တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၃) ရက်
ကျွန်ုပ်တို့ လူသားတိုင်းသည် အသက်ရှင်နေထိုင်စားသောက်ရန်အတွက် မတူညီသော အလုပ်အကိုင်အမျိုးမျိုးကို လုပ်ကိုင်ကြရသည်။ ထိုကဲ့သို ရုန်းကန်လုပ်ရှားရာတွင် ချမ်းသာသောစီးပွားရေး လုပ်ငန်းရှင်များ၊ အသေးစားစီးပွားရေးလုပ်ငန်းရှင်များ၊ ပုဂ္ဂလိကဝန်ထမ်းများနှင့် အစိုးရဝန်ထမ်းများ ဖြစ်ကြပါသည်။ ထိုသူတို့သည် မတူညီသောကြိုးစားမှုများဖြင့် မတူညီသောအကျိုးခံစားမှုများကို ခံစားကြရပါသည်။ မိမိတို့သည် ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ မိမိတို့လုပ်ကိုင်သောအလုပ်ကို လောဘ၊ ရမ္မက်တို့ဖြင့်ငွေရရန်အတွက်သာမလုပ်သင့်ပေ။ လောဘကြောင့် ပျက်ဆီးဆုံးရှုံးမှုကိုပိုဖြစ်စေပါသည်။
အလုပ်သမားအများစုသည် ၎င်းတို့၏အနာဂတ်ဘဝကို လှမ်းမျှော်ကြည့်ခြင်းမရှိဘဲ လခထုတ်မည့် လကုန်ရက်ကို မျှော်နေတတ်ကြပါသည်။ မိမိတို့သွားနေသောလမ်းကြောင်းသည် မည်သည့် အရပ်သို့ ဦးတည်သွားနေသည်ကို ဆန်းစစ်သင့်ပါသည်။ ယခုအချိန်တွင် ငွေရရန်နှင့် ဘဝလုံခြုံမှုရှိရန်လည်း အရေးပါသည်မှာ မှန်ကန်ပါသည်။ သို့သော်ငွေရရုံသာမဟုတ်ဘဲ ကျွမ်းကျင်မှုနောက်ထပ်တစ်မျိုး သင်ယူဆည်းပူးနိုင်အောင် မိမိတို့ရသည့်ကိုယ်ပိုင်အချိန်တွင် ကြိုးစားသင်ယူသင့်ပါသည်။
ထို့ပြင်အလုပ်သမားအများစုသည် အလုပ်ရှင်များကဲ့သို မည်သည့်အခါမျှ ရှေ့တန်းသို့ မရောက်ရှိသည့်အပြင် ၎င်းတို့သည် ၎င်းတို့သင်ကြားခံထားရသည်အတိုင်း လုပ်ကိုင်ကြရသည်။ “ အာမခံချက်ရှိသော အလုပ်တစ်ခုကိုရှာလုပ်” ဟုရှေးရိုးစွဲများရှိကြသည်။ အလုပ်သမားအများစုသည် ၎င်းတို့အတွက် လတ်တလောအကျိုးရှိမည့်လစာနှင့် အခြားခံစားခွင့်များကိုကြည့်ပြီး အလုပ်လုပ်ကြသည်။ သို့သော် ထိုသို့လုပ်ခြင်းသည် ရေရှည်အကျိုးနှင့် တွက်လျှင် မိမိတို့အတွက်အကျိုးမရှိနိုင်ပေ။ ထိုသို့ ပြုလုပ်မည့်အစား လူငယ်များအနေဖြင့် ၎င်းတို့လစာရမည့်အရေးထက် ပညာရမည့်အရေးကိုကြည့်ပြီး အလုပ်လုပ်ကြရန်လိုအပ်ပါသည်။
အချို့သောလူများသည် မိသားစုစားဝတ်နေရေးအတွက် မိမိတို့ဝါသနာမပါသည့်၊ မလုပ်ချင်သည့် အလုပ်များကို လုပ်ကိုင်ကြရပါသည်။ တစ်ချို့မှာ မိမိတို့လုပ်နေသောအလုပ်ကို ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သကဲ့သို့အလုပ်ကို စိတ်ပါဝင်စားစွာ လုပ်ကိုင်ကြသော်လည်း အချို့မှာငွေရရန်အတွက်သာ လုပ်ကိုင်ကြပြီးစေတနာထား၍ မလုပ်ကြသည်ကို တွေ့ရပါသည်။ စိတ်ပါသည်ဖြစ်စေ၊ စိတ်မပါသည်ဖြစ်စေ မိမိတို့လုပ်ကိုင်သောလုပ်ငန်းခွင်၌ မိမိတို့လုပ်ကိုင်သည့် အချိန်တွင်အကျိုးရှိစွာ လုပ်ကိုင်ကြရန်လိုအပ်ပါသည်။ မည်သည့်လုပ်ငန်းတွင်မဆို ယူတတ်လျှင် အတွေ့အကြုံရနိုင်သည်သာမက ပညာများပါရနိုင်ပါသည်။ လူငယ်လူရွယ်များအနေဖြင့် တက္ကသိုလ်ဘွဲ့ရပြီးမိမိတို့နှင့် သင့်တော်သောလုပ်ငန်းခွင်ကို ရှာကြမည်ဖြစ်သည်။ ကိုယ်ပိုင်လုပ်ငန်းလုပ်သည်ဖြစ်စေ၊ ဝန်ထမ်း၊ နေ့စား အလုပ်များလုပ်ကိုင်သည်ဖြစ်စေ စသည့်လုပ်ငန်းခွင်မလုပ်မှီ မိမိတို့လုပ်ကိုင်မည့်လုပ်ငန်းခွင်သည် မိမိတို့အတွက် “ အနာဂတ်ဘဝတွင် ဘာတွေရှိမှာလဲ၊ ကြိုးကြိုးစားစားနှင့် လုပ်လျှင်လည်း ဘယ်နေရာ ရောက်အောင်ပို့ပေးနိုင်သလဲ၊ အလုပ်ရပ်နားသွားလျှင် ဘာလုပ်ကြမှာလဲ၊ အငြိမ်းစားယူကြလျှင် အငြိမ်းစားလစာနှင့် ထိုင်စားလို့ရလား ” စသည့်အချက်များကို စဉ်းစားသင့်ပါသည်။
ထို့ကြောင့် ဝန်ထမ်း သို့မဟုတ် အလုပ်သမားများသည် တစ်နေ့နေ့တစ်ချိန်ချိန်တွင် အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ အကြီးအကဲများမဖြစ်နိုင်ဟု မည်သူမှကြိုတင်မသိရှိနိုင်ပေ။ မိမိတို့သည် လုပ်ငန်းရှင်ဖြစ်လာလျှင်လည်း မိမိလုပ်ငန်းအောင်မြင်တိုးတက်ရန်အတွက် တီထွင်ကြံဆ တွေးတောတတ်သော အသိဉာဏ်လိုအပ်သကဲ့သို့ ပုဂ္ဂလိကဝန်ထမ်းများသည် မိမိတို့လုပ်ကိုင်သော လုပ်ငန်းခွင်တွင် မိမိတို့အလုပ်ကဲ့သို့ သဘောထားပြီးလုပ်ကိုင်သင့်ပါသည်။ သို့မှသာ အလုပ်အတွေ့အကြုံများ၊ လုပ်ငန်းခွင်မှ ရရှိသည့် အသိပညာများကို မိမိကိုယ်တိုင်လုပ်ငန်းရှင်တစ်ယောက်ဖြစ်လာသည့်အချိန်တွင် အောင်မြင်သော အသီးအပွင့်များကိုလက်တွေ့ခံစားကြရမည်ဖြစ်ကြောင်းတင်ပြလိုက်ရပါသည်။
ခြဲုင်းမူ;ပေ
(စန္တာ;ခမ်း)
Like On Facebook
Follow On Twitter
Subscribe On RSS