Thursday, February 16, 2017

ပြည်ထောင်စုဝင်အင်္ဂါနှင့်အညီ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇) ရက်


ယနေ့ကျွန်တော်တို့ နေထိုင်လာခဲ့သည့် နေရာနယ်နိမိတ်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး ဖြစ်တည်လာခဲ့ပြီးဖြစ်သည်။ ပြည်ထောင်စုနိုင်ငံအဖြစ် မဖွဲ့စည်းမီကာလတွင် နယ်ချဲ့သမားတို့၏ ကျူးကျော် သိမ်းပိုက်အုပ်ချုပ်ခြင်းမှာ ကာလအပိုင်းအခြားနှင့် သီးခြားအုပ်ချုပ်ခြင်းကို ခံခဲ့ရပါသည်။ ထိုမှ ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်သော မြေပြန့်ကိုယ်စားလှယ်အဖွဲ့နှင့် တိုင်းရင်းသား ခေါင်းဆောင်များ ကိုယ်စားလှယ်အဖွဲ့တို့မှ ယနေ့မြန်မာနိုင်ငံကို အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် လွတ်လပ်ရေးကို အတူတကွ အရယူရန် ပြည်နယ်ပြည်မ ပူးပေါင်းသည့် ပင်လုံစာချုပ်ကို ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ချုပ်ဆိုခဲ့ကြပါသည်။ အထိမ်းအမှတ်အဖြစ် တောင်တန်း-ပြည်မပူးပေါင်းရေးစာချုပ် ကျောက်တိုင်ကို ပင်လုံမြို့တွင် စိုက်ထူခဲ့သည်။ ထိုနေ့ကို ပြည်ထောင်စုနေ့အဖြစ် သမိုင်းမှတ်တမ်း တင်လာခဲ့ကြသည်။ ထို့ကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံ ပေါ်ပေါက်လာခဲ့ရခြင်း ဖြစ်သည်ဟု အတိုချုပ်အားဖြင့် သိရှိနိုင်သည်။
ပြည်ထောင်စုမြန်မာနိုင်ငံ ထူထောင်နိုင်ခဲ့သော်လည်း တိုင်းရင်းသားများနှင့်ထားရှိခဲ့သော ကတိကဝတ်များ၊ ပင်လုံတွင် ချုပ်ဆိုခဲ့သော စာချုပ်ကို မေ့ဖျောက်ပြီး တိုင်းပြည်အုပ်ချုပ်မှုကို လူမျိုးကြီးဝါဒ ကျင့်သုံး အုပ်ချုပ်ခဲ့ကြခြင်းကြောင့် သွေးစည်းပြီးသော တိုင်းရင်းသားညီအစ်ကိုကြား အချင်းချင်း စစ်ပွဲခင်းနေကြရသည်ဟု တိုင်းရင်းသားများဘက်မှ တွက်ဆလက်ခံထားကြသည်။ ထို့ကြောင့်ပင် ပြည်ထောင်စုနှင့်အတူ ပြည်တွင်းစစ် ပေါ်ပေါက်လာခဲ့ရသည်ဟု ယနေ့အချိန်တွင် လက်ခံယုံကြည် ထားကြဆဲဖြစ်သည်။ နိုင်ငံတွင်းတွင် တိုင်းရင်းသားများဘက်မှ အမျိုးသားတော်လှန်ရေးအမည်ဖြင့် တော်လှန်ခဲ့ကြပြီး အစိုးရဘက်မှ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များကို သူပုန်ဟုသာ သတ်မှတ်ခဲ့ပါသည်။ ရောက်စုံသူပုန်ဟု တပ်အပ်ခေါ်ဝေါ်လာခဲ့သည်။ ပြည်ထောင်စုနှင့်အတူ ပြည်တွင်းစစ် ဖြစ်ပေါ်လာခဲ့သည်မှာ ယနေ့အချိန်ထိပင်ဖြစ်သည်။ ပြည်တွင်းစစ်ပေါ်ပေါက်လာခဲ့ခြင်းကြောင့် တိုင်းပြည်နှင့် ပြည်သူများ ဆင်းရဲတွင်း နစ်ခဲ့ပြီး တိုင်းပြည်ခေါင်းဆောင်များမှ လွတ်လပ်ရေးကို ရယူပေးခဲ့သော်လည်း တိုင်းရင်းသားများဒေသတွင် လွတ်လပ်ရေး၏ အရသာကို မခံစားရပဲ စစ်ဘေးစစ်ဒဏ်ကိုသာ များသော အားဖြင့် ခါးစည်းခံစားလာခဲ့ရသည်။
ပြည်တွင်းစစ်ဖြစ်ပေါ်လာခဲ့ရသည်မှာ ညီအစ်ကိုချင်းကြား ပေးထားသော ကတိ၊ ပြုထားခဲ့သော ကတိကဝတ်များ အကောင်အထည်မပေါ်ပဲ နိုင်ငံရေးအခွင့်အရေးများ ဆုံးရှုံးခံရမှု၊ ပြည်တွင်းပဋိပက္ခများ စစ်ပွဲများ အဆုံးသတ်နိုင်ရေး၊ တိုင်းပြည်နှင့်ပြည်သူများ နစ်နာဆုံးရှုံးမှုများကို ပြန်လည်ကုစားနိုင်ရန် ယဉ်ကျေးမှုသစ် တစ်ရပ်ထူထောင်ပြီး နိုင်ငံရေးပြဿနာကို စစ်ရေးဖြင့် မဖြေရှင်းပဲ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ဆိုသည့်နည်းလမ်းကို လက်ကိုင်ပြုပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA)ကို ရေးဆွဲကောင်အထေည်ဖော်လာခဲ့ကြသည်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရန် စားပွဲဝိုင်းဆွေးနွေးပွဲအဆင့်ဆင့်များ၊ ညိမ်းချမ်းရေးညီလာခံများတွင် ဆွေးနွေး အဖြေရှာခြင်းများကို ချဉ်းကပ်လာလျက်ရှိပါသည်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများမှ ရွေးကောက်တင်မြောက်ထားသော NLD ပါတီအစိုးရ၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရ လက်ထက်သည် ပထမပင်လုံ(၁၉၄၇ ခုနှစ် ပင်လုံညီလာခံ)ကြောင့် လွတ်လပ်သော ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ပေါ်ထွန်းခဲ့သည်။ ၂၁ ရာစုပင်လုံဖြင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို ပေါင်းစည်းတည်ဆောက်မည် ဆိုသော ပေါင်းစည်းမှုစွမ်းအား ဆောင်ပုဒ်နှင့် အတူ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို ၂၁ ရာစုပင်လုံဖြင့် အမည်နာမ တပ်ဆင်သုံးစွဲ လာခဲ့ပါသည်။
NCA စာချုပ်သည် အပစ်အခတ်ရပ်စဲခြင်းသက်သက်သာ မဟုတ်ပဲ နိုင်ငံရေးအနှစ်သာရကိုပါ ဖော်ဆောင်ပေးမည့် စာချုပ်တစ်ခုဖြစ်ကြောင်းကို စာချုပ်ကို လေ့လာကြည့်ပါကသိနိုင်သည်။ NCA စာချုပ်အရ ပေါ်ပေါက်လာခဲ့သော နိုင်ငံရေးလမ်းပြမြေပုံများနှင့်အညီ နိုင်ငံရေးအင်အားစုအသီးသီးများ၊ တိုင်းရင်းသား အင်အားစုအသီးသီးများမှ မျှော်လင့်တကြီးနှင့် တက်ကြွစွာ မိမိတို့၏ ပြည်ထောင်စုအရေးနှင့် မိမိတို့တိုင်းရင်းသား အခွင့်အရေးများကို မျှော်ကိုးပြီး နိုင်ငံရေးသိက္ခာရှိစွာ ဝိုင်းဝန်းကြိုးပမ်းကာ ဆွေးနွေး အကြံပြုလာခဲ့ကြသည်ကို တွေ့ရပါသည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရမှ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ၂၁ ရာစုပင်လုံဟု အမည်နာမ သုံးစွဲ လာခဲ့သည်နှင့် တိုင်းရင်းသားအသီးသီးမှ နဂိုပင်လုံညီလာခံမှ မေ့ဖျောက်ခံခဲ့ရသော ကတိ ကဝတ်များကို ပြန်လည်အကောင်အထည်ဖော်လိုခြင်းနှင့် ခေတ်နှင့်အညီ တိုးတက်ဖွံ့ဖြိုးလာသော အခြေအနေများအရ ရသင့်ရထိုက်သော အခွင့်အရေးများ ရရှိနိုင်ရန် ၂၁ ရာစုပင်လုံကို ပိုမိုအငမ်းကြီး လာခဲ့ကြတော့သည်။
မြန်မာနိုင်ငံသည် နိုင်ငံတော်တည်ဆောက်လာခဲ့ခြင်းတစ်လျှောက်လုံးတွင် ယနေ့ ၂၁ ရာစု နိုင်ငံတော် တည်ဆောက်ခြင်းလို မရရှိခဲ့ဖူးသော အခွင့်အရေးများ၊ အနာဂတ်တွင် ပေါ်ပေါက်လာမည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတွင် ပြည်ထောင်စုအင်္ဂါရပ်များနှင့်အညီ တိုင်းရင်းသားများဘက်မှ ရသင့်ရထိုက်သော အခွင့်အရေးများ မဆုံးရှုံးရစေရန် နိုင်ငံရေးအသိ၊ နိုင်ငံရေးသတိဖြင့် တက်တက်ကြွကြွ ပါဝင်လျှောက်လှမ်းလာခဲ့ကြသည်။ ပြည်ထောင်စုအင်္ဂါရပ်ဆိုလိုက်သည်နှင့် ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ် များဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် ပြည်ထောင်စုနိုင်ငံတော် ဖြစ်ရပါမည်။ ပြည်ထောင်စု ဖွဲ့စည်း တည်ဆောက်ပုံဖြစ်သည်။ နိုင်ငံတစ်နိုင်ငံကို တည်ဆောက်ရာတွင် မည်သို့ဖွဲ့စည်းတည်ဆောက် ထားကြောင်းနှင့် မည်သည့်ကျင့်စဉ်နှင့် မည်သည့်အုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးအုပ်ချုပ်ထားသည် ဆိုသည်မှာ အလွန်အရေးပါလှသည်။
ယနေ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဖြင့် ဖွဲ့စည်းအုပ်ချုပ်ထားသော ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်သည် ပုံသဏ္ဌာန်အားဖြင့် ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များနှင့် ပြည်ထောင်စု ကောင်စီနယ်မြေတို့ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။ ဒီမိုကရေစီကျင့်စဉ်ဖြင့် ဗဟိုချုပ်ကိုင်မှုများသော အုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးထားသည်ကို လေ့လာတွေ့ရှိရပါသည်။ ပြည်ထောင်စုဝင် ပြည်နယ်များသည် အမည်နာမသာရှိပြီး လုပ်ပိုင်ခွင့်မရှိ အနှစ်သာရမရှိသည့် ပြည်ထောင်စုဝင်အမည်ခံ ပြည်နယ်နှင့်သာ ရပ်တည်နေရပါသည်။
မြန်မာနိုင်ငံသည် ပြည်ထောင်စုနိုင်ငံအဖြစ် မတည်ဆောက်မီ အချိန်ကာလတွင် ဗြိတိသျှတို့လက်အောက်ခံအသီးသီးဖြင့် သီးခြားအုပ်ချုပ် လာခဲ့ကြသည့် လူမျိုးများ၊ ဗြိတိသျှ မတိုင်မီတွင် ကိုယ့်ထီးကိုယ့်နန်းဖြင့် ကိုယ်ပိုင်အုပ်ချုပ်လာခဲ့ကြသည့် သမိုင်းများဖြင့် ဖြစ်တည် လာခဲ့ခြင်းဖြစ်သည်။ ယနေ့ ပြည်ထောင်စုမြန်မာနိုင်အဖြစ် တည်ထောင်လာသည့် အချိန်တွင် တိုင်းရင်းသားလူမျိုးကြီးများ၏ အမည်နာမကို အစွဲပြုခေါ်ဝေါ်သတ်မှတ်သော တိုင်းရင်းသားပြည်နယ်များသည် ကိုယ့်ပြည်နယ်၏ အကြီးအကဲကို ကိုယ့်ပြည်နယ်သားများမှ တိုက်ရိုက်အလိုရှိသော ပုဂ္ဂိုလ်ကို ခန့်အပ်ခွင့်မရှိသည့်အဖြစ်မျိုး၊ ကိုယ့်ပြည်နယ်အရေးနှင့် ကိုယ့်လူမျိုးအရေးကို ကိုယ်တိုင် စီမန်ခန့်ခွဲခွင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်မရသည့် အဖြစ်သို့ သိမ်းသွင်းခံရသည့် ဘဝရောက်ရှိသွားပြီ ဖြစ်သည်။ ထို့ကြောင့်ပင် ယနေ့အချိန်ထိ အမျိုးသားတန်းတူရေး၊ ဒီမိုကရေစီရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရရှိရေးတို့ဖြင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို အတူတကွထူထောင်သွားရန် အထူးတလည်တောင်းဆိုလာကြသည်။ ထိုအရာများသည် တိုင်းပြည်ကို ပြန်လည်တည်ထောင်ရန် အဓိကတွန်းအားတစ်ရပ်ဖြစ်ပေတော့လေသည်။
အမျိုးသားတန်းတူရေး၊ ဒီမိုကရေစီရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ဟု ဆိုလိုက်သည်နှင့် တိုင်းရင်းသား အချင်းချင်းကြား လူမျိုးကြီး လူမျိုးငယ်ဟူသော လူမျိုးရေးရေများ မခွဲခြားပဲ တန်းတူရည်တူရှိရမည် ဖြစ်သကဲ့သို့ နိုင်ငံရေးအရာတွင်လည်း တန်းတူရည်တူရှိရပါမည်။ အမျိုးသားဂုဏ်အင်္ဂါရပ်များရှိသော တိုင်းရင်းသားများကို ပြည်ထောင်စုနှင့် မဆန့်ကျင်ပဲ၊ အခြားတိုင်းရင်းသားတို့၏ အကျိုးစီးပွားကို မထိခိုက်ပဲ ၎င်းတို့၏ အမျိုးသားလက္ခဏာရပ်များကို လွတ်လပ်စွာ ဖော်ထုတ်မြှင့်တင်ခွင့်၊ အမျိုးသားအကျိုးစီးပွား တိုးတက်ရာ တိုးတက်ကြောင်း စီမံအုပ်ချုပ်ခွင့်ကို အပြည့်အဝ အာမခံပေးထားရပါမည်။
အမျိုးသားတန်းတူရေး၊ ဒီမိုကရေစီရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရရှိရေးတို့ဖြင့် အနာဂတ်တွင် ဖွဲ့စည်းတည်ဆောက်မည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတွင် ပြည်ထောင်စုဝင် ပြည်နယ်အင်္ဂါရပ်များကို မည်သို့သော သတ်မှတ်ချက်(Criteria)ကို ချမှတ်မည်၊ ပြည်ထောင်စုဝင် ပြည်နယ်သစ်ကို မည်သို့သော နည်းလမ်းဖြင့် ဖွဲ့စည်းရမည်ဆိုသော မူဝါဒများ ချမှတ်မည် ဆိုသည်လည်း အရေးပါလှပါသည်။ သို့မှသာ တိုးတက်ဖွံ့ဖြိုးလာသည့် ပြည်ထောင်စုဝင် တိုင်းရင်းသားများကြား အမျိုးသားတန်းတူရေးကို အားပေးရာရောက်မည်ဟု ယုံကြည်ပါသည်။ ယနေ့ပြည်ထောင်စု မြန်မာနိုင်ငံကို ဖွဲ့စည်းတည်ထောင်လာခဲ့သည့် သမိုင်းတွင်လည်း ပြည်ထောင်စုစတင်ဖွဲ့စည်းစဉ် ၁၉၄၇ ခုနှစ်တွင် ချမှတ်ထားသော ပြည်ထောင်စုဝင် ပြည်နယ်များ၏ ဂုဏ်အင်္ဂါရပ်များနှင့်အညီ တိုးတက်ဖွံ့ဖြိုးလာသော တိုင်းရင်းသားများကို ပြည်ထောင်စုဝင် ပြည်နယ်များ သတ်မှတ်ပြဌာန်းပေးခဲ့သည်ကို တွေ့ရှိနိုင်မည် ဖြစ်သည်။ ထို့အတူ ယနေ့တွင်လည်း တိုးတက်ဖွံ့ဖြိုးလာသည့် တိုင်းရင်းသားများကို ပြည်ထောင်စုဝင် ပြည်နယ်များ သတ်မှတ်ပေးရန် ၁၉၄၇ ခုနှစ်မှ ချမှတ်ခဲ့သော ပြည်ထောင်စုဝင် ပြည်နယ်အင်္ဂါရပ်များနှင့် အခြားမူ သတ်မှတ်ချက်များရှိပါက မူသတ်မှတ်ချက်များနှင့် ပြည့်မီသည့် တိုင်းရင်းသားများကို ၎င်းတို့ လိုလားတောင့်တလျက်ရှိသော ပြည်ထောင်စုဖွဲ့စည်းတည်ဆောက်ပုံကို ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁)ရာစုပင်လုံတွင် ဖြစ်သင့်သည်များကို အခြေခံပြီး အပေးအယူ တည့်စွာ စုပေါင်းအဖြေရှာ ရမည်ဖြစ်သည်။ ထိုမှတစ်ဆင့် အဖွင့်ပြည်ထောင်စုကို တည်ဆောက် သွားရပါမည်။ ဆိုလိုသည်မှာ ပြည်ထောင်စုအတွင်းတွင် တိုးတက်ဖွံ့ဖြိုးလာသည့် တိုင်းရင်းသားများအတွက် အဖြေနှင့် ထွက်ပေါက်ကို ဖွင့်ဟပေးဖို့ဖြစ်သည်။ ပြည်ထောင်စုအတွင်းတွင် ပြည်ထောင်စုဝင် ပြည်နယ်များ တိုးတက်ဖွံ့ဖြိုးလာပါက ဥယာဉ်ခြံတစ်ခုတွင် ပန်းပေါင်းစုံ ဝေဆာသည့်ပမာ သူ့အလှကိုယ့်အလှနှင့် ပြည်ထောင်စုကို ဝန်းရံ ခြယ်သစေလိုပါသည်။ အဆုံးတွင် We are One, We are Myanmar အဖြစ် ဂုဏ်ယူစေလိုပါသည်။
ထိုသို့ အဖွင့်ပြည်ထောင်စုအဖြစ် တည်ဆောက်သွားပါက တိုင်းရင်းသားလူမျိုးပေါင်း(၁၃၅)မျိုးကို ပြည်နယ်သစ်သတ်မှတ်ပေးရမည် ဆိုသည့် အယူဝါဒနှင့်  တိုင်းပြည်အစိပ်စိပ် အမွှာမွှာဖြစ်သွားမည်ဆိုသည့် အချို့သော အပိတ်အင်အားစုများမှ စိုးရိမ်သလိုလို ကဲ့ရဲ့သလိုလိုနှင့် တုန့်ပြန်လာကြသည်များရှိသကဲ့သို့ ပြည်နယ်သစ်များ ဖော်ထုတ်လိုပါက တစ်ဖက်နိုင်ငံကိုသာ ကျူးကျော်သိမ်းပိုက်ရယူမှ ရမည်ဆိုသည့် တစ်ဖက်ကမ်းခတ် တုန့်ပြန်မှုများလည်း ကြုံတွေ့လာရနိုင်ပါသည်။ ပြည်နယ်သစ်ပေါ်ထွန်းခြင်းကို ကမ္ဘာပေါ်ရှိ နိုင်ငံများကိုလေ့လာကြည့်မည်ဆိုပါက ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံအဖြစ် ဖွဲ့စည်းသော အမေရိကန်နိုင်ငံသည် ပြည်နယ်သစ်ဖွဲ့စည်းရာတွင် အမေရိကန်ရှိ လူမျိုးအားလုံးကို ပေးရသလော၊ ထို့အတူ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေသည့် အိန္ဒိယနိုင်ငံသည်လည်း ပြည်နယ်သစ်ဖော်ထုတ်ရာတွင် တစ်ခြားတိုင်းမှ နယ်မြေကို ကျူးကျော်သိမ်းပိုက်ပြီး ဖွဲ့စည်းလာခဲ့ခြင်းလော ဆိုသည်ကို သိရှိသင့်ပါသည်။
မည်သို့ပင်ဆိုစေ အဖွင့်ပြည်ထောင်စုဖြင့် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝ ရှိသော ပြည်ထောင်စုတွင် ထိုက်သင့်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေများနှင့် ပြည်ထောင်စုဝင်ပြည်နယ် ပြည်နယ်သစ်များကို ဖော်ဆောင်ခြင်းမှာ ဖြစ်သင့်ဖြစ်ထိုက်သည့် အရာတစ်ခုဟု မိမိမှ အခိုင်အမာ ယုံကြည်ပါသည်။ ယခုဆောင်ရွက်လျက်ရှိသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတွင် အဖွင့်ပြည်ထောင်စု တည်ဆောက်ပြီးပါက ပြည်ထောင်စုဝင်အင်္ဂါရပ်နှင့်အညီ ဆင့်ကဲဖြစ်စဉ်များတွင် တိုင်းရင်းသားလူမျိုးပေါင်း(၁၃၅)မျိုးစလုံးကို ပြည်နယ်သတ်မှတ်ပေးရန် မလိုအပ်သလို တစ်ဖက်နိုင်ငံ ကိုလည်း ကျူးကျော်သိမ်းပိုက်ရန်မလိုဟု ပြည်ထောင်စုဝင်အင်္ဂါရပ်များ ပြည့်မီသည့် တိုင်းရင်းသား လူမျိုးများကို ထိုက်သင့်သည့် အခွင့်အရေးများ ရရှိစေရေး မူသတ်မှတ်ချက်များ ချမှတ်ပြဌာန်းပေးရန်၊ ပြည်ထောင်စုအင်္ဂါရပ်များနှင့်အညီ အမျိုးသားတန်းတူရေး၊ ဒီမိုကရေစီရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတွင် အတူယှဉ်တွဲ နေထိုင်နိုင်ရေးမူကို လက်ကိုင်စွဲပြီး ပြည်ထောင်စု၏ အကျိုးဖြစ်ထွန်းမှုကို ဦးစွာရှေးရှုထားကာ မျှတသော အပေးအယူမှ တူညီသော အကျိုးခံစားခွင့်ကို ဖော်ဆောင်ပေးသင့်ပါကြောင်း ပြည်သူတစ်ဦးအနေနှင့် ရေးသားတင်ပြ လိုက်ရပါသည်။

ခွန်ဗန်ထို၊ စမ်းဖက်ရွေ.၊ ခွန်ဖြားဗွာခမ်း………………


Powered by Blogger.