Monday, January 9, 2017

ငြိမ်းချမ်းရေးနှင့် ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ(အကြို) ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ (၁၀) ရက်











ပအိုဝ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပခွင့်ရှိသော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) နှင့်
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)တို့ ဦးဆောင်ပြီး ငြိမ်းချမ်းရေးနှင့် ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ(အကြို)ကို ဒီကနေ့ ဇန်န၀ါရီလ(၉)ရက်၊ တနလာင်္နေ့၌ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်(စံပြ)ကျေးရွာ၊ ဇေတ၀န်ပရိယတ္တိစာသင်တိုက်တွင် ဆက်လက်ပြုလုပ်ကျင်းပခဲ့ ကြောင်းသိရှိရပါသည်။

အဆိုပါ ဆွေးနွေးပွဲသို့ သူရိယခမ်း၊ သထွုံ;ပေ;၊ ဆီဆိုင်၊ ဆိုက်ခေါင်ဒေသ၊ လွိုင်ကော်တို့မှ ပအိုဝ်းအဖွဲ့အစည်းပေါင်းစုံ လူထုကိုယ်စားလှယ်(၂၆၀)ဦးကျော် တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ပထမဦးစွာ ဆွေးနွေးပွဲသို့ ကြွရောက်လာကြသော လူကြီးမင်းများနှင့် လူထုကိုယ်စားလှယ်များက ဇေတ၀န်ကျောင်း ဆရာတော်ထံမှ (၅)ပါးသီလနှင့် သြ၀ါဒစကား ခံယူပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)နာယက၊ ပအိုဝ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးကော်မတီ အကြံပေး ဖြားခွန်လာက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ထိုသို့ ပြောကြားရာတွင် ယနေ့ မိဘပြည်သူများကို လာရောက်တွေ့ဆုံရသည်မှာ ပအိုဝ်းတစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့် အခွင့်အရေးများနှင့် အကြောင်းအရာများကို ဆွေးနွေးရန်အတွက်သာဖြစ်ကြောင်း၊ ထိုသို့ ဆွေးနွေးရာတွင် မိဘပြည်သူများအနေနှင့် တက်တက်ကြွကြွ ပါဝင်ဆွေးနွေးရန် အရေးကြီးပါကြောင်း၊ ယနေ့အချိန်အခါသည် မိမိတို့ ပအိုဝ်းလူမျိုးများတန်းတူအခွင့်အရေးရရှိရန် အကောင်းဆုံးအချိန်ဖြစ်ကြောင်း၊ စစ်ပွဲတစ်ပွဲ ကျရှုံးလျှင် ပြန်တိုက်ယူ၍ လွယ်သော်လည်း နိုင်ငံရေးအရကျရှုံးလျှင် ပြန်ယူရန် ခက်ခဲလှကြောင်း၊ ထို့ကြောင့် ပအိုဝ်းတစ်မျိုးသားလုံး အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွင် မိမိတို့ လူမျိုးအကျိုးစီးပွားနှင့် တန်းတူအခွင့်အရေးရရှိနိုင်ရန် အတူတကွ လက်တွဲလုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြန်မာ့ငြိမ်းချမ်းရေးပေါ်ပေါက်လာပုံနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)အကြောင်းအရာများကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)ဥက္ကဌ၊ ပအိုဝ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးကော်မတီ ဥက္ကဌ ဖြားခွန်မြင့်ထွန်းက သော်လည်းကောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)နှင့် အမျိုးသားအဆင့် နိုင်ငံရေးဖြစ်ပေါ်လာပုံကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ UPDJCအဖွဲ့ဝင်၊ ပအိုဝ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးကော်မတီ ဒု-ဥက္ကဌ ဖြားခွန်ထွန်းရွှေက သော်လည်းကောင်း၊ ပအိုဝ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပလာခဲ့ပုံအသီးသီးကို ကျင်းပရေးကော်မတီ အတွင်းရေးမှူး(၁) ခွန်သောမတ်က သော်လည်းကောင်း အသီးသီး ရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့နောက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအပေါ် အမြင်သဘောထားနှင့် Panal Discussion အကြောင်းအရာများကို PNLOမှ ဗိုလ်မှူးသူရိန်၊ PNOမှ စောခွန်ကျော်ဝင်း၊ PYOမှ ခွန်ကျော်ဆွေနှင့် PWUမှ နန်းမို့မို့တို့က ဆွေးနွေးခဲ့ပြီး အမေးအဖြေကဏ္ဍများ ပြုလုပ်ကာ ဒေသခံဖြားခွန်စိန်ဝင်းက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ပအိုဝ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရန်နှင့် မိဘပြည်သူများ ငြိမ်းချမ်းရေးကို ပိုမိုနားလည်သဘောပေါက်လာစေရန် ရည်ရွယ်ကာ ငြိမ်းချမ်းရေးနှင့် ပအိုဝ်း တစ်မျိုးသားလုံးဆိုင်ရာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ(အကြို)များကို ပင်လုံနှင့် နောင်တရားမြို့နယ်ခွဲ၌ ကျင်းပပြုလုပ်ခဲ့ပြီး အခြားသော ပအိုဝ်းနေထိုင်ရာဒေသတွင်လည်း ဆက်လက်ပြုလုပ်သွားရန်ရှိကြောင်း သိရှိရပါသည်။

ခွန်အောင်ထွိုက်ဗွေ 

Powered by Blogger.