Tuesday, February 21, 2017

ပေါင်းစည်းမှုနှင့်ပင်လုံစာချုပ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက်


တိုင်းရင်းသားပေါင်းစုံ နေထိုင်သောမြန်မာနိုင်ငံသည် လွတ်လပ်ရေးမရမီကာလတွင် ကိုယ့်ထီးကိုယ်နန်း ကိုယ်ကြငှန်းဖြင့် အတူတကွ နေထိုင်လာခဲ့ကြသည်။ နိုင်ငံတော်လွတ်လပ်ရေး ရရှိအောင် ကြိုးပမ်းစဉ်ကာလ၌ လည်း လူမျိုးတစ်မျိုးတည်း အားထုတ်မှုမဟုတ်ပဲ အမျိုးသားအသွင်ဖြင့် တိုင်းရင်းသားပေါင်းစုံက မိမိနှင့်နီးစပ်ရာ မိမိတို့ဒေသများသို့ ကျူးကျော်ဝင်ရောက်လာသည့် ဖက်စစ်နယ်ချဲ့တွေကို အတူတကွတွန်းလှန်တိုက်ခိုက်ခဲ့ကြ လေသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးမရခင်ကာလ လွတ်လပ်လျက်ရှိသော တိုင်းရင်းသားများနေထိုင်ရာဒေသ တိုင်းရင်းသားခေါင်းဆောင်ကြီးများနှင့် ပြည်မကခေါင်းဆောင်ကြီးများ မကြာခဏဆိုသလို လာရောက်ဆွေးနွေး သည်ကတစ်ဖုံ အလည်အပတ် လာသည်ကတစ်မျိုးဖြင့် မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိအောင် အကြိမ်ကြိမ် အခါခါ လာရောက်ဆွေးနွေးခဲ့ကြလေသည်။ တောင်တန်းဒေသတွင် နေထိုင်ကြသော တိုင်းရင်းသားခေါင်း ဆောင်များသည် ရိုးသားသည့်အားလျော်စွာ မည်သူမဆိုလာရောက်ဆွေးနွေးသည့်အခါ တိုင်းပြည်ကိုချစ်သည့် စိတ်ဖြင့် တိုင်းပြည်လွတ်လပ်ရေးရရှိအောင် လက်ခံဆွေးနွေး အကြံဥာဏ်များကို ပေးခဲ့ဖူးလေသည်။ တိုင်းရင်းသားခေါင်းဆောင်များနှင့် ပြည်မကခေါင်းဆောင်များက လွတ်လပ်ခြင်း၊ မျှတခြင်း၊ တန်းတူခြင်း ဆိုသည့် လောကပါလတရားနှင့်အညီ တိုင်းရင်းသားခေါင်းဆောင်များ သဘောတူညီမှုဖြင့် ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့လေသည်။
 ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ရန်အတွက် တိုင်းပြည်ခေါင်းဆောင်များ သဘောတူခဲ့ကြသည့် အချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ တောင်တန်းသားများ စည်းလုံးညီညွတ်ရေးအဖွဲ့ (တစညဖ)၏ ကြိုးကိုင်အဖွဲ့ကိုယ်စားလှယ်များ၏ ထောက်ခံချက်အရ တောင်တန်းသားများ၏ ကိုယ်စားလှယ်တစ်ဦးကို ဘုရင်ခံကရွေးချယ်၍ နယ်စပ် ဒေသများကိစ္စနှင့် ပတ်သက်၍ ဆောင်ရွက်ရန်အတွက်ဘုရင်ခံ၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်ထား ရမည်။
၂။ ဤအတိုင်ပင်ခံပုဂ္ဂိုလ်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် ဌာနလက်ကိုင်မရှိ ကောင်စီဝင် တစ်ဦးအဖြစ်ခန့်ထား၍ ကာကွယ်ရေးနှင့် ပြည်ပကိစ္စရပ်များတွင် ထုံးနည်းဥပဒေအရအမှုဆောင် ကောင်စီ၏ အာဏာလက်အောက်သို့ ရောက်ရှိသည့်နည်းတူ နယ်စပ်ဒေသကိစ္စများကိုလည်း အမှု ဆောင်ကောင်စီ၏ အာဏာအောက်သို့ရောက်ရှိစေရမည်။ ဤနည်းလမ်းများအတိုင်း နယ်စပ် ဒေသ ဆိုင်ရာအတိုင်ပင်ခံပုဂ္ဂိုလ်အား အုပ်ချုပ်ခွင့်အာဏာကို ပေးအပ်ရမည်။
၃။ အဆိုပါအတိုင်ပင်ခံပုဂ္ဂိုလ်ကို ၎င်းနှင့်လူမျိုးချင်းမတူသော ဒုတိယအတိုင်ပင်ခံနှစ်ဦးက ကူညီစေ ရမည်။ ရှေးဦးစွာဒုတိယ အတိုင်ပင်ခံပုဂ္ဂိုလ်နှစ်ဦးတို့သည် ၎င်းတို့အသီးသီး သက်ဆိုင်သည့် နယ်များ ၏ ကိစ္စရပ်များကို ဆောင်ရွက်ရန်ဖြစ်၍ အတိုင်ပင်ခံပုဂ္ဂိုလ်မှာ အခြားနယ်စပ်ဒေသအားလုံးတို့၏ ကိစ္စရပ်များကို ဆောင်ရွက်စေရန်ဖြစ်သည်။ ၎င်းတို့သည် ထုံးနည်းဥပဒေအရ တွဲဖက်တာဝန်ယူ ရသည့်မူအတိုင်း ရွက်ဆောင်စေ ရမည်။
၎။ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အမှုဆောင်ကောင်စီတွင် အဖွဲ့ဝင်လူကြီးအနေဖြင့် နယ်စပ်ဒေသများ၏ တစ်ဦးတည်းသော ကိုယ်စားလှယ်အဖြစ် ပါဝင်ရမည်ဖြစ်သော်လည်း ဒုတိယအတိုင်ပင်ခံ ပုဂ္ဂိုလ်များ သည် နယ်စပ်ဒေသများနှင့် သက်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြသည့်အခါ အမှုဆောင်ကောင်စီ တွင် တက်ရောက်နိုင်ခွင့်ရှိစေရမည်။
၅။ အထက်တွင် သဘောတူ ညီသည့်အတိုင်း ဘုရင်ခံ၏ အမှုဆောင်ကောင်စီကို တိုးချဲ့မည်ဖြစ် သော်လည်း နယ်စပ်ဒေသများ၏ နယ်တွင်းအုပ်ချုပ်ရေးတွင် ယခုခံစားနေရသော ကိုယ်ပိုင်အုပ်ချုပ် ရေးကို မည်သည့်နည်းနှင့်မဆို တစ်စုံတစ်ရာလက်လွတ်စေရန် အဆိုပါကောင်စီက ပြုလုပ်ခြင်းမ ရှိစေရ။ နယ်စပ်ဒေသများအတွက် နယ်တွင်းအုပ်ချုပ်ရေးတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး ရာခိုင်နှုန်းအပြည့် ရှိစေရမည်ဟူသောမူကို သဘောတူညီကြသည်။
၆။ ပူးပေါင်းထားပြီးသည့် မြန်မာပြည်အတွင်း သီးသန့်ကချင် ပြည်နယ်တစ်ခု နယ်နိမိတ်သတ်မှတ်၍ တည်ထောင်ရန် ပြဿနာမှာ တိုင်းပြုပြည်ပြုလွှတ်တော်က ဆုံးဖြတ်ရန်ဖြစ်သော်လည်း ဤကဲ့သို့ သီးခြားပြည်နယ် တစ်ခုထားရှိသင့်ကြောင်းကို သဘောတူညီကြသည်။ ဤရည်ရွယ်ချက် အထမြောက် ရန်အလို့ငှာ ပထမခြေလှမ်းအနေဖြင့် ၁၉၃၅ခုနှစ် မြန်မာနိုင်ငံတော်အစိုးရ အက်ဥပဒေအရ နောက်ဆက်တွဲစာရင်းပါ အပိုင်း(၂) ဒေသများကဲ့သို့ မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်တို့၏ အုပ်ချုပ် ရေးတွင် နယ်စပ်ဒေသအတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်အား ဆွေးနွေးတိုင်ပင်ရ မည်။
၇။ နယ်စပ်ဒေသများ၏ နယ်သူနယ်သားတို့သည် ဒီမိုကရေစီနိုင်ငံများတွင် အခြေခံများအဖြစ် အသိ အမှတ်ပြုထားသော အခွင့်အရေးများတို့ကို ခံစားနိုင်ခွင့်ရှိစေရမည်။
၈။ ဤစာချုပ်တွင် သဘောတူကြသည့် အစီအစဉ်မှာ ပဒေသရာဇ် ရှမ်းပြည်နယ် နယ်မြေစုတွင် ယခုအပ်နှင်းထားပြီးသော ဘဏ္ဍာရေးနှင့်ပတ်သက်သည့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ထိခိုက်ခြင်းမရှိစေ ရန်။
၉။ ဤစာချုပ်တွင် သဘောတူညီကြသည့်အစီအစဉ်မှာ မြန်မာပြည်အခွန်တော်ငွေများမှ ကချင် တောင်တန်းနယ်များနှင့် ချင်းတောင်တန်းနယ်များက ရသင့်ရထိုက်သော ဘဏ္ဍာရေးအကူအညီကို ထိခိုက်ခြင်းမရှိစေရ။
မြန်မာပြည်နှင့် ပဒေသရာဇ် ရှမ်းပြည်နယ်မြေစု၏ ဘဏ္ဍာရေး အစီအစဉ်များကဲ့သို့ ကချင်တောင် တန်းနှင့် ချင်းတောင်တန်းများအတွက် အလားတူအစီအစဉ်များကို ထားရှိကျင့်သုံးရန်ဖြစ်နိုင်မည်၊ မဖြစ်နိုင်မည်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီက နယ်စပ်ဒေသများ၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်တို့နှင့် အတူစစ်ဆေးကြည့်ရှုရမည်။
(ပုံ)အောင်ဆန်း ၁၂-၂-၄၇
အထက်ပါသဘော တူညီချက်များကို ပြန်လည်သုံးသပ်ရာမှာ ယခုပြည်ထောင်စုအရပ်သားအစိုးရ ဦးဆောင်ကျင်းပလျက်ရှိသော(၂၁)ရာစု ပင်လုံညီလာခံတွင် တိုင်းရင်းသားလူမျိုးများသည် သူတစ်နည်း ကိုယ်တစ်ဖုံ နည်းမျိုးစုံဖြင့် တက်ရောက်တင်ပြကြပြီး ဆုံးဖြတ်ချက် တစ်ခုမှမချပြပဲ ဆက်လက်ဆွေးနွေးရန်သာ ကျေနပ်ခဲ့ရလေသည်။ နိုင်ငံရေးအခြေအနေ ဘယ်လောက်ပဲ ပြောင်းလည်းနေပါစေ မိမိတို့အမျိုးသားအတွက် မိမိတို့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် မိမိတို့ တိုင်းပြည်၊ မိမိတို့လူမျိုး မိမိတို့ပြည်နယ် သာယာဝ ပြောရေးအတွက်ဆိုလျင် သူတစ်ပါးကို မဲပေးနေသ၍ သူတစ်ပါးကိုအထင်ကြီးပြီး ကိုယ့်အမျိုးသားနှင့် ခေါင်းဆောင်ကြီးများကို အထင် သေးနေသ၍ မိမိတို့မျော်လင့်သော ငြိမ်းချမ်းရေးနှင့် ဖက်ဒရာယ် ပြည်ထောင်စု ပေါ်ပေါက်ရေးသည် မြင်သာမြင်ပြီး မကြင်ရသည့်ဘဝဖြင့် ဆက်လက်လျောက်လှမ်းရအုံးမည်ဖြစ်သည်။
 ငြိမ်းချမ်းရေးညီလာခံဆိုသည်မှာ လူမျိုးကိုကိုယ်စားပြု တက်ရောက်လာကြသည့် ကိုယ်စားလှယ် တော်ကြီးများက တူညီသော ပြောဆိုခွင့် တင်ပြဆွေးနွေးခွင့်နှင့် ဆုံးဖြတ်ပိုင်ခွင့်ရှိမှသာလျင် အောင်မြင်သော ငြိမ်းချမ်းရေး ညီလာခံကြီးတစ်ခု ဖြစ်လာနိုင်မည်ဟု သုံးသပ်တင်ပြရင်း နိဂုံးချုပ်လိုက်ရပါသည်။

ကျမ်းကိုး=မြန်မာ့စွယ်စုံကျမ်း
တက္ကသိုလ်ခွန်အာကာ
ခွန်အောင်ထွိုက်ဗွေ

Powered by Blogger.