Monday, February 13, 2017

Facebook စာမျက်နှာပေါ်ရှိ ပအိုဝ်းတက္ကသိုလ်မောင်မယ်များသို့

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄) ရက်


ကျွန်တော်ယခင်ကရေးသားခဲ့သော ဆောင်းပါးများကို ဖတ်ဖူးသည့်စာဖတ်ပရိသတ်များ ရှိသကဲ့သို့ မဖတ်ဖူးသေးသည့် စာဖတ်ပရိတ်များလည်း ရှိနေလိမ့်မည်။ ယခင်ကျွန်တော် ရေးသားသည့်ဆောင်းပါးများသည် ပအိုဝ်းတစ်မျိုးသားစည်းလုံးညီညွတ်ရေးကိုဦးတည်၍ နိုင်ငံရေး နှင့်ပတ်သက်သည့် အကြောင်းအရာကား အနည်းအကျဉ်းမျှသာ။  သို့သော် မိမိရေးထားသော ဆောင်းပါးများကို ပြန်လည်ခြုံငုံသုံးသပ်ရလျှင် ပထမအချက်အနေဖြင့် မိမိ၏အရေးအသားကို ကြိုက်သည့်စာဖတ်ပရိတ်သတ်ရှိသလို မကြိုက်သည့်စာဖတ် ပရိတ်သတ်များလည်း တပုံတပင် ကြီးပင်ရှိသည်။ “တစ်နေ့တစ်လှံ ပုဂံဘယ်မရွေ့” ဆိုသလို မိမိစာရေးသားသည့် ၀ါသနာကို မဖြတ်တောက်နိုင်သကဲ့သို့ စိတ်ကူးထဲပေါ်လာသည့် အတွေးစိတ်ကူးများကို ပုံဖော်ရင်း လိပ်လိုဖြေးဖြေးနှင့်မှန်မှန်သွားကာ မိမိဖြစ်ချင်သော စာရေးဆရာဟူသော ပန်းတိုင်တစ်နေ့တစ်လှံ ဆက်လက်ချီတက်နေပါမည်။ အားလျော့မည်မဟုတ်ပြောလိုပါ၏။ ဒုတိယအချက်အနေဖြင့် ယနေ့ခေတ်သည် ဒီမိုကရေစီခေတ်ဖြစ်သည်နှင့်အညီ ဆောင်းပါးရေးသားရာတွင် ဝေဖန်ပုတ်ခတ် သည့် အရေးအသားပါမှ လူတွေကပိုမိုသဘောကျကြသည်။ ပိုမိုလက်ခံကြကို လေ့လာတွေ့ရှိရပါ သည်ကို စာဖတ်ပရိတ်များအနေဖြင့် အွန်လိုင်းစာမျက်နှာများတွင် တွေ့ရှိရပါလိမ့်မည်။ ထို့ကြောင့် မိမိအနေဖြင့် ဤတစ်ခါတွင် တစ်မူထူးခြားအောင် ဝေဖန်အကြံဉာဏ်ပေးသောဆောင်းပါး တစ်နည်း ဆိုရသော် အပြုသဘောဆောင်သောဝေဖန်ရေးဆောင်းပါးကို အနည်းအကျဉ်း ရေးသားတင်ပြသွား ပါမည်။
ယနေ့ကျွန်တော်တို့ကမ္ဘာသည် မည်မျှပင်ကျယ်ပြန့်စေကာမူ အင်တာနက်ခေတ်၊ IT ခေတ်ဟူသော ခေတ်ရေစီးကြောင်းအရ ယနေ့ကမ္ဘာသည် ရွာငယ်လေးအတိုင်းပင်ဖြစ်လာနေသည်။ ကမ္ဘာ့ အနောက်ခြမ်းမှ ဖြစ်ပျက်နေသည့်ကောင်းကြောင်း၊ ဆိုးကြောင်းမှန်သမျှကို ကမ္ဘာ့အရှေ့ခြမ်းက ချက်ချင်းဆိုသလို စက္ကန့်မခြားဘဲသိနေရသောခေတ်၊ ကမ္ဘာ့အရှေ့ခြမ်းမှ ဖြစ်ပျက်နေသည့် ကောင်းကြောင်း၊ ဆိုးကြောင်းမှန်သမျှကို ကမ္ဘာ့အနောက်ခြမ်းက ချက်ချင်းဆိုသလိုစက္ကန့်မခြားဘဲ ကြားသိနေရသောခေတ်နှင့် ကမ္ဘာ့တောင်ခြမ်းနှင့် မြောက်ခြမ်းကကိစ္စများလည်း ထို့အတူပင် ကြားသိနေရသောခေတ်ဖြစ်ပါသည်။
ထို့အတူ ကျွန်တော်တို့ ပအိုဝ်းလူမျိုးတို့သည်လည်း ခေတ်ရေစီးကြောင်းအတိုင်း Facebook ဟူသော အွန်လိုင်းအင်တာနက်နောက်ကို လိုက်ပါစီးမျှောနေလေ၏။ ထိုကဲ့သို့ လိုက်ပါစီးမျှော နေသူများတွင် ကျွန်တော်လည်း တစ်ဦးအပါအ၀င်ပင်။ ကျွန်တော်သည်လည်း အရက်စွဲ၊ ဆေးစွဲသလိုပင် တစ်ရက်ကိုတစ်ခါမှမဖွင့်ရလျှင် ကိုယ့်မှာအပြစ်ရှိနေသလို၊ ကမ္ဘာကြီးနှင့် အဆက်အသွယ် ပျက်သွားသကဲ့သို့ဖြစ်၍ မဖွင့်ဘဲမနေနိုင်။ ထို့ကြောင့် ယနေ့ခေတ်တွင် ခေတ်ရေစီးကြောင်း ကြောင့်လား၊ တိုးတက်သောခေတ်ကြောင့်လားမသိ Facebook Account မရှိလျှင် လူရာမ၀င် သလိုပင်။ ပြောရလျှင် လူကြီးလူငယ်၊ ယောင်္ကျားမိန်းမများမှအစ ရဟန်းသံဃာပါမကျန် အွန်လိုင်း(Facebook) ဖြင့် ချိတ်ဆက်ဆက်သွယ်နေသောခေတ်(သို့) (Facebook)ခေတ်ဟု ဆိုလျှင် မှားမည်မထင်။
ကျွန်တော်နေ့တိုင်းကြည့်နေသော အွန်လိုင်း(သို့) Facebook စာမျက်နှာများတွင် ကျွန်တော်ရဲ့ အွန်လိုင်းသူငယ်ချင်း(သို့) Friends အများစုက တက္ကသိုလ်ကျောင်းများက ပအိုဝ်းလူငယ်များ ပင်ဖြစ်ပါလိမ့်မည်။ ထို့အပြင် ယနေ့ခေတ်သည် ပြည်ထောင်စုမြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုးပေါင်းစုံတို့သည် မိမိတို့လူမျိုးများ၏ ရပိုင်ခွင့်များကို နိုင်ငံရေးစားပွဲဝိုင်းတွင် တောင်းဆိုနေကြပြီ။ ထို့အတူ မိမိတို့ပအိုဝ်းလူမျိုးများကို ဦးဆောင်လမ်းပြနေသော အသက်ကြီးဝါရင့်ခေါင်းဆောင်တို့ သည်လည်း မိမိတို့ရပိုင်ခွင့်များကို အမှန်တကယ်ရရှိရန် တရားရှာရမည့်အရွယ်ရောက်မှ အနည်းအကျဉ်းမျှသာကျန်ရှိနေသော ခန္ဓာကိုယ်မှအင်အားကို အသားကုန်ညစ်ထုတ် ရုန်းကန်လှုပ်ရှား နေကြပြီ။ သို့သော် ၎င်းရပိုင်ခွင့်များကို လူငယ်များက တစ်ယောက်တစ်မျိုးဖြင့် အကြံဉာဏ် ၀ိုင်းပေးလျှင် လူကြီးများလည်းခေါင်းကိုက်သက်သာသလို လူငယ်များသည်လည်း အမျိုးသားရေး တာဝန်ကျေမည်ဖြစ်သည်ဟုတွေးကာ အွန်လိုင်းပေါ်မှ ပေးလာမည့် အကြံဉာဏ်ကောင်းPost များကို စောင့်ရင်းစောင့်ရင်း တစ်နေ့တာအချိန်ကုန်သွားပါသည် မည်သည့် အကြံဉာဏ်ဝေဖန်သုံးသပ်ချက်မှ ထွက်မလာ။ ထို့အပြင် မိမိသည် မနက်တစ်ခါ ညနေတစ်လှည့် Facebook ကိုဖွင့်ကြည့်မိတိုင်း ပအိုဝ်းကျောင်းသားလူငယ်များထံမှ ပအိုဝ်းလူမျိုးနှင့်ပတ်သက်သည့် နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး အစအစရှိသော သတင်းများ၊ ဆောင်းပါးများကိုတင်ပြကာ အကြံဉာဏ်ပေးသော လူငယ်များက လက်ချိုးရေတွက်လို့ရအောင်ပင် နည်းပါးလှပါ၏။ အဆိုပါ Post ပအိုဝ်းလူမျိုးနှင့်ပတ်သက်သည့် နိုင်ငံရေး၊ လူမှုရေး၊ ပညာရေးအစအစရှိသော သတင်းများ၊ ဆောင်းပါးများကို တင်ထားသူ အများစုသည် ရဟန်းသံဃာအများစုပင်ဖြစ်ပါလိမ့်မည်။ ဒါဟာ ဘာကြောင့်လဲ ယနေ့ခေတ် လူငယ်တွေက နိုင်ငံရေးကို စိတ်မ၀င်စားတော့တာလား။ “ပအိုဝ်းလူမျိုတို့၏နိုင်ငံရေးသည် သူတို့နှင့် မဆိုင်လို့လား။” ဟုမေးလိုပါ၏။ သို့သော် ရေခြား၊ မြေခြား၊ မိဝေးဖဝေးမှာနေပြီး ပအိုဝ်းလူမျိုးများ၏ ယဉ်ကျေးမှုများနှင့် လူမျိုးဂုဏ်ဇာတိဂုဏ်ကို ဖော်ကျူးပြသနေကြသော လူငယ်များ၊ ကျောင်းသားများ ကိုလည်း အထူးပင်လေးစား ဂုဏ်ယူပါကြောင်း ဤနေရမှပြောလိုပါသည်။ ထိုကဲ့သို့ လုပ်ဆောင်ချက် များသည်လည်း အမျိုးသားရေးတာဝန်ပင်ဖြစ်သကဲ့သို အမျိုးသားရေးတာဝန်ကို တတ်နိုင်သည့်ဘက် တစ်ဖက်တစ်လမ်းမှ ထမ်းဆောင်နေကြသည်ဟု ထပ်မံဂုဏ်ပြုလိုပါသည်။ ထိုကဲ့သို့ လုပ်ဆောင်ချက်မျိုးများကို ယနေ့လူငယ်များ၊ တက္ကသိုလ်ကျောင်းသားများကို အတုခိုးစေလိုပါ၏။ အခြားတစ်ဖက်မှ အရွယ်နှင့်မလိုက်အောင် အမျိုးသားရေးတာဝန်ကို တတ်နိုင်သည့်ဘက်မှ ထမ်းဆောင်နေကြသည့် အခြားညီနောင်တိုင်းရင်းသားလူငယ်များကိုလည်း ထပ်မံအတုခိုး ကြပါစေလိုပါ၏။ ရှက်သင့်လျှင်ရှက်စေလိုပါ၏။
ဟိုအရင်တစ်ချိန်က နိုင်ငံရေးဝါရင့်ပုဂ္ဂိုလ်တစ်ဦးကို ရက်ကြီးခါကြီးအချိန်တွင် သွားရောက် ကန်တော့ရင်း သူ့ထံမှ ကြားလိုက်ရသည်မှာ “မင်းတို့ရဲ့ အနာဂါတ်နိုင်ငံရေးက ရင်လေးစရာဘဲ”တဲ့။ ထိုစကားကို ကြားလိုက်ရချိန်မှာ မိမိအသက်ပင်ရှူမရအောင် ရင်ထဲကိုဆို့နစ်သွားပါသည်။  ဘာကြောင့်လဲဟု မေးသောအခါ “ယနေ့ပအိုဝ်းလူငယ်တွေက အရင်ခေတ်က ဘုန်းကြီးကျောင်း ပညာအရည်အချင်းနဲ့ သေနတ်ထမ်းကာ ကိုယ့်လူမျိုး အခွင့်အရေးရအောင် အသက်ကိုစတေးကာ တိုက်ပွဲဝင်ခဲ့ကြသည့်လူကြီးတွေလို နိုင်ငံရေးကို စိတ်မ၀င်စားတော့ဘူး။ မယုံရင် အင်တာနက် စာမျက်နှာFacebook ကို ဖွင့်ကြည့်ပါလား ပအိုဝ်းလူမျိုး၏ ရွှေရောင်အနာဂါတ်ကို ဘယ်လိုပုံ ဖော်ကြမလဲ။ ဘယ်လိုနည်းလမ်းနဲ့သွားကြမလဲ အစရှိတဲ့ နိုင်ငံရေးနဲ့ပတ်သက်တဲ့ အတွေးအမြင်များကို Post တင်တာမြင်ဖူးလား။ အများစုက အချစ်နဲ့ ပတ်သက်သည့် အကြောင်းအရာကတော့ အာဂုံဆောင်ထားသကဲ့သို့ ပလူပျံနေအောင် ထပ်ခါထပ်ခါတင်ကြတာ ခပ်များများ။ ပြီးတော့ ကိုယ့်ရုပ်ကိုတင်ကာ သမီးလှလား။ ဘယ်လိုလဲ။ အရင်လိုခင်ကြသေးလား။ ခင်ရင် hi ခဲ့။ အစရှိသော Post များပင် မင်းတို့ဖတ်ရလိမ့်မယ်။ ဒါဟာ ပအိုဝ်းလူငယ်များက နိုင်ငံရေးကို စိတ်မ၀င်စားတော့ ဘူးဆိုတာသက်သေဘဲ။ ပအိုဝ်းလူမျိုးတို့၏ အနာဂါတ်နိုင်ငံရေးဟာ သူတို့နှင့်မဆိုင်သလိုဘဲ” တဲ့။ အော် မိမိပြန်စဉ်းစားတော့ ဟုတ်နေသလိုလိုပင်။ ဟုတ်ကိုဟုတ်နေသည် က ငြင်းစရာမရှိ။ အချစ်နှင့်ပတ်သက်သည့် Post ကိုအာဂုံဆောင်ကာတင်သကဲ့သို့ ပအိုဝ်းလူမျိုးနှင့် ပတ်သက်သည့် နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ လူမှုရေးအစရှိသော အကြောင်းအရာများကို ၎င်းကဲ့သို့ အာဂုံဆောင်ကာ Post တင်လျှင် ပအိုဝ်းလူမျိုးတို့၏အနာဂါတ်နိုင်ငံရေးသည် အားရစရာပင်ဟု တွေးနေမိသေးသည်။ သို့သော် မိမိအတွေးထဲတွင် ဒီတိုင်းသာဆက်သွားလျှင် “ပအိုဝ်းလူမျိုး လူမျိုးရဲ့ အနာဂါတ်နိုင်ငံရေးခေါင်းဆောင်ရှားပါးမှုဟာ စိုးရိမ်ရေမှတ်ရောက်နေပြီ” ဟူသော အတွေးကပင် ရုန်းမထွက်နိုင်ခဲ့။ ထို့အပြင် ဟိုးအရင်ကရှေ့ကဦးဆောင်သူ လူကြီးများသည် ယနေ့လူငယ်များကဲသို့ တက္ကသိုလ်များမပြောနှင့် ဘွဲ့ဆိုလျှင်ဘာမှန်းမသိခဲ့သည့်အနေအထားမှာ ပအိုဝ်းလူမျိုးလူမျိုးတို့၏ ရပိုင်ခွင့်များနှင့်လွှဲချော်သွားမည်စိုး၍ “တတ်သည့်ပညာမနေသာ” ဆိုသလို တတ်သည့်ပညာဖြင့် ပအိုဝ်းလူမျိုးတို့၏ရပိုင်ခွင့်များကိုအရယူပြသွားကြပြီ။ သို့သော် ယနေ့ခေတ်ပညာတတ်ဘွဲ့ရ လူငယ်များအဖို့ လာမည့် “၂၁ ရာစုပင်လုံ” အတွက် ပအိုဝ်းလူမျိုးတို့၏ ရပိုင်ခွင့်များကို အရယူပြဖို့ ပြင်ဆင်ပြီးပြီလားဟုမေးလိုပါ၏။ ယနေ့ပအိုဝ်းလူငယ်များ၏ နိုင်ငံရေးအပေါ်လှုပ်ရှားမှုများ၊ စိတ်ဝင်စားမှုများသည် ပုခုံးထမ်းတာဝန်လွဲပေးမည့် ခေါင်းဆောင်များအတွက် ယနေ့ချိန်ထိ စိတ်မချရ သေးသည့်အနေအထားပင်။ သို့သော် ဟိုးယခင်ခေါင်းဆောင်ကြီးများသည်လည်း အသက်အရွယ်နှင့် မလိုက်အောင်ပင် အခွင့်အရေးရအောင် လက်နက်ကိုင်ကာတော်လှန်ခဲ့သည့် အချိန်အခါတင်မကဘဲ ယနေ့ခေတ် အခွင့်အရေးကို နိုင်ငံရေးစားပွဲဝိုင်းတွင် ဆွေးနွေးပွဲဖြင့်ရယူနိုင်သည့်ခေတ် အထိပင် တာဝန်ယူနေရသေးသည့်အနေအထား။ ထို့အပြင် တာဝန်ပိမှုများသာမက အကောင်းမမြင်ဘဲ ဝေဖန်မှုများနှင့်လည်း အကြိမ်ကြိမ်ခံနေရသေး။
“စစ်ရေးမှာတစ်ခါရှုံးလျှင် ပြန်တိုက်ယူလို့ရသည်။ သို့သော် နိုင်ငံရေးမှာ ရှုံလျှင်ပြန်တိုက် ယူလို့မရပေ။” ဟူသောစကားကို ယနေ့တက္ကသိုလ်မောင်မယ်များအဖို့ ရင်ထဲအသည်းထဲ ရောက်အောင် မှတ်သားစေချင်ပါဘိ။ သို့သော်ယနေ့ခေတ် ပအိုဝ်းတက္ကသိုလ်မောင်မယ်များသည် “ပညာရှာရင်း ကြင်ရာပါရှာရမည်” ဟူသောဆောင်ပုဒ်ကိုပင် အသားကုန်မှတ်ထားသလား အောက်မေ့ရလေသည်။ တက္ကသိုလ်ရောက်သည်နှင့် သမီးရည်းစားထား၊ သမီးရည်းစားနှင့် ပတ်သက်သည့်ခံစားချက် Post များသာ Facebook ပေါ်တင်နေလျှင် မိမိတို့နောက်တက်လာမည့် တက္ကသိုလ်မြေကိုနှင်းလာမည့် မောင်ငယ်ညီမငယ်များအဖို့ အတုယူစရာမရှိဘဲ သူတို့အဖို့ မိဘများက ရင်လေးရမည့်အနေအထား။ ထို့ကြောင့် သူတို့အတွက် စံပြဖြစ်အောင် ကြိုးစားပြဖို့ ယခုလက်ရှိ တက္ကသိုလ်မောင်မယ်များတွင် တာဝန်ရှိ၏။ “အချစ်ရေး၊ ကိုယ့်ရုပ်ကိုတင်ကာလသှလား၊ ဘယ်လိုလဲ”လို့ Post တင်မည့်အစား နိုင်ငံရေးနှင့်ပတ်သက်သည့် အကြောင်းအရာ Post များကို မတင်နိုင်လျှင်တောင်မှ မိမိတို့ယခုတက်ရောက်နေရသည့် အထူးပြုဘာသာ(မေဂျာ)များ အကြောင်း(ပညာရေး) အကြောင်းကို Post တင်ပြလျှင် နောက်တက်လာမည့် ညီငယ်ညီမငယ် များအတွက် စိတ်အားထက်သန်မှုရရှိစေကာ ၎င်းတို့၏မိဘတို့သည်လည်း တက္ကသိုလ်ကိုတက်ရောက် စေလိုသည့် စိတ်များပိုမိုရှိလာမည်အမှန်ပင်။ တစ်နည်းဆိုရလျှင် ပအိုဝ်းတက္ကသိုလ်မောင်မယ်များကို အနာဂါတ် တက္ကသိုလ်မြေကိုနှင်းလာမည့် မောင်ငယ်ညီငယ်များအတွက် ဦးဆောင်သူကောင်း (ခေါင်းဆောင်ကောင်း)ဖြစ်စေလိုပါ၏။
ထို့အပြင် မိမိတို့လူမျိုးတွင် အနာဂါတ်မျိုးဆက်သစ်နိုင်ငံရေးခေါင်းဆောင်သာ မရှိလျှင် ယခုလက်ရှိပအိုဝ်းနိုင်ငံရေးခေါင်းဆောင်တို့သည်လည်း ပအိုဝ်းလူမျိုးတို့၏ ရှေ့အနာဂါတ်ကို စမ်းတ၀ါးဝါးဖြင့် လျှောက်နေရ၍ စိတ်ချလက်ချရှိနေမည်မဟုတ်ပေ။ ထို့ကြောင့် လူငယ်များအနေဖြင့် အနာဂါတ်ပအိုဝ်းလူမျိုးတို့နိုင်ငံရေးသာမက မည်သည့်အရေးအရာမဆို ထဲထဲဝင်ဝင် ပါဝင်လှုပ်ရှားကာ လူကြီးများစိတ်ချရအောင် သက်သေပြရန်လိုနေပြီဖြစ်သည်။ သို့မှသာလျှင် ခေါင်းဆောင်များသည် လည်း ပအိုဝ်းလူမျိုးတို့၏ ရှေ့အနာဂါတ်ကိုကြိုတင်ပြင်ဆင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့်  စိုးရိမ်စိတ် များဖြင့်ရင်တမမနှင့် ဂူထဲလမ်းလျှောက်ရသလို ကမ်းမမြင်လမ်းမမြင်ဖြင့် သွားနေရသော ပအိုဝ်းလူမျိုး တို့၏ ရှေ့အနာဂါတ်ကို ကြိုတင်ပြင်ဆင်နိုင်ရန် တက္ကသိုလ်မောင်မယ်များ၏ ပညာဟူသော အလင်းရောင်ဖြင့် လူကြီးများကို အကြံပြုပေးပါ။ ဝေဖန်ပေးပါ။ လမ်းပြပေးကြပါဟု တိုက်တွန်းလိုပါ၏။ သို့မှသာလျှင် ပအိုဝ်းလူမျိုးတို့၏ အနာဂါတ်ကို ဂူထဲလမ်းလျှောက်ရသလို စမ်းတ၀ါးဝါးမဟုတ်ဘဲ ကွက်ကွက်ကွင်းကွင်း မြင်ရပါလိမ့်မည်။
ထို့ကြောင့် ပအိုဝ်းလူမျိုးတို့၏ ရွှေရောင်အနာဂါတ်ကို ဖန်တီးဖို့၊ ထုဆစ်ဖို့ တက္ကသိုလ် မောင်မယ်များ၏လက်ထဲတွင် “ပညာ” ဟူသော လက်နက်ကိရိယာမျိုးစုံ ရှိနေလေပြီ။ ပအိုဝ်းလူမျိုး တို့၏ ရွှေရောင်အနာဂါတ်သစ်ကို ပုံဖော်ပေးမည့်တက္ကသိုလ်မောင်မယ်များအနေဖြင့် နောင်အခါ ပအိုဝ်းလူမျိုးတို့နှင့်ပတ်သက်သည့်မည်သည့်အရေးအရာကိုမဆို တစ်ဖက်တစ်လမ်းမှ မိမိတို့တွင် ရှိသော အတတ်ပညာများဖြင့် ပါဝင်ကူညီပေးကြပါ။ အကြံဉာဏ်ပေးကြပါ။ Facebook စာမျက်နှာပေါ် တွင်လည်း အချစ်နှင့်ပတ်သက်သည့် Post များတင်မည်အစား ပအိုဝ်းလူမျိုးနှင့်ပတ်သက်သည့် နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေးအကြောင်းအရာများကို ကြိုးစားပြီးတင်ကြပါဟု တိုက်တွန်း လိုပါသည်။ သို့မှသာလျှင် မိမိတို့ရဲ့ ရွှေရောင်အနာဂါတ်ပန်းတိုင်သစ်ကို လွယ်ကူလျင်မြန်စွာဖြင့် ရရှိ၊ ရောက်ရှိမည်ဖြစ်ပါသည်။ ခေတ်ဟောင်းလူကြီးအတွေးအခေါ်များနှင့် ခေတ်သစ်လူငယ်များ၏ အတွေးအခေါ်သစ်များ၊ အကြားအမြင်သစ်များဖြင့်ပေါင်းစပ်ကာ မိမိတို့ပအိုဝ်းလူမျိုးတို့ မျှော်လင့် တောင့်တနေသော အနာဂါတ်ပန်းတိုင်သစ်ကို အရောက်ချီတက်ကြပါစို့။ ထို့ကြောင့်  ပအိုဝ်းလူမျိုး များ၏ ရွှေရောင်အနာဂါတ်သစ်ကို ပုံဖော်ပေးမည့်တက္ကသိုလ်မောင်မယ်များအနေဖြင့် ပအိုဝ်းလူမျိုး တို့၏အာရုံသစ်နေ့သစ်ဆီအရောက်လှမ်းဖို့ ယခုချိန်ကစပြီး မျက်နှာသစ်ကာ လန်းဆန်းတက်ကြွစွာဖြင့် နိုးထကြကုန်လော့။ ချီတက်ကြကုန်လော့။
အတိတ်ကိုသင်ခန်းစာယူကာ အနာဂါတ်လှပဖို့  ကြိုတင်ပြင်ဆင်နိုင်ကြပါစေ။ 

သာ;ယာ;လေလင်း နီပအိုဝ်;ခမ်း
ခွန်ယွေးယဲင်(ခမ်းစန္တာ;ဟေ့,)

Powered by Blogger.