Thursday, February 9, 2017

ပအိုဝ်းမော် မျိုးဆက်သစ် များများပေါ်ထွန်းလာအောင် မွေးထုတ်ပေးရန် လိုအပ်ကြောင်း ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန်စင်ဖါအောင်ခမ်းထီ တိုက်တွန်း

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်





“ပအိုဝ်းမော် မျိုးဆက်သစ် များများပေါ်ထွန်းလာအောင် မွေးထုတ်ပေးရန် လိုအပ်သည်” ဟု ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီ(၉)ရက်နေ့၊ တောင်ကြီးမြို့၊ ကန်ကြီးရပ်ကွက်၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံဲ့ဖြိုးတိုးတက်ရေး (ဒဲဉ်သီးဗွေ)ကွင်း၊ အမျိုးသားခန်းမတွင် ပြုလုပ်သွားသော ပအိုဝ်းမော်(ဓမ္မကထိက)အဖွဲ့(PDMA) မျက်နှာစုံညီ တွေ့ဆုံပွဲတွင်  ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန်စင်ဖါအောင်ခမ်းထီက ဤသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တွေ့ဆုံပွဲတွင် ဖြားတန်စင်ဖါအောင်ခမ်းထီက “အရင်ကဆိုရင် တစ်ရွာမှာ ပအိုဝ်းမော် အနည်းဆုံး တစ်ယောက်ရှိတယ်၊ အခုက မရှိတော့ဘူး။ အခု စီးပွားရေး သောင်းကျန်းနေတဲ့ခေတ်မှာ ပအိုဝ်းမော်သာ တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားရင် လူထုတွေက လောဘ၊ ဒေါသဖက်ကို စိတ်အားထက်သန်ပြီး ဘုရား၊ တရားတော်ဘက်ကို လိုက်စားဖို့ အားနည်းသွားနိုင်တယ်၊ ဒါကြောင့် ပအိုဝ်းမော်ပညာရှင်များအနေနှင့် မျိုးဆက်သစ်များကို စနစ်တကျ လက်တွဲ မွေးထုတ်ပေးသင့်တယ်” ဟု တိုက်တွန်း အမှာစကား  ပြောကြားခဲ့ပါသည်။
ထို့ပြင် ဖြားတန်စင်ဖါအောင်ခမ်းထီက ပအိုဝ်းမော်သည် ဗုဒ္ဓသာသနာတော် ထွန်းကားရာ သုဝဏ္ဏဘူမိ သထုံပြည်ကတည်းကပင် တည်ရှိနေပြီ ဖြစ်ကြောင်း၊ ယခုကဲ့သို့ မိမိတို့ ပအိုဝ်းလူမျိုးများ နေထိုင်ရာအရပ်၌ သာသနာတော် ပြန့်ပွားနေသည်မှာ ပအိုဝ်းမော်များ၏ကျေးဇူးများ ပါရှိနေကြောင်း၊ ထို့ကြောင့် မော်ပညာများကို ဆက်လက်ထိန်းသိမ်းရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ဆရာတော် ပအိုဝ်းပိဋကတ် ဘာသာပြန် သံဃာတော်အဖွဲ့(ဗဟို) ဆရာတော် စန္ဒာဝရက “ပအိုဝ်းမော် အနေနဲ့ ဗုဒ္ဓမြတ်စွာဘုရား တရားတော်များကို ဟောပြောရာအခါ တရားအနှစ်သာရ များများထည့်ဟောဖို့ လိုအပ်ပါတယ်၊ တစ်ချို့မော်တွေက ပြက်လုံးတွေဘဲ ဟောနေတော့ မော်နဲ့မတူတော့ဘဲ လူရွှင်တော်နဲ့ သွားတူနေတယ်၊ မော်ဆိုတာ လူရွှင်တော်မဟုတ်ဘူးဆိုတာ သိထားရမယ်၊ ဒါပြင် တရားဟောရင် ရပ်ရွာတိုးတက်ရေး၊ တိုင်းပြည်တိုးတက်ရေး၊ အမျိုးဘာသာသာသနာ ပြန့်ပွားရေးကို ထည့်ဟောပြောဖို့ လိုအပ်တယ်” ဟု အမှာစကားတွင် မိန့်ကြားထားပါသည်။
ထိုပြင် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု(ဗဟို) ဥက္ကဌ ဖြားခွန်ဝင်းကိုကလည်း ပအိုဝ်းမော်သည် အခြားတိုင်းရင်းသားနှင့် မတူညီသော ပအိုဝ်းယဉ်ကျေးမှုတစ်ခုဖြစ်ကြောင်း၊ ပအိုဝ်းမော်ပညာကို လောကုတ္တရာအပြင် လောကီကိုပါ အကျိုးသောကြောင့် သာသနာအရေး၊ ဒေသအရေး၊ လူမျိုးအရေးတွင် အရေးကြီးလှပါကြောင်း၊ ထို့ပြင် ပအိုဝ်းမော် ထွန်းကားခြင်းအားဖြင့် တရားဥပဒေစိုးမိုးရေးကိုပါ ထိန်းသိမ်းကာကွယ်ရာ ရောက်ကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါ ပအိုဝ်းမော်တွေ့ဆုံပွဲတွင် စန္တာ;ခမ်း၊ သူရိယခမ်း၊ မျင်မိုရ်ခမ်း၊ ဖြားဗွာခမ်းရှိ မော်ပညာရှင်များ၊ မော်ဝါသနာရှင်များနှင့် အခြားသော ပုဂ္ဂိုလ်များ လူဦးရေ(၄၀၀)၀န်းကျင် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ခွန်ထင်;လေအောင်;

Powered by Blogger.