Friday, February 17, 2017

ပအိုဝ်း-လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဒုတိယရက် ဆက်လက်ကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇) ရက်






ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးပွဲ ပူးတွဲကော်မတီ (UPDJC)၏ လမ်းညွန်ချက်အရ ပအိုဝ်း-လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ဖေဖော်ဝါရီလ(၁၆)မှ (၂၀)ရက်နေ့အထိ (၅)ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ပြီး ယနေ့တွင် ဆွေးနွေးပွဲ ဒုတိယရက်ကို ရောက်ရှိလာပြီ ဖြစ်သည်။
အဆိုပါ ပအိုဝ်း-လူမျိုးအလိုက် အမျိုးသားအဆင့်  နိုင်ငံရေးဆွေးနွေးပွဲ ဒုတိယနေ့အခမ်းအနားကို သဘာပတိ အဖွဲ့များအနေဖြင့် ဖြားခွန်သိန်းဖေ၊ ဖြားခွန်အုန်းဖေလေး၊ ခွန်တင်ရွှေဦး၊ ဖြားခွန်မြင့်စိုး၊ ဒေါ်နန်းဝင်းကြည် (ကောင်ခါး)၊ နန်းလှသန်းတို့အား တင်မြှောက်ကြကာ သဘာပတီ ဖြားခွန်သိန်းဖေက အမှာစကား ပြောကြားခဲ့ပါသည်။
ထို့နောက် ပအိုဝ်း-လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ပထမရက်မှ ရရှိထားသော အချက်အလက် အနှစ်ချုပ်ကို ခွန်နေထူးက ဖတ်ကြားတင်ပြပြီး ဘီလင်းမြို့နယ်၊ ခဲအောက်ကျောင်း စကာင်္ပူ ဆရာတော် မဟာသန္ဒဇောတိက ဘန္တန္ဒစန္ဒ၀ံသထံက သြ၀ါဒစကားကို ခံယူကာ ဆက်လက်၍ ရပ်စောက်၊ ပင်လောင်း၊ ရလလဖ ပင်လုံ၊ PYN၊  ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ သထုံ၊ နမ့်စန်၊ PWO၊ ကရင်ပြည်နယ်ရှိ  လူထုကိုယ်စားပြု ကိုယ်စားလှယ်များက  နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သယံဇာတဆိုင်ရာ  ကိစ္စရပ်များနှင့် စပ်လျဉ်းသော မိမိတို့၏စာတမ်းများကို အသီးသီး ဖတ်ကြားတင်ပြခဲ့ကြကာ မနက်ပိုင်း အစီအစဉ်ကို ရပ်နားခဲ့ပါသည်။
ဆက်လက်၍ နေ့လယ်ပိုင်းအစီအစဉ်ကို နေ့လယ် (၁း၃၀)အချိန်တွင် ပြန်လည်စတင်ကာ ပအိုဝ်းအမျိုးသားခေါင်းဆောင် အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ၀ဏ္ဏကျော်ထင် ဖြားတန်စင်ဖါအောင်ခမ်းထီ က သြ၀ါဒစကားပြောကြားခဲ့ပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ နာယက ဖြားတန်ခွန်ဥက္ကာက ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာ အကြောင်းအရာများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။
ထို့နောက် တက်ရောက်ကြသော လူထုကိုယ်စားလှယ်များက အုပ်စုဖွဲ့၍ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုဆိုင်ရာအကြောင်းအရာများကို ဆွေးနွေးခဲ့ပြီး သဘာပတိ ဖြားခွန်မြင့်စိုးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

နဂါ့ခွန်

Powered by Blogger.