Monday, January 23, 2017

တောင်ကြီးမြို့နယ်၊ ဖါမွန်းကျေးရွာအုပ်စုတွင် ပအိုဝ်းစာဆရာအဖြစ်သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ (၂၄) ရက်


အထူးဒေသ(၆)၊ တောင်ကြီးမြို့နယ် ဖါမွန်းကျေးရွာအုပ်စု၊ ဖေါင်တော်ဆိုက်ကျေးရွာအုပ်စု၊ နောင်ကားကျေးရွာအုပ်စု၊ ထီဖောင်းကျေးရွာအုပ်စု ကျေးရွာ(၄)အုပ်စုမှ ဆရာတော် သံဃာတော်များနှင့် ကျေးရွာအုပ်စုဥက္ကဌများ ဦးဆောင်၍ (၃၈)ကြိမ်မြောက် ပအိုဝ်းစာဆရာအဖြစ်သင်တန်းကို ၂၀၁၇-ခုနှစ်၊ ဇန်နဝါရီလ(၁၈)ရက်နေ့မှ စတင်သင်ကြားပေးခဲ့ပြီး ဇန်နဝါရီလ(၂၃)ရက်နေ့ည အောင်ဆုသုခနားဗောင်ကျောင်းတိုင်တွင် သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ကြပါသည်။

အဆိုပါ ပအိုဝ်းစာဆရာအဖြစ် သင်တန်းဖွင့်လှစ်ရခြင်းသည် အစိုးရစာသင်ကျောင်းများတွင် ပအိုဝ်းစာသင်ကြားခွင့်ရရှိရန်သော်လည်းကောင်း၊ နွေရာသီအစိုးရကျောင်းပိတ်ရက်များတွင် မိမိကျေးရွာရှိ ကလေးသူငယ်များ ပြန်လည်သင်ကြားနိုင်ရန်အတွက်သော်လည်းကောင်း ရည်ရွယ်၍ မြို့နယ်အဆင့် မသင်ကြားနိုင်သေးပဲ အုပ်စုအဆင့်သာ သင်ကြားပေးနိုင်ခဲ့ကြောင်း အစိုးရစာသင်ကျောင်းများမပိတ်မီ အုပ်စုအဆင့် ကြိုတင်ပြီး ဆရာအဖြစ်သင်တန်း သင်ကြားလာခဲ့သည်မှာ(၃၈)ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း ထီဖေါင်းကျေးရွာအုပ်စု ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုဥက္ကဌ ဖြားခွန်စောဟန် ပြောကြားချက်အရ သိရှိရပါသည်။

ထိုပအိုဝ်းစာဆရာအဖြစ်သင်တန်းကို ကျေးရွာအုပ်စု(၄)အုပ်စုမှ ကထိကဆရာတော်များ၊ တာဝန်ရှိပုဂ္ဂိုလ်များက သင်ကြားပေးခဲ့ပြီး ကျောင်းသူ/ကျောင်းသားများ စုစုပေါင်း(၂၀၀)ရာကျော် တက်ရောက်သင်ယူခဲ့ကြသည်။ ယနေ့ည ဆုပေးပွဲကို နားဗောင်ကျေးရွာ အောင်ဆုသုခနားဗောင် ဘုန်းကြီးကျောင်းတွင် ရိုးရာဂီတ ရိုးရာအကပဒေသာများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ခွန်အောင်ထွိုက်ဗွေ
Powered by Blogger.