလည်း အကြိမ်ပေါင်းမနည်းပေ။ ဘယ်သူမှမလုပ်နိုင်သည့် အလုပ်မျိုးကို အမေက မကြောင့်မကြလုပ်ခဲ့သည်။ ကြီး မားလွန်းသည့် မေတ္တာတရားတွေ ရင်မှာအပြည့်ကိန်းအောင်းနေသည်။ ဖခင်ကလည်းတာဝန်ရှောင်သည်တော့မ ဟုတ်ပါ။ မိသားစုဝမ်းစာဖူလုံဖို့အတွက် အသက်ကိုပဓာနမထား ကြိုးစားရှာဖွေနေရပါသည်။ သားသမီးအရွယ် ရောက်လာသည့်အခါမှာလည်း စိုးရိမ်ပူပန်သောကစိတ်တွေ မတွေးဘဲမနေနိုင်ပါ။ သားသမီးအပေါင်းအသင်း မှားပြီးလမ်းမှားရောက်မည်ကိုစိုးရိမ်ခဲ့ပါသည်။ သားသမီးအိမ်ပြန်မရောက်မချင်း စိတ်အေးချမ်းမှု မရှိဘဲအချိန် တိုင်းလိုလို သားသမီးများကြောင့် စိတ်သောကရောက်နေရသည်ကို သားသမီးများမသိပါ။ သားသမီးတွေကို ခွဲခြားပြီးမချစ်တတ်ပါ အေးအတူပူအမျှချစ်သည်။ အချို့သောသားသမီးများသည် နားမလည်ဘဲ မိဘကသူတို့ကို မချစ်ဘူးဆိုပြီး ထင်ကြသည်များလည်းရှိသည်။
သားသမီးနှင့်ပတ်သက်လာရင် မိဘတိုင်းကခန္ဓာကိုယ်ကိုပုံအပ် အသက်သွေးချွေးနှင့် ပေးဆပ်ရင်း အသက်ရှင်နေရပါသည်။ အချို့သားသမီးများသည် မိဘကိုမိဘမှန်းမသိအောင် မိဘအပေါ်ပြုမူသည့် အကျည်းတန်လွန်းသည့် လုပ်ရပ်အပြုအမူကိုလည်း မိဘကဥပေက္ခာပြု လျစ်လျူရှု့ပေးရသည်။ သားသမီးအပေါ်ကို ခွင့်လွတ်နေမြဲ ချစ်နေမြဲပါ။ ဘယ်သောအခါမှ အချစ်စိတ်လျော့မသွားတတ်ပါ။ မိဘတွေ၏အချစ်ကိုမီဖို့ နှစ်ဆယ်ကမ္ဘာ ကြိုးစားတာ တောင်မမီနိုင်ပါ။ တောင်းစုတ်၊ ပလိုင်းစုတ်သာ စွန့်ပစ်ရိုးထုံးစံရှိသည်။ သားသမီးဆိုးပစ်ရိုးထုံးစံမရှိပါ။ သားသမီး များပညာတတ်ကြီးဖြစ်လို့ အတောင်တွေစုံပြီး မိဘအရိပ်အာဝါသအောက်ကနေ ထွက်သွားကြသည်ကို မသွားပါနှင့်လို့မတားရက်ပါ။ မိဘနှင့်ခွဲခွာချိန်လေးမှာ မျက်ရည်များမကျအောင် သည်းခံအောင့်အီးရသည့် ခံစားချက်နှင့် မပြုံးချင်သော်လည်း ဟန်ဆောင်ပြုံးနေရသည်ကို သားသမီးတွေမသိနိုင်ပေ။ သားသမီး၏နှလုံးသားထဲတွင် မိဘအတွက်နေရာမရှိသော်လည်းမိဘ၏နှလုံးသားထဲတွင်သားသမီးအတွက် အမြဲတမ်းနေရာထားပေးပါသည်။ သားသမီးအဆင်ပြေရေးအတွက် အမျိုးမျိုးဒုက္ခခံပြီး ပေးဆပ်နေသော်လည်း မိဘရင်ထဲကဒုက္ခထုပ်ပိုးကြီးကို သားသမီးမမြင်စေရ။ မိဘများသည်သားသမီးဆီက အလိုချင်ဆုံးအရာမှာ ပစ္စည်းဥစ္စာဘာတစ်ခုမှမဟုတ်ပါ။ သားသမီးဘ၀အတွက် အားလုံးပြေပြေလည်လည် ရှိသည်ကိုဘဲမြင်ချင်နေပါသည်။ ကိုယ့်အိုးကိုယ့်အိမ်ဖြစ်သွားသည့် သားသမီးကိုလည်း စိုးရိမ်နေရတုန်းပါ။ စီးပွားရေး၊ အိမ်ထောင်ရေး အဆင်ပြေမည်လားစိုးရိမ်နေရပါသည်။ သားသမီးတို့တိုးတက်အောင်မြင် အဆင်ပြေဖို့အတွက် အမေသည်ဘ၀ဥယျာဉ်မှူး အဖေသည်ဘ၀လမ်းပြကြယ် ဖြစ်ခဲ့ပါသည်။ သားသမီးဘ၀ကောင်းစားရေးအတွက် ပြည့်ပြည့်စုံစုံဖြည့်ဆည်းပေးခဲ့သော်လည်း သံယောဇဉ်နွယ်ပင် ကြောင့်များလား၊ အချစ်စွမ်းအင်ကြောင့်များလားမသိ၊ သံသရာမှာ ကံမကုန်လို့ ပြန်ဆုံခွင့်ရှိရင် ဒီသားသမီးတွေနှင့်ဘဲ ဆုံချင်ပါသေးကြောင်း မိဘကမျှော်လင့်တမ်းတနေကြသည်။
မိဘများသည်လောကကြီးထဲကနေ မလွန်ဆန်နိုင်လို့ထွက်သာထွက်သွားရသည်။ လောကကြီးထဲတွင်ကျန်ခဲ့သည့်သားသမီးတွေကို စိတ်မချစိုးရိမ်နေရသည်။ မိဘ၏ချစ်ခြင်းမေတ္တာသည် သိပ်ကိုကြီးမားလွန်းသည်။ အခွင့်အရေးနှစ်ခါရဖို့မလွယ်ကူပါ။ မိဘတွေကိုတော်ခွင့်ခေါ်ခွင့်ရသည့် အချိန်အခိုက်အတန့်လေးမှာ မိဘကိုဂရုစိုက် ချစ်ခင်ရိုသေ၍ မိဘမေတ္တာကို အလေးထားတန်ဖိုးထားပြီး မိဘ၏ကျေးဇူးကိုဆပ်နိုင်ကြပါစေကြောင်းရေးသားတင်ပြအပ်ပါသည်။
နန်းရက်ခွို့
ကိုးကား-မွိုးဗွေးစူခူစာအုပ်
Like On Facebook
Follow On Twitter
Subscribe On RSS