Friday, February 10, 2017

ပအိုဝ်းနာမည်မှည့်ခေါ်ခြင်းဖြင့် လူမျိုးဂုဏ်ကို ဖော်ထုတ်ခြင်း

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်


မိမိတို့ပအိုဝ်းလူမျိုးသည် ယခင်ခေတ်ကတည်းက ယနေ့မျက်မှောက်ခေတ်ကာလအထိ စာပေရေးသားခြင်းဓလေ့နည်းပါးသည့်အပြင် မိမိလူမျိုးနှင့်ဆိုင်သော သမိုင်းသုတေသနပြုစုရေးသားခြင်း၊ သမိုင်းဆိုင်ရာများ ဖတ်ရှုခြင်း၊ မိမိလူမျိုးနှင့်ဆိုင်သောသမိုင်းများမထားရှိခြင်းတို့ကြောင့် တစ်ခေတ်ပြီးတစ်ခေတ် သမိုင်းပျောက်ကွယ်မှုဖြစ်နေသည်သာမက မျက်နှာငယ်နေရသည်လည်း အကြိမ်ကြိမ်ဖြစ်နေပါသည်။ သမိုင်းအထောက်အထားမရှိသောကြောင့် မိမိလူမျိုးနှင့်ဆိုင်သော အခွင့်အရေးတောင်းဆိုချိန်တွင် အခက်အခဲများ စွာရှိနေသည်။ ထိုသို့တောင်းဆိုနိုင်ရန်အတွက် စကားဖွင့်ပြောရန်ပင် အားမရှိတော့ပေ။ နယ်ချဲ့ကျူးကျော်မှုနှင့် ပဒေသရာဇ်ကို တိုက်ခိုက်တွန်းလှန်ချိန်တွင် မိမိတို့ပအိုဝ်းလူမျိုးများ များစွာပါဝင်တိုက်ထုတ်ခဲ့ပါသော်လည်း သမိုင်းရေးသားခြင်း မရှိသောကြောင့် မိမိသမိုင်းသည် ယခုအချိန်တွင် လူမျိုးခြားသမိုင်းဖြစ်သွားသည် သာမက မိမိတို့ ပအိုဝ်းလူမျိုးကျေးရွာများသည်လည်း လူမျိုးခြားကျေးရွာများဖြစ်သွားသည်ကို တွေ့ရှိနေရပါသည်။

မိမိတို့ယခုအချိန်ကို ကြည့်ရှုလေ့လာခြင်းအားဖြင့် မိမိတို့ရပ်ရွာအမည်၊ ဘုန်းကြီးကျောင်းအမည်၊ ရုံး၊ ဘုရားစေတီ၊ လူအမည်၊ လမ်းတံတားအမည်စသော အကြောင်းအရာများစွာလည်း တခြားလူမျိုး၏ ၀ါးမျိုခြင်းခံနေရသည်ကို မြင်တွေ့နေရပါသည်။ ယခုအချိန်မှာ အမျိုးသားခေါင်းဆောင်တို့က နိုင်ငံတော်အစိုးရထံသို့ ကျောက်စိမ်းတုံးများလှူဒါန်းခြင်းအကြောင်း၊ သီရိလကာင်္နိုင်ငံမှ ဓါတ်တော်၊ စွယ်တော်ပင့်ဆောင်လာခြင်းအကြောင်း၊ ပိဋကတ်တရားတော်များပြန်လည်ရရှိခြင်းအကြောင်း၊ ပိဋကတ်တော်ကို ပအိုဝ်းဘာသာပြန်ဆိုခြင်းအကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲခြင်းအကြောင်း၊ အမျိုးသားတော်လှန်ရေးနေ့၊ အမျိုးသားနေ့၊ အာဇာနည်နေ့အကြောင်းစသော အကြောင်းအရာ အများအပြားကို သမိုင်းအဖြစ် ဖျောက်ဖျက်၍မရသော နည်းလမ်းများဖြင့် ကျောက်၊ အုတ်အင်၊ ပအိုဝ်းလူမျိုး၏ နှလုံးသားထဲသို့ ခိုင်ခိုင်ခန့်ခန့် ရေးသားထားသင့်ပေသည်။

ထိုထက်မက စေတီပုထိုးတည်ခြင်း၊ ပန်းပုထုခြင်း၊ ပန်းချီရေးဆွဲခြင်းစသော အလုပ်မျိုးကို ပြုလုပ်သောဝါသနာရှင်များသည်  မိမိတို့သွန်းလုပ်သောရုပ်ထုများကို မိမိတို့ပအိုဝ်းလူမျိုး၏ ရုပ်ထုများ၊ ရုပ်ပုံများဖြစ်သော သိုင်းကွက်အကများ၊ ဆွမ်းတော်တင်ပုံများ၊ မီးပဒေသာလှည့်လည်စီတန်းပုံများ၊ မင်္ဂလာဆောင်သောပုံရိပ်များ၊ လူသေကောင်(အသုဘ) ကို ထမ်းပို့သောပုံရိပ်များ၊ မြှပ်နှံသော ပုံရိပ်များစသော ပအိုဝ်းထုံးစံလုပ်ဆောင်ချက်များကို ထုလုပ်၊ ရေးဆွဲပုံဖော်ခြင်းဖြင့် မိမိလူမျိုးသမိုင်းကို ဖော်ထုတ်သင့်ပါသည်။

ကျေးရွာများကို မိမိလူမျိုး၏ နည်းပညာဖြင့်ရေးသားဖော်ထုတ်ပြီး အမည်နာမမှည့်ခေါ်ရာတွင်လည်း  ပအိုဝ်းနာမည်ဖြင့် မှည့်ခေါ်ရေးသားသင့်သည်။ ဥပမာ- ပင်လောင်းမြို့နယ်တွင်ရှိနေသော ရပ်ကွက်အမည် “ တ၀ီးမွူးကို ရင်းမှီး ”ဟု ပြောင်းမခေါ်သင့်ဘဲ ပအိုဝ်းအမည်အတိုင်းသာ ဆက်လက်ခေါ်ဝေါ်သင့်ပါသည်။ ထို့အပြင် ရပ်ကွက်များကိုလည်း ရပ်ကွက် (၁) (၂)ဟု ခေါ်ဝေါ်မည့်အစား ထိုရွာကို စတင်တည်ထောင်သောသူ၏ အမည်နာမကိုအမှီပြုကာ ဖြားဗီးဖါခေါဝ်၊ ဖြားဝါးရိန်းတခေါဝ်စသော ပအိုဝ်းအခေါ်များကို အသုံးပြုခြင်းဖြင့်ပြန်လည်ဖော်ထုတ်သင့်ပါသည်။ ထိုထက်မက လမ်းအမည်များကိုလည်း စံပယ်လမ်း၊ သစ္စာလမ်းစသောအမည်နာမမျိုးမှည့်ခေါ်မည့်အစား မိမိသမိုင်းကို ဂုဏ်ယူခြင်းအားဖြင့် သူရိယစန္ဒာလမ်း၊ ခွန်မနုဟာလမ်း၊ ခွန်မောင်းသားလမ်း စသောအမျိုးသားအာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂုဏ်ကို ပြန်လည်အမှတ်ရလာအောင် ကျင့်သုံးသင့်ပါသည်။ ထိုနည်းတူ ဘုရားကျောင်းကန် အမည်များကို ပအိုဝ်းလူမျိုးဂုဏ်တိုးတက်မြှင့်မားစေသော အမည်များကိုသာမှည့်ခေါ်သင့်ပေသည်။

ထို့ထက်မက မိမိတို့နေထိုင်တည်ရှိနေသော ရပ်ရွာကို စတင်တည်ထောင်သူ၊ တည်ထောင်သည့်ခုနှစ်၊ စတင်တည်ထောင်ချိန်တွင်ရှိနေသောလူဦးရေ၊ စတင်တည်ထောင်သူ၏လူမျိုး၊ ကိုးကွယ်ယုံကြည်မှု၊ နီးစပ်ရာရွာတွင် နေထိုင်သောလူမျိုး၊ စီးပွားရေးအခြေနေ စသောအကြောင်းအရာများကို သိသာထင်ရှားပြီး တည်မြဲခိုင်မာအောင် သမိုင်း ကမ္မည်းများရေးထိုးထားသင့်သည်။ ထို့နောက် ၂၀ရာစု၊ ၂၁ရာစုအတွင်း မိမိတို့ပအိုဝ်းလူမျိုးများ၏လှုပ်ရှားမှုများ၊ မိမိတို့ပအိုဝ်းလူမျိုးများ၏ အမှောင်ဘ၀မှ အလင်းရောင်ဘ၀သို့ရောက်ရှိလာခြင်းမှ ဦးဆောင်သူများ၊ လမ်းပြပေးသော ပုဂ္ဂိုလ်များ၊ ပအိုဝ်းလူမျိုးအများစု နေထိုင်ရာဒေသ၊ စာပေအခြေနေ၊ လူမျိုးရေး၊ ဘာသာရေးအမြင်၊ ယဉ်ကျေးမှုဓလေ့ထုံးစံစသော အကြောင်းအရာများကိုလည်း ရေးထားခြင်းဖြင့် နောင်တစ်ချိန်တွင် သမိုင်းဖြစ်လာမည်ဖြစ်သည်။

မိမိသမိုင်းကို မိမိကိုယ်တိုင်သာရေးသားမှသာ သမိုင်းမှန်ဖြစ်သလို မိမိလူမျိုးသမိုင်းကိုလည်း မိမိလူမျိုးရေးသားမှသာလျှင် သမိုင်းမှန်ဖြစ်သည်သာမက တစ်ခြားလူမျိုးရေးသားခြင်းဖြင့် တစ်ခြားလူမျိုး၏ သမိုင်းသာဖြစ်သွားမည်ဖြစ်သည်။ ထို့သို့ဖြစ်ခြင်းကြောင့် မိမိကြိုးစားထားသော လုပ်ရပ်မှန်သမျှ သဲထဲရေသွန်ဖြစ်သွားမည်မှာအမှန်ဧကန်ဖြစ်ပေမည်။

ထို့ကြောင့် မိမိမွေးဖွားလာသော သားသမီးများကိုလူမျိုးနာမည်မှည့်ခေါ်သင့်ပါသည်။ အရင်ချိန်တွင် မိမိလူမျိုးနာမည်မှည့်ခေါ်လျှင် ကျောင်းအပ်နှံချိန်နှင့် မွေးစာရင်းပြုလုပ်ရာတွင် အခက်အခဲဖြစ်သော်လည်း ယနေ့ခေတ်အချိန်မှာ မွေးစာရင်းများတွင်လည်း မိမိမှည့်ဆိုထားသော အမည်နာမအတိုင်း ရေးသားနိုင်ရန် သက်ဆိုင်ရာ ဆေးရုံဆရာ/ဆရာမများကလည်း အတတ်နိုင်(အမှန်ကန်)ဆုံးစာလုံးကို မတတ်တတတ် မေးမြန်းရေးပေးနေသည်ကို တောင်ကြီးမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေး (ဆေးရုံကြီး) တွင် လက်တွေ့မြင်နေရပေသည်။ မိမိ၏ အမည်နာမသည် ကိုယ်စားပြုမှု၏ အနှစ်သာရ ဖြစ်နေသည်ကိုလည်း လူတိုင်းသိရှိနားလည်နေကြပါသည်။

ထို့ကြောင့် မိမိမွေးဖွားလာသော သားသမီးများမှ အစ ရပ်ရွာ၊ လမ်း၊ ရုံး၊ ရွာဆိုင်းဘုတ် စသည့် မိမိလူမျိုးနှင့်ဆိုင်သော အချက်အလက်များအားလုံးကို မိမိတို့၏ ကိုယ်ပိုင်အခေါ်အဝေါ်၊ အသုံးအနှုန်း၊ ကိုယ်ပိုင်စကား၊ စာပေဖြင့် ရေးသားသုံးနှုန်းခြင်းအားဖြင့် မိမိလူမျိုး၏ ဂုဏ်အင်္ဂါရပ်ကို ထိန်းသိမ်းဖော်ထုတ်သင့်ကြောင်း ဤဆောင်းပါးဖြင့် တိုက်တွန်းအပ်ပါသည်။

နန်းဆောင်းလေပြေ (အွံအား)
Powered by Blogger.