Sunday, January 22, 2017

“ခေတ္တစည်းလုံးမှုမှ ထာဝရစည်းလုံးမှုသို့”

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ (၂၃) ရက်


အေးချမ်းလှသော ဒီဇင်ဘာဆောင်းမနက်နံနက်ခင်းတစ်ရက်တွင် ပတ်ဝန်းကျင်မှ တိုက်ခတ်လာသော နှင်းဓာတ်ပါသောလေကြောင့် အိပ်ရာမှမထချင်လောက်အောင်ပင် မိမိ၏ ခြေများလက်များအစ တစ်ကိုယ်လုံးအေးစက်နေလေ၏။ သို့သော် မိမိနှလုံးသားအတွင်းပိုင်း တစ်နေရာမှလှုပ်ဆွလာပေးသော အနွေးဓာတ်ကြောင့်  မိမိကိုမိမိ နေသာထိုင်သာဖြစ်နေလေ၏။ အကြောင်းမှာကား ၂၀၁၆-ခုနှစ်၊ ဒီဇင်ဘာလ(၂၃)ရက်၊ သောကြာနေ့ နံနက်(၉း၀၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်း၊ ဈေးပိုင်းရပ်ကွက်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးဝင်းအတွင်း ဖွင့်လှစ်လိုက်သော “ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးလုပ်ငန်းကော်မတီရုံးဖွင့်ပွဲအခမ်းအနား”မှ မိမိတစ်သက်တွင် တစ်ခါမှမြင်တွေ့ခွင့်မရခဲ့သော စစ်ရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး အစအစရှိသော ပအိုဝ်းအမျိုးသားရေးကို ဘက်ပေါင်းစုံမှ လှုပ်ရှားနေသော ပအိုဝ်းလူမျိုးအဖွဲ့ပေါင်းစုံ၏ စုံစုံလင်လင် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ပီတိကိုယ်စီဖြင့် ဆုံဆည်းနေမှု မြင်ကွင်းပင်ဖြစ်ပါလိမ့်မည်။  ထိုလုပ်ငန်းကော်မတီသည်လည်း ပအိုဝ်းအမျိုးသားရေးအတွက်လှုပ်ရှားနေကြသော အဖွဲ့ပေါင်းစုံဖြင့်ဖွဲ့စည်းထားသည်ဟု ထပ်မံကြားသိရ၍ မိမိ၏မျက်စိမိမိ၏နားကို မယုံကြည်နိုင်လောက်အောင်ပင် ဖြစ်မိသကဲ့သို့ မိမိနှလုံးခုန်နှုန်းကို ပိုမိုနိုးဆွစေသည်မှာအမှန်ပင်။ ထိုအဖွဲ့အစည်းများသည်လည်း အမျိုးသားရေး အလုပ်လုပ်ကိုင်ရာတွင် သွားရာလမ်း၊ လာရာလမ်းများနှင့် သွားပုံသွားနည်း၊ လာပုံလာနည်း မတူသော်လည်း နောက်ဆုံး မိမိတို့ပအိုဝ်းလူမျိုးများရောက်ရှိလိုသော အဓိကအန္တိမပန်းတိုင်မှာ အတူတူပင်ဖြစ်ကြောင်းကို မိမိတို့လူမျိုးအဖွဲ့ပေါင်းစုံ၊ လူကြီးလူငယ်မကျန် မျက်နှာချင်းဆိုင်ကာ စုစုစည်းစည်းရှိနေခြင်းဖြင့် သက်သေပြလိုက်ခြင်းဖြစ်သည်။

မိမိတို့ရောက်လိုသောပန်းတိုင်ကို မြန်မြန်ရောက်ဖို့ စုပေါင်းခေါင်းဆောင်မှုဖြင့် မိမိတို့ ကျွမ်းကျင်ရာ အခန်းကဏ္ဍကိုယ်စီတာဝန်ယူကာ အမျိုးသားရေးကိုတတ်နိုင်ရာ တစ်ဖက်တလမ်းမှ  အားကြိုးမာန်တက် လုပ်ဆောင်နေကြသည်ဟုဆိုလျှင်လည်း မှားမည်မဟုတ်ပေ။ ထိုကဲ့သို့အဖွဲ့ပေါင်းစုံနှင့် စုစုစည်းစည်း ဖြင့်မီးရထားစက်ခေါင်းကဲ့သို့ ဦးဆောင်မည်ဆိုလျှင် ကျွန်ုပ်တို့ပြည်သူလူထုများသည်လည်း မီးရထား နောက်တွဲကဲ့သို့ တစ်သွေးတည်းတစ်သားတည်းဖြင့် တစ်ဖ၀ါးမခွာလိုက်ပါမည် ဟုပြောလိုပါသည်။ ထို့ကြောင့်ခေါင်းဆောင်များကိုလည်း ဆက်လက်ဦးဆောင်ကြပါ ဆက်လက်ခေါင်းဆောင်ပေးကြပါဟု ပြောလိုပါ၏။ လွန်ခဲ့သောကာလ ၂၀၁၅-ခုနှစ် ရွေးကောက်ပွဲမတိုင်ခင် မိမိတို့၏သွေးချင်းညီအစ်ကိုဖြစ်သော ရခိုင်လူမျိုးတို့သည် တစ်ပါတီတည်းဖြင့်တစ်စုတစ်စည်းတည်း စုစည်းနိုင်၍ ရွေးကောက်ပွဲတွင် ပြိုင်ဘက်ကိုအလှဲထိုးပြပြီးပြီ။ ထို့အပြင် သွေးချင်းကရင်လူမျိုး တို့သည်လည်း လက်နက်ကိုင် အဖွဲ့ပေါင်းစုံစုစည်းကာ “ကော်သူလေးတပ်မတော်” ဟု ဖွဲ့စည်းနိုင်ခြင်းကို မိမိသိရှိရလိုက်သော် ကရင်လူမျိုးကိုယ်စား ပိုမိုအားရကျေနပ်မိပြန်၏။ ထို့အပြင် သွေးချင်းကရင်တို့သည်လည်း ရွေးကောက်ပွဲပြီး ပြိုင်ဘက်များ၏ အလှဲထိုးခြင်းကိုခံရသည်သာမက မယုံကြည်နိုင်သော အရှုံးရလဒ်များကြောင့် “မိမိတို့လူမျိုးများပါတီအချင်းချင်းပူးပေါင်းမှရမည်” ဟု သဘောပေါက်လာကာ စုစည်းကြမည်ဟု ထပ်မံကြားသိရသောကြောင့် မိမိပအိုဝ်းလူမျိုးအနေဖြင့် ထိုကဲ့သို့စုစည်းနိုင်လျှင် ကောင်းမည်ဟု တွေးမိပါသေးသည်။ သို့သော် မည်သည့်အတွက်ကြောင့် မစုစည်းနိုင်သနည်းဟူသောမေးခွန်းဖြင့်  မိမိကိုယ်ကိုပြန်ပြီး ဒွိဟဖြစ်စေခဲ့သည်လည်းအခါအခါပင်။  သို့သော် ယနေ့မိမိတို့ပအိုဝ်းလူမျိုးများသည်လည်း သွေးချင်းညီအစ်ကို ရခိုင်နှင့်ကရင်လူမျိုးများကဲ့သို့ နိုင်ငံရေးတွင် သာမက စစ်ရေးတွင်လည်းပူးပေါင်းနိုင်လျှင် နိုင်ငံရေးနည်းလမ်းဖြင့် တိုက်ခိုက်လာသောရန်များနှင့် စစ်ရေးနည်းလမ်းများဖြင့် တိုက်ခိုက်လာသော ရန်များစသော မည်သည့်ရန်မဆို မိမိတို့ကာကွယ်နိုင်မည်ဖြစ်သည်။ သို့သော် ပထမခြေလှမ်းအနေဖြင့် “ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁-ရာစု ပင်လုံ” အတွက် “ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးလုပ်ငန်းကော်မတီ”  ကို ခေတ္တအနေဖြင့် စည်းလုံးနိုင်ပြီဖြစ်၍ မိမိအနေဖြင့် ပြည်သူလူထုကိုယ်စားဝမ်းသာပီတိဖြစ်နေပြီ။  သို့သော် မိမိတို့ပအိုဝ်းလူထုများအနေဖြင့်ဖြစ်စေ ဆိုလိုသည်မှာ ယနေ့ကျင်းပပြုလုပ်သော ငြိမ်းချမ်းရေးအတွက်သာမက နောင်လာမည့် ကျန်ရှိနေသေးသည့် ပအိုဝ်းလူမျိုးများ၏ မည်သည့်အရေးမဆို ဦးဆောင်ဖြေရှင်းပေးနိုင်ရန်အတွက်  စစ်မှန်သော ထာဝရစည်းလုံးမှု ဆက်လက်စည်းလုံးပေးကြပါ။ သို့မှသာ မိမိတို့လူမျိုးအပေါ်ကျရောက်လာမည့် မည်သည့်အန္တရာယ်မဆို စုပေါင်းခေါင်းဆောင်မှုဖြင့် ကာကွယ်ပေးနိုင်လိမ့်မည်ဟု ခေါင်းဆောင်များကို တိုက်တွန်းလိုပါ၏။ မိမိတို့ပအိုဝ်းလူမျိုးသည် နှစ်ပေါင်းတစ်ထောင်နီးပါးထီးပျောက်နန်းပျောက်ဖြင့် လူတကာအနှိမ်ခံခဲ့ရသည့် ဒဏ်ရာသက်သာစေရန်နှင့် မိမိတို့လူမျိုးများအလိုရှိတောင့်တနေသော ပအိုဝ်းလူများ၏အန္တိပန်းတိုင်ကို ရှင်းရှင်းလင်းလင်း ဖော်ထုတ်ပေးနိုင်ရန်အတွက် ပအိုဝ်းပြည်သူများအနေဖြင့် “ခေတ္တစည်းလုံးမှု”ထက် စစ်မှန်သော “ထာဝရစည်းလုံးမှု” ကို ပိုမိုခုန်မင်နှစ်သက်သဘောကျ လိမ့်မည်ဆိုသည်မှာမလွဲဧကန်ပင်။ ဆိုလိုသည်မှာ မိမိတို့ပအိုဝ်းလူထုအနေဖြင့် ပအိုဝ်းလူမျိုးအခြေစိုက် အဖွဲ့အစည်းပေါင်းစုံပူးပေါင်း၍ “ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေး လုပ်ငန်းကော်မတီ” အတွက်သာမက လာမည့်အနာဂါတ်အတွက် ဆက်လက်ပူးပေါင်း၍ ငြိမ်းချမ်းရေးလုပ်ငန်းအတွက်သာမက မိမိတိုပအိုဝ်းလူမျိုးများနှင့် ပတ်သက်သည့် မည်သည့်အရေးမဆို ဦးစီးဦးဆောင်လုပ်ပေးကြပါ။ မိမိတို့ပအိုဝ်းလူမျိုး၏ရည်မှန်းချက်ပန်းတိုင်ကို အခက်ခဲမရှိ ချောချောမွေ့မွေ့ရောက်ရှိအောင် မိမိတို့ကို လမ်းညွန်မှုပေးကြမည်ဆိုလျှင် မိမိသာမက မိမိတို့ပအိုဝ်း ပြည်သူလူထုအနေဖြင့်လည်း စည်းစည်းလုံးလုံးဖြင့်  ခေါင်းဆောင်တို့လမ်းညွန်သော လမ်းကြောင်းအတိုင်း ပအိုဝ်းအရေးမှန်သမျှကို တစ်သွေမတိမ်း လိုက်ပါဆောင်ရွက်ပေးပါမည်ဖြစ်ကြောင်း ခေါင်းဆောင်များကို ပအိုဝ်းပြည်သူလူထုများနှင့်အတူ ဤနေရာတွင် ကတိပြုပါရစေ။

မကြာသေးမီကာလ ၂၀၁၅-ခုနှစ်၊ မတ်လ(၂၃၊၂၄၊၂၅)ရက်နေ့၊ ပအိုဝ်းအမျိုးသားဘက်စုံ ဖွံ့ဖြိုးရေး (ဒဲဉ်သီးဗွေ)ကွင်းတွင် ကျင်းပပြုလုပ်သော “ဆဌမအကြိမ် ပအိုဝ်းအမျိုးသားညီလာခံ” တွင် အောက်ဖော်ပြပါ ရှေ့လုပ်ငန်းစဉ်များ(၉)ချက်ကို ချမှတ်ခဲ့ပါသည်။

(၁) ပအိုဝ်းတိုင်းရင်းသားအချင်းချင်း အစဉ်ထာဝရစည်းလုံးညီညွတ်မှုရှိစေရန် ဦးတည် ဆောင်ရွက်မည်။
(၂) တိုင်းရင်းသားအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကို စွဲကိုင်ကာ တစ်ဦးပေါ်တစ်ဦးနားလည်မှုဖြင့် အပြန်အလှန်လေးစားတန်ဖိုးထားပြီး သွေးစည်း ညီညွတ်စေရန် ဖော်ဆောင်မည်။
(၃) စစ်မှန်သောမျိုးချစ်စိတ် ထာဝစဉ်ရှင်သန်ထွန်းကားစေပြီး  မိမိတို့အမျိုးဂုဏ်၊ ဇာတိဂုဏ် ကို သားစဉ်မြေးဆက် အမွေကောင်းပေးနိုင်ရန် စီမံဆောင်ရွက်မည်။
(၄) ဒို့တာဝန်အရေး(၃)ပါးကို အလေးထား၍ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၅၆)အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ပြဌာန်းချက်နှင့်အညီ အပြည့်အ၀ရရှိစေရန်ကြိုးပမ်း၍ တိုးချဲ့ဆောင်ရွက်သွားပါမည်။ ဥပမာအားဖြင့်ကျောက်တလုံးကြီးမြို့နယ်ခွဲအား မြို့နယ် အဖြစ်သတ်မှတ်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းသို့ ထည့်သွင်း ဖွဲ့စည်းနိုင်ရန်နှင့် အလားကိစ္စရပ်များရရှိရေး ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်သွားမည်။
(၅) ဒေသအတွင်း နေထိုင်ကြသော တိုင်းရင်းသားအားလုံး အခြေခံလူ့အခွင့်အရေးနှင့် ဒီမိုကရေစီအပြည့်အ၀ ရရှိခံစားနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်မည်။
(၆) ပအိုဝ်းတိုင်းရင်းသားများရှိရာဒေသတိုင်း တိုင်းရင်းသားပေါင်းစုံတို့၏ စာပေ၊ ဘာသာ စကား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းမြှင့်တင်ပြီး ယဉ်ကျေးမှု အမွေအနှစ် ဖော်ထုတ်ခြင်းကို အားပေးကူညီမှုဖြင့် ရှေ့ရှုဆောင်ရွက်မည်။
(၇) မိမိတို့တိုင်းရင်းသားများ ဒီမိုကရေစီကျင့်စဉ် ရင့်ကျက်စေရန်နှင့် အားလုံး လက်ခံကျင့်သုံးနိုင်စေရန် လေ့ကျင့်ပေးပြီး တိုင်းရင်းသားများလိုလားသည့် စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုစနစ်ပေါ်ထွန်းလာအောင် ဦးတည်ဆောင်ရွက်မည်။
(၈) ဒေသတွင်းဖွံ့ဖြိုးတိုးတက်စေရန် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊  လမ်းပန်းဆက်သွယ်ရေး၊ ကျေးရွာရေ၊ မီးကောင်းမွန်စေရန် တည်ဆောက်သွားမည်။
(၉) တိုင်းရင်းသားအချင်းချင်းချစ်ကြည်ရင်းနှီးမှုနှင့် ဒေသတွင်းတည်ငြိမ်အေးချမ်မှုများ ရရှိအောင် အလေးထားဆောင်ရွက်မည်။

အထက်ပါ ရှေ့လုပ်ငန်းစဉ်များ၏ ဆိုလိုရင်းမှာ မိမိတို့လူမျိုးအချင်းချင်း စည်းစည်းလုံးလုံး နေထိုင်ပြီး မိမိတို့မြင်တွေ့လိုသော မိမိတို့ရယူလိုသောပန်းတိုင်ကို ခေါင်းဆောင်တို့က ရှေ့မှဦးဆောင်ကာ ပြည်သူလူထုတို့ကနောက်မှလိုက်ပြီး အတူတကွလက်တွဲမဖြုတ်ဘဲ ဖြေးဖြေး နှင့်မှန်မှန် သွားရောက်ကြမည်ဟု ဆိုလိုခြင်းဖြစ်သည်ဟု စာရေးသူမြင်ပါသည်။   “အာ;ပေ;သားယို ထံ;အနာ အာ;တလာသားယို ထံ;အထျ” အားနည်းသူများက အဖျားကိုထမ်းပြီး အားကြီးသူများက အရင်းကထမ်းကာဟူသော စကားအတိုင်း  ပန်းတိုင်ကိုသွားမည်ဆိုလျှင် မိမိတို့ချမှတ်ထားသော အန္တိမပန်းတိုင်ကိုရောက်ရန် ခေတ္တခဏပင်ကြာမည်ဖြစ်ပြီး မိမိတို့စည်းလုံးမှုကြောင့် ပင်ပန်းမှုဒဏ်များကိုပင် မိမိတို့သတိထားသိရှိရလိမ့်မည် မဟုတ်ဘဲ စည်းလုံးမှု၏အစွမ်းတန်ခိုးကြောင့် ပန်းတိုင်ကို သူ့ဘာသာသူရောက်သွားပါလိမ့်မည်။ ထို့အပြင် မိမိတို့ခေါင်းဆောင်တို့သည်လည်း “နွားကွဲလျှင် ကျားဆွဲမည်” ဟူသောစကားကို စိတ်နှလုံးမူကာ အနာဂါတ်ပအိုဝ်းလူမျိုးများ၏ ကံကြမ္မာကို မိမိတို့ဖန်တီးနိုင်စေရန် “ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁-ရာစုပင်လုံ”  အတောအတွင်းတွင်သာ အကျုံးဝင်မည်ဖြစ်ပြီး နိုင်ငံရေးဆွေးနွေးပွဲပြီးလျှင် အလိုလိုပျက်ပြယ်သွားမည့် ရေတိုအတွက်သာ ရည်မှန်းထား၍ “ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးလုပ်ငန်းကော်မတီ” ဟူသော ကော်မတီဖွဲ့စည်းခြင်းသည် “ခေတ္တစည်းလုံမှု” ပင်ဖြစ်နေသည်ဟု မိမိထင်မြင်မိပါသည်။

ထို့ကြောင့် “ခေတ္တစည်းလုံမှု” ဟူသော ခဏတာရေတိုစည်းလုံးမှုမှ ပအိုဝ်းပြည်သူလူထုတို့ လိုလားတောင့်တနေကြသည့် “ထာဝရစည်းလုံးမှု” ဟူသော စည်းလုံးမှုအစစ်အမှန်သို့ရောက်ရှိအောင် ခေါင်းဆောင်တို့လည်း တစ်စုတစ်စည်းတည်းနေထိုင်လိုကြသည်ဟူသော မိမိတို့ပအိုဝ်းပြည်သူလူထု တို့၏စကားသံကို နားထောင်ပေးကြပါ။ ပအိုဝ်းပြည်သူလူထုတို့သည်လည်း စည်းစည်းလုံးလုံး နေလိုကြသည်ဟူသော စိတ်သဘောထားများကို ခေါင်းဆောင်များထင်သာမြင်သာဖြစ်အောင် ဆက်လက်ဖော်ထုတ်ပြသပေးကြပါ။ “ကြီးသူရိုသေ ရွယ်တူလေးစား ငယ်သူသနား” စကားအတိုင်း ကြီးသူဖြစ်သော ပအိုဝ်းအမျိုးသားရေးကို ဦးစီးဦးဆောင်လုပ်နေသော ခေါင်းဆောင်တို့က ငယ်သူဖြစ်သော ပအိုဝ်းပြည်သူလူထုတို့ကိုစာနာထောက်ထားကာ ပြည်သူလူထုဖြစ်စေလိုသော ဆန္ဒကိုလိုက်လျော ပေးကြပါ။ ငယ်သူဖြစ်သော ပအိုဝ်းပြည်သူလူထုတို့သည်လည်း ကြီးသူဖြစ်သော ပအိုဝ်းအမျိုးသားရေးကို ဦးစီးဦးဆောင်လုပ်နေသော ခေါင်းဆောင်တို့၏စကားကိုလည်း တစ်သွေမသိမ်းလိုက်နာ ထောက်ပံ့ပေးကြမည်ဆိုလျှင် ပအိုဝ်းလူမျိုးတို့ လိုလားတောင့်တနေသော “ရွှေပြည်တော်သည် မျှော်တိုင်းမဝေးပြီ” ဟု စာရေးသူအနေဖြင့်သုံးသပ်လိုပါ၏။  ထို့အပြင် အခြားညီနောင်တိုင်းရင်းသား ညီအစ်ကိုများကပင် အတုခိုးရလောက်သည့် ပအိုဝ်းလူမျိုးအဖွဲ့အစည်း ပေါင်းစုံပူးပေါင်း၍ စစ်ရေး၊ နိုင်ငံရေးတွင်သာမက ပအိုဝ်းအရေးအရာ မှန်သမျှကိုအချင်းချင်း ပူးပေါင်းတိုင်ပင်ကာ  “ပအိုဝ်းဆိုတာ တစ်အိုဝ်းတည်းရှိကြောင်း” ကို ပအိုဝ်းပြည်သူလူထုများကိုပြသရန် အချိန်ရောက်ပြီဟု စာရေးသူအနေဖြင့်ထင်မြင်မိပါသည်။  ထို့ကြောင့် ရွှေပြည်တော်မျှော်တိုင်းမဝေးဖို့ ပအိုဝ်းခေါင်းဆောင်များနှင့် ပအိုဝ်းပြည်သူလူထုတို့သည်လည်း “ခေတ္တစည်းလုံးမှုမှ ထာဝရ စည်းလုံးမှုသို့” ဟူသောမူကို နှလုံးမူကာ  “ရွှေပအိုဝ်းတို့ ဆက်လက် သွေးစည်းပြလိုက်ပါ။  ရွှေပအိုဝ်းတို့ ဆက်လက်စည်းလုံးပြလိုက်ပါ” ဟု ပအိုဝ်းခေါင်းဆောင်များနှင့် ပအိုဝ်းပြည်သူလူထုများကို စာရေးသူအနေဖြင့် ဂါရ၀တရားရှေ့ထားကာ တိုက်တွန်းရေးသားလိုက်ရပါသည်။

သာ;ယာ;လေလင်း နီပအိုဝ်;ခမ်း
ခွန်ယွေးယဲင်
ခမ်းစန္တာ;ဟေ့,
Powered by Blogger.