Tuesday, December 6, 2016

လက်နက်ကိုင် ပဋိပက္ခများကြောင့် စစ်ဘေးရှောင်အမျိုးသမီးများအတွက် လိုအပ်ချက်များစွာ ရှိနေသည်ဟု ခန့်မှန်းရ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်




ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ Royal Taunggyi Hotel ဒီဇင်ဘာလ(၆)ရက်နေ့တွင် လက်နက်ကိုင်ပဋိပက္ခနှင့် အမျိုးသမီးအပေါ် လူမှုစီးပွား သက်ရောက်မှု မီဒီယာနှင့် အရပ်ဖက်အဖွဲ့အစည်း တွေ့ဆုံပွဲ ပြုလုပ်ကျင်းပခဲ့ပါသည်။

ယင်းတွေ့ဆုံပွဲတွင် မီဒီယာနှင့် အရပ်ဖက်လူ့အဖွဲ့အစည်းများ၏ ဆွေးနွေးချက်အရ လက်နက်ကိုင် ပဋိပက္ခများကြောင့် စစ်ဘေးရှောင်အမျိုးသမီးများအတွက်  လိုအပ်ချက်များ ရှိနေသည်ဟု Internews မှ သတင်းစာအကြံပေး ဦးမြင့်ကျော်က ဤသို့ ဆိုထားပါသည်။

၎င်းက “ယခု လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားရာဒေသမှာ အဓိကတော့ လုံခြုံမှုပေါ့၊ လုံခြုံမှုဆိုတာ သူတို့တွေရဲ့ အသက်အန္တရာယ်သော်လည်းကောင်း၊ တစ်စုံတစ်ရာ လူ့အခွင့်အရေး ချိုးဖောက်မှု သော်လည်းကောင်း စတဲ့ လုံခြုံမှုတွေ ဖြစ်နိုင်ပါတယ်၊ နောက်ဒုတိယတစ်ချက်အနေနဲ့ ပညာရေးပိုင်းဆိုင်ရာတို့ လူမှုရေးပိုင်းဆိုင်ရာတို့ နောက်အလုပ်အကိုင် စီးပွားရေးဆိုင်ရာတို့ ဖြစ်လိမ့်မယ်” ဟု တွေ့ဆုံပွဲ၏ ဆွေးနွေးချက်များအရ သုံးသပ်ထားပါသည်။

၎င်းတွေ့ဆုံပွဲမှ ဆွေးနွေးချက်များအရ စစ်ဘေးရှောင် အမျိုးသမီးများသည် လုံခြုံမှုအပြင် စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည့် အကူအညီများ လိုအပ်နေကြောင်း၊ ထိုအမျိုးသမီးများ၏ အခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် လူမှုအဖွဲ့အစည်းများနှင့် မီဒီယာများ၏ ကူညီပံ့ပိုးမှု လိုအပ်နေသေးကြောင်း သိရှိရသည်။

စစ်ဘေးရှောင် အမျိုးသမီးများ၏ ကြုံတွေ့နေရသော အခက်အခဲကို “သူတို့တွေက တိုက်ပွဲဖြစ်ပြီး ဖိနပ်မပါ ဘာမပါနဲ့ ပြေးလာကြတယ်၊ နောက်ပြီးတော့ ဘုန်းကြီးကျောင်းမှာဘဲ နေကြတယ်လေ၊ အခုက သူတို့ နေဖို့ မြေယာလိုချင်တယ်၊ စီးပွားရေးအနေနဲ့ကတော့ လက်မှုပညာ၊ အပ်ချုပ်တာတို့၊  အခုခေတ်စားနေတဲ့ ပုလဲနဲ့ အိပ်ကိုထိုးတဲ့ဟာတို့ လုပ်ချင်နေကြတယ်” ဟု အဆိုပါ တွေ့ဆုံပွဲတွင် နမ္မတူးဒေသမှ နန်းနွံဖောင်းဟွမ် က ဆွေးနွေးခဲ့ပါသည်။

လက်ရှိတွင် ရှမ်းမြောက်၌ ဖြစ်ပွားနေသော လက်နက်ကိုင်တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ဒုက္ခသည်များ တရုတ်နိုင်ငံသို့ သောင်းဂဏန်းအထိ ထွက်ပြေးတိမ်းရှောင်နေကြောင်း သတင်းထွက် ပေါ်ချက်အရ သိရှိရသည်။

စစ်ဘေးရှောင်များကို ကူညီနေသာ NGOများ ရှိနေသော်လည်း စစ်ဘေးရှောင်ဦးရေ များပြားသောကြောင့် ပြည့်စုံလုံလောက်မှု မရှိကြောင်း၊ ထိုသို့ ကူညီပံ့ပိုးပေးရာတွင် စစ်ဘေးရှောင် ဒုက္ခသည်များ၏ လိုအပ်ချက်နှင့် ကိုက်ညီမှုများ အားနည်းနေကြောင်း စစ်ဘေးရှောင်စခန်း သွားရောက် ကူညီခဲ့သူ ရှမ်းစာပေယဉ်ကျေးမှုအဖွဲ့မှ နန်းကြာပွင့်က ဆွေးနွေးခဲ့သည်။

စစ်ဘေးရှောင်အမျိုးသမီးများ၏ အခက်အခဲများ ဖြေရှင်းရေးနှင့် ပတ်သက်၍ “ စစ်တွေကို အမြန်ဆုံး ရပ်ပေးဖို့ လိုပါတယ်၊ ကျွန်တော်တို့က ပြန်လည်ထူထောင်ရေးလုပ်နေရင်း ပြန်ပျက်လိုက်၊ ပြန်လုပ်လိုက်နဲ့ ဘယ်နားနေရမှန်း မသိတော့ပါဘူး၊ နိုင်ငံရေး စာပွဲဝိုင်းမှာဘဲ နိုင်ငံရေးနှင့် ပတ်သက်တဲ့ ပြဿနာများကို ဆွေးနွေးပေးကြပါ၊ လက်နက်နဲ့ လုပ်နေတဲ့ စစ်ပွဲတွေ ရပ်ပေးပါ ဒါက အဓိက အကျဆုံး ဖြစ်မယ်လို့ ကျွန်တော်ယုံကြည်တယ်” လို့ ရှမ်းပြည်နယ် ငြိမ်းချမ်းရေးအဖွဲ့ ဒါရိုက်တာ ကိုဝင့်ထယ်ကောင်းမြတ်က သူ့၏ အမြင်ကို ဆွေးနွေးခဲ့တင်ပြခဲ့ပါသည်။

အမျိုးသမီးများ ကြုံတွေ့နေရသော အခက်အခဲများကို လူ့ပတ်ဝန်းကျင်တွင် ထင်ဟပ်လာစေရန် မီဒီယာများ၏ စာမျက်နှာပေါ်၌ ပဋိပက္ခကြားတွင် ကြုံတွေ့နေရသော အမျိုးသမီးများ၏ အခန်းကဏ္ဍများ အပတ်စဉ် အခန်းဆက်အနေဖြင့် ထည့်သွင်းစေလိုကြောင်း၊ အမျိုးသမီးများအနေဖြင့် မိမိတိုကြုံတွေ့နေရသော အခက်အခဲများကို  မီဒီယာများအား အကူအညီတောင်းစေလိုကြောင်း၊ မီဒီယာသတင်းများလည်း အမျိုးသမီး များ၏ အခက်အခဲများကို ဖော်ထုတ်ရေးသားစေလိုကြောင်း ခမ်းသားငေါဝ်းဂျာနယ် အယ်ဒီတာ ခွန်သန်းအောင်က တိုက်တွန်း ဆွေးနွေးခဲ့ပါသည်။

ခွန်ထင်;လေအောင်;
Powered by Blogger.