Wednesday, September 6, 2017

ရှမ်းပြည်နယ်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ (J.M.C.S) လူထုတွေ့ဆုံပွဲကို ဟိုပုံးမြို့တွင် ပြုလုပ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၆) ရက်








ရှမ်းပြည်နယ်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (J.M.C.S) လူထုတွေ့ဆုံပွဲကို ဟိုပုံးမြို့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးခန်းမ၌ စက်တင်ဘာလ (၆) ရက်၊ နံနက် (၈း၁၄) အချိန်တွင် ပြုလုပ်ကျင်းပကြောင်းသိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် (J.M.C.S) ရှမ်းပြည်နယ်မှ ဥက္ကဌ ဗိုလ်ချုပ်သန်းလှိုင်က အဖွင့်အမှာစကားပြောကြားပြီး ဒု- ဥက္ကဌ (၂) ဦးဝင်းတင့်က နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ JMC ၏ လုပ်ငန်းစဉ်များကို JMCS အဖွဲ့ဝင် ဗိုလ်မှူးကြီး နိုင်ဝင်းအောင်က သော်လည်းကောင်း၊ NCA/COC နှင့်တိုင်ကြားမှုဆိုင်ရာအကြောင်းကို JMCS အဖွဲ့ဝင် ရဲမှူးချုပ်အောင်အောင်က သော်လည်းကောင်း၊ အရပ်သားပြည်သူများနှင့် ပတ်သက်၍ နှစ်ဖက်တပ်ဖွဲ့များစောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်စည်းကမ်း ဆိုင်ရာများကို အတွင်းရေးမှူး (၁) ခွန်ထွန်းတင်က သော်လည်းကောင်း၊  ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ စစ်ဘက်ကျင့်ဝတ်များကို အတွင်းရေးမှူး(၂) ဒုတိယဗိုလ်မှူးကြီး လင်းထင်ကျော်က သော်လည်းကောင်း အသီးသီးရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် JMCS အဖွဲ့ဝင် ခွန်စိုးထွန်းအောင်က NCA အကြောင်း ပအိုဝ်းဘာသာဖြင့် ရှင်းလင်း ပြောကြားပြီး တက်ရောက်လာသည့် ပြည်သူလူထုများက မိမိတို့သိရှိလိုသည်များကို မေးခွန်းမေးမြန်းကာ သက်ဆိုင်ရာ ပုဂ္ဂိုလ်အသီးသီးတို့က ပြန်လည်ဖြေကြားခြင်းများပြုလုပ်ပေးခဲ့ပြီး (J.M.C.S) ရှမ်းပြည်နယ်မှ ဥက္ကဌ ဗိုလ်ချုပ်သန်းလှိုင် က နိဂုံးချုပ်အမှာစကားပြောကြားပေးခဲ့ပါသည်။

 ထိုတွေ့ဆုံပွဲပြုလုပ်ခြင်းနှင့် ပတ်သက်၍ "တွေ့ဆုံပွဲကတော့ အမြဲလုပ်ပါတယ်၊ တစ်လကိုတစ်ကြိမ်ပေါ့ ဒီလဆိုရင် (၄) နေရာလုပ်တယ် ဟိုပုံး၊ မောက်မယ်၊ မိုင်းပွန် ၊ JMC လုပ်ငန်းမှာဆိုရင် လူထုပူးပေါင်း လုပ်ဖို့လိုအပ်တယ်၊ ဒီJMC လူထုတွေ့ဆုံပွဲဟာ မြို့ပေါ်မာလဲလုပ်တယ်၊ ကျေးလက် ဒေသတွေမှာလဲ အနည်းငယ်ရှိတယ်၊ ဒီထက်မက ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့ ကျွှန်တော်တို့မှာ ရည်ရွယ်ချက် ရှိတယ်၊ မိုးတွင်းကာလမှာကျတော့ လမ်းဒေသခရီးခက်ခဲတဲ့အတွက် လာမည့်ပွင့်လင်းရာသီမှာ ဆိုရင် ဒီထက်မက လုပ်သွားမည်" ဟု အရပ်သားကိုယ်စားလှယ် ခွန်စိုးထွန်းအောင် ကပြောကြားခဲ့ပါသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ JMCS အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ပြည်သူလူထုများ  စုစုပေါင်း (၅၀၀) ခန့်တက်ရောက် ကြောင်းသိရှိရပါသည်။

ခွန်ယံသေ၊ အိနြေ္ဒခမ်

Powered by Blogger.