Tuesday, February 14, 2017

သမိုင်းအမှန်ရရှိဖို့ နေ့စဉ်မှတ်တမ်းပြုလုပ်စို့

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်


သမိုင်းဟူသည် အတိတ်ကဖြစ်ပျက်သွားပြီဖြစ်သော အကြောင်းအရာများ၏ အကောင်းအဆိုး၊ အနေအထိုင်၊ အလုပ်အကိုင်၊ ဓလေ့ရိုးရာ၊ စာပေ၊ ၀တ်စားဆင်ယင်မှု စသော လူမျိုးတစ်မျိုး၊ ဘာသာတရား တစ်ခု၊ နိုင်ငံတစ်နိုင်ငံ တို့၏ အကြောင်းအရာများကိုမှတ်သားထားခြင်းဖြင့် ယနေ့ခေတ် လူများကို အသိပေး ပြန်လည်မျှဝေပေးနိုင်ခြင်းသည် သမိုင်းရေးသားထားခြင်းဖြင့် အသုံးပြုနေကြပါသည်။
သမိုင်းသည် လူမျိုးတစ်မျိုး၏ အသက်သွေးကြောပမာဖြစ်နေသည်ကို လူတိုင်းသိရှိနေ မည်ဖြစ်သည်။ ခိုင်လုံသော သမိုင်းအထောက်အထားရှိရန်အတွက် ယခုဖြစ်ပျက်နေသော အကြောင်းအရာကို ယခုလိုက်ပြီး ရေးသားပြုစုထားမှသာလျှင် သမိုင်းအမှန်ရရှိမည်ဖြစ်သည်။ သမိုင်းမှန်ကန်မှသာလျှင် ခိုင်မာမှုရှိသည် သာမက သမိုင်းအမှန်ကို သိရှိပြီး မျိုးချစ်စိတ်ဓါတ်ရှင်သန်လာမည်ဖြစ်သည်။  သမိုင်း၏ အမှန်တရားကို ကိုင်ဆောင်ပြီး မိမိသမိုင်းကို ဖော်ထုတ် လေ့လာဖတ်ရှုနေသော လူငယ်များသည်လည်း အားအင်ပြည့်ဝကာ လူတကာအတွင်း  ၀င်ရောက်ပြောဆိုနိုင်မည်ဖြစ်သည်။
ဤသို့သမိုင်းအမှန်ကို ရေးသားပြုစုနိုင်ရန် မိမိတို့မည်သည့်လူမျိုး၊ မည်သည့်အဖွဲ့အစည်းတွင်မဆို မိမိတို့နေ့စဉ်ပြုလုပ်နေသော အလုပ်အကိုင်၊ အပြုအမူ၊ ၀တ်စားဆင်ယင်မှု လှုပ်ရှားမှုအရာအားလုံးကို နေ့စဉ်မှတ်တမ်းပြုလုပ်ပြီး မှတ်သားထားလျှင် ထိုမှတ်သားထားသော အရာသည် နောက်နေ့အချိန်ကစပြီး သမိုင်းဖြစ်လာမည်ဖြစ်သည်ကို လူတိုင်းသိရှိနေပေသည်။ သို့သော် ထိုသို့ပြုလုပ်သွားလျှင် နောင်တစ်ချိန် သမိုင်းဖြစ်လာမည်ကို လူတိုင်း သိရှိသော်လည်း ထိုသို့ပြုလုပ်နေသူသည် ရာခိုင်နှုန်းထက်ဝက်ရှိနေလျှင် မိမိတို့ယနေ့အချိန်လို မခိုင်လုံသောသမိုင်းရှိနေမည်မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် နေ့စဉ်မှတ်တမ်းကို ပြုစုမှသာ သမိုင်းအမှန်ကို ရရှိနိုင်မည်ဖြစ်သည်။ မှတ်တမ်းကို နေ့စဉ်မှတ်သားမှုမရှိပါက သမိုင်းအမှန်ရရှိနိုင်ရန် ခက်ခဲသည်သာမက ခိုင်လုံမှုရှိရှိနှင့် ပြန်လည် မျှဝေနိုင်မည်မဟုတ်ပါ။ ဤသို့ပြောဆိုရခြင်းမှာ မိမိတို့ပအိုဝ်းလူမျိုး၏ နောက်ဆုံးမင်းဆက်နှင့် အနော်ရထာ မင်းထံ စစ်သုံ့ပန်းခံခဲ့ရသော မနုဟာမင်းသည်  မိမိပအိုဝ်းလူမျိုး၏ မင်းဟု မှတ်သားမိသော်လည်း မိမိ လက်လှမ်းမီသမျှ ဖတ်ရှုနေရသောသမိုင်းမှာ စာအုပ်တစ်ချို့တွင် မိမိတို့ ပအိုဝ်းမင်းဖြစ်သည် ဆိုသည့်အကြောင်း နှင့်   မိမိတို့ပအိုဝ်းလူမျိုးအမှတ်အသားပါသည့် သင်္ကေတတစ်စုံတစ်ခုမျှ မတွေ့ရှိရသည့် အပြင် စာအုပ်တစ်အုပ်တွင် “(မောင်ကြည်ပန်း) ရေးသော မွန်+ဗမာတို့၏ မနုဟာ” ဟူသော စာအုပ်တွင် မနုဟာ အကြောင်း ကို ရေးသားရာ၌ မွန်ဘုရင် ဆိုသော စကားလုံးကို ထပ်ခါထပ်ခါ ဖတ်ရှုနေရပါသည်။ ထိုထက်မက သမိုင်း သုသေသန “ဦးစံဝင်းရေးသားသော သုဝဏÖဘူမိသုတေသန”ကို ဖတ်ရှုပြန်သော်လည်း မိမိတို့ပအိုဝ်း လူမျိုးနှင့် သက်ဆိုင်သော (နှိုင်းယှဉ်စရာ) အရာများ တစိုးတစဉ်းမျှ တွေ့ရှိရခြင်းမရှိပါ။
ထို့နောက် ဘုန်းပြည့်တေဇာ ရေးသားသော “မနုဟာသခင်ကြီး၏ လျို့ဝှက်မှတ်တမ်း” စာအုပ်တွင် လည်း မိမိမျော်မှန်းထားသော ပအိုဝ်းသင်္ကေတ တစ်စုံတစ်ရာမျှ ကောက်နုတ်ချက်တစ်စုံတစ်ခုမျှ မရရှိခဲ့ပါ။ ထိုသို့ဖြစ်ဖန်များလာ၍    မိမိကိုယ်ကိုပင် သံသရ၀င်လာမိပါသည်။ မိမိသည်လည်း အရင်အချိန်က သမိုင်း ကို စိတ်ဝင်စားမှုမရှိခဲ့ခြင်းသည် ယခုအချိန်ခါမှ နောင်တကြီးစွာရမိပါသည်။ အဘယ်ကြောင့်နောင်တ ရမိကြောင်းကို မိမိသည် မြန်မာနိုင်ငံအတွင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးများအားလုံးကို ဖိတ်ခေါ် သောသင်တန်းတစ်ခုကို မိမိသည်လည်းသွားရောက်ပြီး ထိုသင်တန်းကို တက်ရောက်ခဲ့ပါသည်။
ထို့အတူပင် ထိုသင်တန်းကို မိမိနည်းတူ ကျန်တိုင်းရင်းသားများသည်လည်း တက်ရောက်ကြပါသည်။ ထိုသို့သင်တန်းကို တိုင်းရင်းသားအားလုံးတက်ရောက်လာပြီး သမိုင်းများအကြောင်း၊ ရေခံမြေခံ များအကြောင်း စသော ထွေရာလေးပါးပြောဆိုဆွေးနွေးကြပါသည်။ ထိုသို့ထွေရာလေးပါး ဆွေးနွေးနေချိန် တွင် သမိုင်းအကြောင်းကိုဆွေးနွေးရန် အချိန်ကျပြီး မိမိသည်လည်း ပအိုဝ်းတိုင်းရင်းသားတစ်ဦးဖြစ်သော ကြောင့် မိမိလေ့လာမိသမျှ မိမိလူမျိုးသမိုင်းကိုလည်း ကျန်တိုင်းရင်းသားများနည်းတူ ဆွေးနွေးတင်ပြ ပါသည်။  
ဤသို့ဆွေးနွေးရင်းနှင့် မိမိသည် မိမိလူမျိုး၏ နောက်ဆုံးမင်းဆက်ဖြစ်သော ခွန်မနုဟာမင်း အကြောင်းကို ဆွေးနွေးရာ မနုဟာသည် မိမိတို့ပအိုဝ်းလူးမျိုး၏ မင်းဖြစ်ကြောင်းကို လေ့လာမိသမျှ ပြန်လည်မျှဝေ  လိုက်ပါသည်။ မိမိသည် ပအိုဝ်းအဆိုတော် ခွန်အောင်နိုင်သီဆိုထားသော သီချင်း “သုဝဏ္ဏမွူးပြေ့ခိန်း” ဆိုသည့်သီချင်းကိုလည်း အလွှတ်နီးပါးလေ့ကျင့်ထားသောကြောင့် အားအင် အပြည့်ဖြင့် မိမိသမိုင်းကို ယုံကြည်မှုနှင့် တိုင်းရင်းသားများအကြားဆွေးနွေးခဲ့ပါသည်။  ထိုသို့မျှဝေချိန်တွင် မွန်ဟူသော တိုင်းရင်းသားကလည်း မနုဟာမင်းသည် မွန်လူမျိုး၏မင်းဖြစ်ကြောင့် မွန်သမိုင်းတွင်(အခိုင်အမာ) ရှိကြောင်း စသော နားလည်ရခက်ခဲသော မိမိသိထားသောသမိုင်းကို ရှုပ်ထွေးစေသော အကြောင်းအရာ များလည်း ကြုံစေခဲ့ပါသည်။ထိုသို့ဖြစ်ခြင်းကြောင့် မိမိသည် သမိုင်းကို ပိုမိုစိတ်ဝင်စားပြီး ရရာစာအုပ်များကို စုစည်းကာ ပြန်လည်လေ့လာရပါသည်။ မိမိစိတ်ထဲတွင် မိမိသိထားသော မနုဟာသမိုင်းသည် မွန်တိုင်းရင်းသား ပြောသလို မွန်မင်းမဟုတ်ဘဲ မိမိတို့ပအိုဝ်းလူမျိုး၏ မင်းသာ ဖြစ်ပါစေဟု ဆုတောင်းနေမိပါသည်။
စိုးရိမ်စိတ်နှင့် အကြိမ်ကြိမ် ဆုတောင်းနေရခြင်းမှာမိမိတို့ လူမျိုးသည် သမိုင်းရေးသည့် အကျင့်စရိုက်များ  မရှိသောကြောင့်နှင့် မိမိသည်သမိုင်းလေ့လာမှုအားနည်းနေသေးသောကြောင့်ဖြစ်သည်။ ထိုသို့ ဖြစ်နေမည် ဆိုလျှင် မိမိသမိုင်းဖြစ်နေသော် တစ်ခြားသူးမျိုး၏ သမိုင်းဖြစ်သွားနိုင်သောကြောင့် မိမိတို့ ပအိုဝ်းလူမျိုး အားလုံး သတိရှိနေသင့်တော့သည်။
ထိုသို့ပြောဆိုရခြင်းမှာ ကမ္ဘာကြီးတည်ရှိနေသရွှေ့  မိမိတို့ပအိုဝ်းလူမျိုးသည်လည်း တည်ရှိနေမည် မဟုတ်ပါလော။ ထိုသို့ခိုင်ခိုင်ခန့်ခန့်တည်ရှိနေနိုင်ရန် မိမိတို့သည် သမိုင်းကို ရေးနေသင့်ပေသည်။ ရှေးသမိုင်းများကို ပြန်လည်ရေးသားရန် မတတ်နိုင်သော်လည်း မိမိတို့မျိုးဆက်သစ် အတွက်လိုအပ်သော သမိုင်းများကို ယနေ့အရွယ်ရောက်ပြီဖြစ်သော စာရေး စာဖတ် စာပေ ပရိတ်သတ်များမှ သမိုင်းကို ရေးသားသင့် ပေသည်။ ယနေ့လူငယ်အများစုသည် သမိုင်းကို ရေးရန်အားထုတ်မှုမရှိရုံသာမက ရှေးလူကြီး များရေးသားပေးထားသော သမိုင်းကိုပင် ရှာဖတ်ဖို့ရန် ခက်ခဲနေကြသေးသည်။ ထိုသို့မဖြစ်သင့်ပေ။ ဤသည်မှာမိမိတို့လူမျိုးအနာဂတ်အတွက် အနုတ်လက္ခာဏာဆောင်နေပါသည်။
အတိတ်သမိုင်းသည် အနာဂတ်အတွက် အားအင်ဖြစ်စေသော လက်နက်ကောင်းတစ်လက် ဖြစ်စေပါသည်။ အတိတ်သမိုင်းဖြစ်စဉ်အလုံးစုံကိုသိမှသာ မိမိတို့ အတွက် အားနည်းချက်၊ အားသာချက်ကို သိရှိပြီး ပစ္စုပ္ပန်ကာလဆောင်ရွက်နေသော လုပ်ငန်းများကိုပြင်၊ ဖြည့် သုံးသပ်လုပ်နိုင်မည်ဖြစ်သည်။  သမိုင်းရေးကျင့် မရှိသောကြောင့် တိုင်းရင်းသားလူမျိုးများပျောက်ကွယ်ရသည်လည်း ရှိနေပါသည်။ မိမိတို့  ပအိုဝ်းလူမျိုးသည် ပျူလူမျိုးစစ်စစ်ဖြစ်ခဲ့သော်လည်း သမိုင်းခိုင်လံမှုမရှိခြင်း၊ ပိဋ္ဋကတ်တော်လက်တွင်း ရှိနေသော်လည်း သူများလက်တွင်းသို့ကျရောက်သွားပြီ မဟုတ်ပါလော။ သမိုင်းရေးသားထားမှုမရှိဘဲ ဘုန်းတန်ခိုးအရ ပျူမှ ပအူ၊ ပအူမှ တောင်သူ၊ တောင်သူမှ ပအိုဝ်းဟူသည့် အဆင့်ဆင့်ပြောင်းလဲလာခဲ့ပြီ သာမက သုဝဏ္ဏဘူမိသည် မိမိတို့ပအိုဝ်းလူမျိုးအတွက် တိုင်းပြည်ဖြစ်ခဲ့ပါသော်လည်း မွန်လူမျိုးတို့က ထိုတိုင်းပြည်သည် မွန်တိုင်းပြည်ဟုပင် ပြောဆိုနေကြသည်ကို မိမိသည် ပအိုဝ်းလူမျိုးတစ်ဦးအနေဖြင့် ခံစားနေရ၍ ရောင်းရင်းများလည်း ပအိုဝ်းလူမျိုးဖြစ်နေလျှင် ခံစားရမည်ပင်ဖြစ်သည်။ ဤသို့ပြောဆိုနေရခြင်းမှာ မိမိတို့ယခုရှိနေသောသမိုင်းကို မယုံကြည်၊ မပြည့်စုံဟု မဆိုသာ။ ရရသမျှကို စုဆောင်းမှတ်သားလေ့လာပြီး သမိုင်းရေးကျင့်ပြုစုသင့်သည်ဟု ဆိုပါသည်။ စုဆောင်းရရှိသည့် သမိုင်းများကိုလည်း မိမိအပါအ၀င် ပအိုဝ်းလူငယ်များအားလုံးကို မျှဝေပေးစေချင်ပါသည်။
သမိုင်းမရှိသောလူမျိုးသည် လူမျိုးကြီးဖြစ်နေပါသော်လည်း  အရာအားလုံးသည် တစ်ခြားလူမျိုး၏ ပစ္စည်းဥစ္စာပင်ဖြစ်သွားတတ်ပါသည်။ တိုင်းပြည်နှင့် သမိုင်းမရှိသောလူမျိုးသည် လူအနှင့် မခြားနားပေ။ ဖွင့်ပြောဖို့ ပါးစပ်ပါနေသော်လည်း မပြောတတ်၊ ဖိနှိပ်မှုလည်းခံနေရသောကြောင့်ဖြစ်သည်။ ထို့ကြောင့် မိမိတစ်ဦးတစ်ယောက်မှအစ ဘယ်သူမဆို၊ ဘယ်အဖွဲ့အစည်းမဆို မိမိတို့အဖွဲ့လုပ်ဆောင်နေသော လုပ်ငန်း၊ လှုပ်ရှားမှုမှန်သမျှ နေ့စဉ်မှတ်တမ်းပြုလုပ်ပြီးထိုမှတ်တမ်းကို အမှီပြုကာ သမိုင်း ရေးသား ကြပါရန်နှင့် မိမိကြုံတွေ့ခဲ့ရသော အငြင်းပွားစရာကိစ္စကိုအရင်းခံပြီး ရေးသားထားသော ဤဆောင်းပါးကို ဖတ်ရှုပြီး သင်ခန်းစာယူကြပါရန် တိုက်တွန်းလိုက်ရပါသည်။

နန်းဆောင်းလေပြေ (အွံအား)

Powered by Blogger.