ဓါတ်ပုံ - ပြည်ထောင်စုထဲက ပအိုဝ်း
စာပေသင်ကြားခြင်း(ပရိယတ္တိသာသနာ)၊ ကျင့်ကြံအားထုတ်ခြင်း(ပဋိပတ္တိသာသနာ)နှင့် ထိုးထွင်း သိမြင်ခြင်း(ပဋိဝေဒသာသနာ) သာသနာတော်သုံးရပ်ရှိရာတွင် စာပေသင်ကြားခြင်းသည် အခြေခံပဓာန အကျဆုံးလုပ်ငန်းဖြစ်သည်။ စာပေသင်ကြားခြင်း(ပရိယတ္တိသာသနာ)သည် ကန်ဘောင်နှင့်တူ၏ ကျင့်ကြံအားထုတ်ခြင်း(ပဋိပတ္တိသာသနာ)သည် ရေနှင့်တူ၏ ကန်ဘောင်ရှိမှ ရေတည်တံ့နိုင်သကဲ့သို့ ရေရှိမှ ကြာမျိုးငါးပါးလည်း ရေမှာ ရှင်သန်ပေါက်ရောက်ပြီး ပွင့်လန်းနိုင်သည်။ မဂ်ဖိုနိဗ္ဗာန်ကို ထိုးထွင်း၍ သိမြင်ခြင်းသည် ကြာနှင့်တူပါသည်။ ဤရေကန်ဥပမာသည် မြတ်စွာဘုရား၏ သာသနာတော်သုံးရပ်ကို ဥပမာတင်စားရာတွင် အဓိပ္ပာယ်ပြည့်စုံလှပေသည်။ တွေးမြင်ကြံဆလေ သဘောတရား ကျယ်ပြန့်လေ ဖြစ်ပေတော့သည်။
ဗုဒ္ဓသာသနာတော် အချိန်ကြာမြင့်စွာ တည်တံ့ခိုင်မြဲစေရန်အတွက် ပိဋကတ်စာပေများသည်များစွာ အထောက်အကူပြုပေသည်။ သာသနာတော်တည်တံ့ပြန့်ပွားစေရန်အတွက် ပရိယတ္တိစာပေသင်ကြားပို့ချသော သံဃာတော်တို့၏ ဂုဏ်ကျေးဇူးသည် အနန္တောအနန္တ အဆုံးအစမရှိ ကြီးမားကျယ်ပြန့်လှပါသည်။ သံဃာတော်တို့နောက်တွင် ဗုဒ္ဓသာသနာတော်ကို တည်တံ့ပြန့်ပွားအောင် ဆောင်ရွက်သော ပုဂ္ဂိုလ်တို့မှာ ပအိုဝ်းတိုင်းရင်းသားတို့၏ မော်(စာဟောဆရာဓမ္မကထိကလူပုဂ္ဂိုလ်) ဖြစ်သည်။ ဗုဒ္ဓမြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်ကပင် တရားဟောကျွမ်းကျင်သော လူပုဂ္ဂိုလ်ဓမ္မကထိကများ ရှိခဲ့ပါသည်။ အမျိုးသားများထဲတွင် စိတ္တသူကြွယ်သည် ထင်ရှား၏။ တရားဟောကျွမ်းကျင်သဖြင့် စိတ္တသူကြွယ်အား ထူးချွန်မှု “ဧတဒဂ်” ဘွဲ့ကို ဗုဒ္ဓမြတ်စွာဘုရားကိုယ်တိုင် ချီးမြင့်ပေးအပ်ခဲ့ပါသည်။
သာသနာတော်နှစ် ၁၆၀၁-ခုနှစ်၊ သက္ကရာဇ် ၄၁၉-ခုနှစ်၊ ခရစ်နှစ် ၁၀၅၇-ခုနှစ် အရိမဒ္ဒနပူရ ပုဂံပြည် အနောရထာမင်းက သုဝဏ္ဏဘူမိသထုံပြည်ဘုရင်မနုဟာကို စစ်ဖြင့်တိုက်ယူ၍ ပိဋကတ်သုံးပုံ အစုံသုံး ဆယ်ကို သုံးဆယ့်နှစ်စီးသော ဆင်ဖြူတော်ဖြင့် တင်ဆောင်ပြီးလျှင် ဘုရင်မိဖုရားနှင့်တကွ ရဟန်းသံဃာတော်များ၊ အသိပညာရှင်အတတ်ပညာရှင်များဘူမိကို ပုဂံပြည်သို့ ဆောင်နှင်းခဲ့သည်မှာ မြန်မာရာဇဝင် သမိုင်းကျမ်းတို့တွင် ထင်ရှားပါရှိလေသည်။ သုဝဏ္ဏဘူမိသထုံပြည်မှာ အုပ်ချုပ်သူဘုရင်မင်း၊ ကိုးကွယ်ရာ ရဟန်းသံဃာတော်နှင့် အသိပညာရှင် အတတ်ပညာရှင်များ မရှိတော့သည့်နောက်ပိုင်းကာလတွင် ပအိုဝ်းပြည်သူတို့သည် သထုံပြည်မှ ကိုးအုပ်စုခွဲ၍ ထွက်ခွာသွားကြသည်။
ကိုးအုပ်စုထဲတွင် မော်ထောဖာသည် ပခုက္ကူအုပ်စု ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်ခဲ့သည်။ အသိပညာအတတ်ပညာနှင့်လည်း ပြည့်စုံသည်။ ထိုစဉ်အခါကပင်လျှင် ဗုဒ္ဓသာသနာတော် ထွန်းလင်းပြန့်ပွားရန် သာသနာပြုကြသော ဓမ္မကထိက လူပုဂ္ဂိုလ်စာပေဟောဆရာ “မော်” ရှိခဲ့သည်ဟု သမိုင်းခြေရာခံ၍ သိရှိနိုင် သည်။
ရှေးခေတ်အခါ ဥက္ကလာပ၊ အသိတဉ္စန၊ ပေါက္ခရဝတီပြည်ဟု အမည်တွင်သော တိဂုမ္ဗဒဂုံဟုလည်း အမည်ရှိသော ယခုခေတ်မြန်မာနိုင်ငံ ရန်ကုန်းတိုင်းတွင် “မှော်ဘီ” အရပ်ဒေသသည်လည်း ကျော်စော ထင်ရှားသော သာသနာပြု ဓမ္မကထိက လူပုဂ္ဂိုလ်စာဟောဆရာ “မှော်ဘီ”၏ နေထိုင်ရာအရပ်ဒေသ တစ်ခုဖြစ်သည်။ ရန်ကုန်တိုင်း အင်းစိန်မြို့နယ်တွင် လူနေရပ်ကွက်အမည် တောင်သူကုန်းလည်းရှိနေသည်။ တောင်သူသည် ရှေးခေတ်ပအိုဝ်းလူမျိုးတို့၏ အမည်ဟောင်းဖြစ်သည်။
ခရစ်နှစ် ၁၇၅၅-ခုနှစ်တွင်မှ ကုန်းဘောင်မင်းဆက် အလောင်းမင်းဘုရားကြီးက ရန်အပေါင်းကို ကုန်စင်အောင်မြင်၍ ရန်ကုန်ဟု အမည်သစ်ခေါ်တွင်စေခဲ့ကြောင်း သိရသည်။ ဤသမိုင်း ဖြစ်စဉ်ဖြစ်ရပ်တို့ကို ခြေရာခံလိုက်၍ရသော အထောက်အထားတို့ဖြင့် ထင်မြင်ယူဆရမည်ဆိုပါက ပအိုဝ်းမော်သည် ရှေးခေတ်နှစ်ပေါင်းများစွာကတည်းက ရှည်လျားခဲ့ပြီဖြစ်သည်။
ပအိုဝ်းမော်(စာဟောဆရာ)သည် သာရေး၊ နာရေး၊ လူမှုရေးများ အရေးပါသော အခန်းကဏ္ဍများတွင် ပါဝင်လျက်ရှိကြပါသည်။ လူမှုရေးများတွင် ပါဝင်၍ ဗုဒ္ဓသာသနာပြုသူများဖြစ်သည်။ ပအိုဝ်းတို့ လူမှုရေး၊ ဘာသာရေးတို့တွင် လိမ္မာရေးခြားရှိအောင် တမလွန်လောက အကျိုးရှိအောင် ကျေးဇူးပြုသူမှာ ပအိုဝ်းမော်(စာဟောဆရာ) များပင်ဖြစ်သည်။
တောင်ကြီးမြို့ ပထမတောင်ကျောင်းကြီးစာသင်တိုက် ဦးစီးပဓာနနယကဆရာတော် ဘဒ္ဒန္တနရိန္ဒ အဂ္ဂမဟာပဏ္ဍိတဆရာတော်နှင့် ၁၉၇၃-၇၄-ခုနှစ် ရန်ကုန်တက္ကသိုလ် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုမဂ္ဂဇင်း တွင် ချမ်းသာ(လွယ်ကပ်)မှ ပအိုဝ်းမော်အကြောင်း သိကောင်းစရာဆောင်းပါးတွင် ပအိုဝ်းမော်အသင်း ဖွဲ့စည်းသင့်ကြောင်း တိုက်တွန်းနိုးဆော်အသိပေးခဲ့ပါသည်။ ၁၃၃၉-ခုနှစ် တပေါင်းလပြည့်နေ့ ခရစ်နှစ် ၁၉၈၇-ခုနှစ် မတ်လ (၂၃)ရက်နေ့တွင် တောင်ကြီးမြို့နယ်၊ နောင်ခဲကျေးရွာအုပ်စု၊ နောင်ယာသဲုင်၌ တပေါင်းလပြည့် ပအိုဝ်းအမျိုးသားနေ့အထိမ်းအမှတ်ပွဲတော်တွင်လည်း ပအိုဝ်းမော်ပုဂ္ဂိုလ်များ (၁၃၆)ဦး တက်ရောက်ခဲ့ပါသည်။
ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဗဟိုကော်မတီသည် ၁၉၉၇-ခုနှစ် သြဂုတ်လ (၁)(၂)ရက်နေ့ များတွင် တောင်ကြီးမြို့နယ်၊ ဖာမွန်းကျေးရွာအုပ်စု၊ ဖာမွန်းဘုန်းတော်ကြီးကျောင်း၌ စာပေယဉ်ကျေးမှုဗဟို အစည်းအဝေးတစ်ရပ်ကို ခေါ်ယူကျင်းပခဲ့သည်။ ထိုစာပေယဉ်ကျေးမှု အစည်းအဝေးပွဲသို့ တောင်ပေါ် မြေပြန့်မကျန် မြို့နယ်ပေါင်းစုံမှ စာပေယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ခဲ့ကြသည်။ ဤအစည်းအဝေးပွဲကြီးမှ စာပေယဉ်ကျေးမှု ရှေ့လုပ်ငန်းစဉ်များကို ချမှတ်နိုင်ခဲ့သည်။ ရှေးလုပ်ငန်းစဉ်များထဲတွင် ပအိုဝ်းမော် (စာဟောဆရာ)အသင်း ဖွဲ့စည်းရန် ပါရှိခဲ့လေသည်။
၁၉၉၉-ခုနှစ် နိုဝင်ဘာလ (၂၄)ရက် မှ (၁၀)ရက်အတွင်း ပအိုဝ်းဒေသအတွင်းရှိ မြင့်မိုရ်ခမ်း (အနောက်ပိုင်း)(အရှေ့ပိုင်း)၊ သူရိယခမ်း၊ ခွန်ဖြားဗွာခမ်း၊ စန္တာခမ်းဖြင့် (၅)နေရာခွဲ၍ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီဝင် ဦးစင်းခံလှ၊ ဦးခွန်မင်းကျော်၊ ဖြားမော်နန္တလူး၊ ဖြားမော်ပဲနှင့် ဝိဓူရခွန်ထွန်းတို့က စည်းရုံးရေးခရီးထွက်ပြီး ပအိုဝ်းမော်ပုဂ္ဂိုလ် (၃၁၉)ဦးတို့ကို စည်းရုံးနိုင်ခဲ့သည်။
၁၃၆၁-ခုနှစ်၊ ပြာသိုလပြည့်၊ ကြာသပတေးနေ့တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် အုပ်ချုပ်ရေးနယ်မြေရှိ တိုင်း(ခမ်း)အလိုက် ပအိုဝ်းမော်ဦးစီးအဖွဲ့ဝင် (၄)ဦးနှင့် မော်အဖွဲ့ဝင် (၃၁၉)ဦးတို့ကို စုစည်းပြီး ပအိုဝ်း မော်အသင်းကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့သည်။ ပအိုဝ်းမော်အသင်းတွင် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ဗဟို)ဥက္ကဋ္ဌ တစ်ဦးပါဝင်သော ပအိုဝ်းမော်နာယက (၃)ဦးနှင့် ပအိုဝ်းမော်ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင် များပါရှိသော အလုပ်အမှုဆောင် (၇)ဦးတို့ကို ပအိုဝ်းမော်အသင်း ဖွဲ့စည်းပုံစည်းမျဉ်းနှင့်အညီ အမျိုးဘာသာ သာသနာဆိုင်ရာလုပ်ငန်းများကို စည်းလုံးညီညွတ်စွာ ဆောင်ရွက်လျက်ရှိပါသည်။
ပအိုဝ်းမော်(စာဟောဆရာ) ဘဝသည် မိမိနေထိုင်ရာ ရပ်ရွာ၌လည်းကောင်း၊ အခြားရပ်ရွာဒေသ များသို့လည်းကောင်း၊ အလှူရှင်တစ်ဦးဖြစ်စေ၊ အလှူရှင်များစုပေါင်း၍ဖြစ်စေ ပင့်ဖိတ်သဖြင့် သွားရောက်၍ တရားဓမ္မများကို သင်္ဂြိုလ်ဟောပြောရပါသည်။ အများအားဖြင့် တစ်ရပ်တစ်ကျေးသို့ သွားရောက်၍ တရား ဓမ္မဟောကြားရပါသည်။ ပအိုဝ်းမော်(စာဟောဆရာ) ဘဝသည် ခရီးသွား၍ သာသနာပြုရသဖြင့် ဗုဒ္ဓမြတ်စွာဘုရားလိုလားနှစ်သက်သော ဘဝဖြစ်မည်ဟု ယူဆယုံကြည်ဖွယ်ရာရှိပါသည်။
သို့ဖြစ်ပါ၍ ပအိုဝ်းမော်(စာဟောဆရာ)တိုင်း မိမိတို့၏ ဘဝကို တန်ဖိုးထားမြတ်နိုးနိုင်ကြပါစေ၊ ပအိုဝ်းပြည်သူတို့ကလည်း အလေးဂရုပြုတန်ဖိုးထား မြတ်နိုးဖွယ်ရာကောင်းသော ပအိုဝ်းယဉ်ကျေးမှုဓလေ့ တစ်ခုကို အားပေချီးမြောက်နိုင်ကြစေ။
ကိုးကား - ပြည်ထောင်စုထဲက ပအိုဝ်းစာအုပ်မှ မျှဝေဖော်ပြခြင်းဖြစ်သည်။
လွန်းလွို
ခမ်းလွယ်လုံ(ပင်လောင်;)
Like On Facebook
Follow On Twitter
Subscribe On RSS