Sunday, January 22, 2017

ကရင်ပြည်နယ် ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ အမျိုးသားအဆင့် နိုင်ငံရေးလူထုတွေ့ဆုံပွဲ (အကြို)

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ (၂၃) ရက်










ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ (အကြို)ကို ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီ (၂၂) ရက်နေ့က ကျင်းပကြောင်းသိရသည်။ အဆိုပါဆွေးနွေးပွဲသို့ “မြန်မာနိုင်ငံသမိုင်းမှာ သမိုင်းမော်ကွန်းတင်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA ကို နိုင်ငံတကာအသိသက်သေများနှင့် မြန်မာနိုင်ငံသား/သူများအားလုံး ရှေ့မှောက်တွင် ၂၀၁၅ ခုနှစ် အောက်တိုဘာ (၁၅) ရက်နေ့တွင် လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ တစ်နိုင်ငံလုံးအပစ်အခတ်တိုက်ခတ်မှု သဘောတူစာချုပ် (NCA) သည် အပစ်အခတ်ရပ်စဲရေး တစ်ခုတည်းကိုသာ ရည်ရွယ်ရေးဆွဲထားခြင်းမဟုတ်ပါ။ မြန်မာနိုင်ငံသမိုင်းတွင် ပေါ်ပေါက်လာစေရန်အတွက် ကျင်းပပြုလုပ်ပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား နှစ်ဖက်သဘောတူလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း” ဖြားခွန်ဝင်းနောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ကရင်ပြည်နယ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်က “ယနေ့ မြန်မာနိုင်ငံသည် ဒီမိုကရေစီနှင့် ဖယ်ဒရယ်ပြည်ထောင်စုစနစ်ကို တက်ရောက်နိုင်ရန်အတွက် ကြိုးစားဆောင်ရွက်နေသည့်အချိန်ဖြစ်ပြီး၊ ဒီအချိန်မှာဆိုရင် တိုင်းရင်းသားများအားလုံးတွေဟာ အချင်းချင်း နားလည်သဘောပေါက် လွယ်အောင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပပါတယ်။ နိုင်ငံများ၏ အနေအထားကို ကြည့်မယ်ဆိုရင် နှစ်ပေါင်း (၆၀) ကျော် အချင်းချင်းတိုက်ခိုက်နေကြပြီး အမှောင်ညကို ဖြတ်သန်းနေတဲ့အချိန်ဟာ အင်မတန်ရှည်လျားနေသောကြောင့် ဒီချိန်မှာဆိုရင် တိုင်းရင်းသားများအားလုံး ထာဝရငြိမ်းချမ်းရေးကို အားလုံးလိုလားနေကြသလို တိုင်းရင်းသားများအားလုံး လက်တွဲ စုပေါင်းချိတ်ဆက် လုပ်ဆောင်ရမည့် အချိန်လဲရောက်ရှိနေပြီဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။ “ဒီလိုနိုင်ငံရေးလူထုတွေ့ဆုံပွဲ ကျင်းပခြင်းဟာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို အဆိုတင်သွင်းနိုင်ဖို့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ပအိုဝ်းတစ်မျိုးသားလုံး အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပနိုင်ရန်အတွက် အကြိုပြင်ဆင်ထားသည့်အနေဖြင့် ဒေသခံလူထုကို လာရောက်ဆွေးနွေးကြောင်း၊ NCA ပေါ်ပေါက်လာပုံနှင့် NCA ကိုအခြေခံသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များကိုလည်း အကျယ်တ၀င့်ရှင်းလင်းတင်ပြခဲ့ကြောင်း” ပအိုဝ်းအမျိုးသား လွှတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဥက္ကဋ္ဌ ဖြားခွန်မြင့်ထွန်းက ပြောကြားခဲ့ပါသည်။ UPDJC နှင့် ပအိုဝ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဖြစ်ပေါ်လာပုံများကို ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အဖွဲ့ဝင် ဖြားခွန်ထွန်းရွှေက အကျယ်တ၀င့်ဆွေးနွေးပေးခဲ့ကြောင်း၊ ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအသီးသီးဖြစ်ပေါ်လာပုံအဆင့်ဆင့်ကို စောခွန်ကျော်ဝင်းက ဆွေးနွေးတင်ပြပေးခဲ့ကြောင်း သိရှိရပါသည်။
ပအိုဝ်းတစ်မျိုးသားလုံး အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကို ကရင်ပြည်နယ် ဒေသခံလူထု ကိုယ်စားလှယ် (၅၀) ဦး တက်ရောက်နိုင်ရန်အတွက် ခွန်အောင်နိုင်မှ ရှင်းလင်းတင်ပြပေးခဲ့ပြီး ဒေသခံကိုယ်စားလှယ်များရွေးချယ်ခြင်းကိုလည်း ဆောင်ရွက်ခဲ့ကြောင်း၊ “နိုင်ငံရေးဆိုတာ ကျယ်ပြန့်တယ် သူ့ရဲအခန်းကဏ္ဍမှာ အများအကျိုးကိုလုပ်ရမယ်၊ နိုင်ငံရေးအမြင်ကိုလဲ ကျယ်ကျယ်ပြန့်ပြန့်သိရမယ်၊ နိုင်ငံရေးလုပ်မည့်သူတစ်ယောက်ဟာ နိုင်ငံရေးနဲ့ ပတ်သက်သည့်အချက်အလက်များအားလုံးသိရမယ်၊ တိုင်းပြည်အတွက် လှုမှုရေး၊ ပညာရေး၊ တည်ငြိမ်အေးချမ်းရေး စသည့်အရာများကို အခြေခံပြီး နိုင်ငံရေးဟာ ဘယ်လိုဥပဒေနဲ့ဆွဲမလဲ၊ ဘယ်အရာကအဓိကကျမလဲ ဆိုသည်ကို နားလည်သဘောပေါက်ရန်လိုအပ်ပါတယ်။ အမျိုးသားများ၏ အခွင့်အရေးရရှိနိုင်ရန်အတွက် ၀ိုင်းဝန်းကြိုးပမ်းလုပ်ဆောင်မှသာလျှင် အခွင့်အရေးကို ရရှိလာနိုင်မည်ဟုယုံကြည်ပါတယ်။ လူဆိုတာ ဘာမဆိုမဖြစ်နိုင်သည့်အရာတစ်ခုဆိုတာမရှိပါဘူး ကြိုးစားမှု အပေါ်မှာ အောင်မြင်မှုဆိုတာရလာနိုင်တယ်” ဟု ဒေါ်ကြည်အောင်က ပြောကြားကြောင်းသိရှိရပါသည်။ ထိုလူထုတွေ့ဆုံပွဲအခန်းအနားသို့ ကရင်ပြည်နယ် ပအိုဝ်းလူထုကိုယ်စားလှယ် (၂၄၆) ဦးတက်ရောက်ကြောင်း သတင်းရရှိပါသည်။

ပျူခမ်းနင်း

Powered by Blogger.