Tuesday, February 7, 2017

လူငယ်များအား စာဖတ်အားကောင်းစေချင်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၇) ရက်



အေးချမ်းသောဆောင်းလေနှင့် အတူ၂၀၁၇နှစ်သစ် “Happy New Year “ ကိုပုံစံမျိုးစုံဖြင့်ကမ္ဘာ့နေရာအနှံ့အပြားတွင်ကြိုဆိုခဲ့ကြသည်။ ကမ္ဘာ့အနံှ့အပြားတွင်နှစ်သစ်ကိုကြိုဆိုခဲ့ကြသလို မိမိတို့မြန်မာနိုင်ငံဒေသအနှံ့အပြားတွင်လည်း နှစ်သစ်ကိုပုံစံမျိုးစုံဖြင့်ပျော်ရွှင်စွာကြိုဆိုခဲ့ကြပါသည်။ နှစ်သစ်ကိုပုံစံမျိုးစုံဖြင့်ကြိုဆိုခဲ့ကြရာတွင်နှစ်သစ်အဖွင့်ကို ပညာရေးစုံညီပွဲတော်များ၊ စာကြည့်တိုက်ဖွင့်ပွဲများဖြင့်စတင်သော နှစ်သစ်မြင်ကွင်းသည်အင်မတန်မှကြည်နူးစရာကောင်းသောမြင်ကွင်များဖြစ်သည်။ ကျောင်းပွဲပညာရေးစုံညီပွဲတော်နှင့်လူရည်ချွန်ဆုပေးပွဲများတွင်မြင်တွေ့ရသော အပြစ်ကင်းစင်သည့်ကလေးငယ်လေးများ၏ပျော်ရွှင်စွာပါဝင်ဆင်နွှဲနေဟန်များသည်ကျေနပ်အားရစရာကောင်းလှပါသည်။

ထိုနည်းတူစွာကျေးလက်စာကြည့်တိုက်ဖွင့်ပွဲများတွင် လူငယ်များတက်ကြွစွာပါဝင်လာခြင်းသည်လည်း တိုင်းပြည်အတွက်အားဆေးတစ်ခွက်ပင်ဖြစ်သည်။ ယနေ့လူငယ်နောင်ဝယ်လူကြီးဆိုသည့်အတိုင်းယနေ့လူငယ်များသည် နောင်တစ်ချိန်တွင်တိုင်းပြည်၏တာဝန်များကိုပုခုံးလွှဲပြောင်းထမ်းပေးရမည့်သူများဖြစ်သည်။ တိုင်းပြည်၏တာဝန်ကိုဦးဆောင်ရမည့်လူငယ်များသည်အတွေးခေါ်အမျော်အမြင်ရှိမှုနှင့်စိတ်ကောင်းစေတနာများရှိရန်အထူးလိုအပ်လှပါသည်။  ထိုအရည်အချင်းများရှိရန်မှာအသိပညာဗဟုသုတများများရှိရန်လိုသည်။ အသိပညာဗဟုသုတများအများဆုံးရရှိနိုင်သည့်နေရာသည်စာကြည့်တိုက်ထဲရှိစာအုပ်စာပေများထံမှဖြစ်သည်။

စာကြည့်တိုက်သည်တက္ကသိုလ်နှင့်အလားတူသည့်အပြင် ကျောင်းမျာတွင်ပညာသင်ကြားဆည်းပူးနေသောကျောင်းသား/သူများကိုအထောက်အကူပြုသည်သာမက၊ စာပေပညာမလေ့လာမဆည်းပူးနိုင်သူများကိုလည်းပညာဗဟုသုတများပေးနိုင်သည်။ စာအုပ်စာပေလူ့မိတ်ဆွေ၊ အလိမ္မာစာမှာရှိ၊ စာပေမြှင့်မှလူမျိုးတင့်မည်ဟူသောဆောင်ပုဒ်သည် လူတိုင်းသဘောပေါက်ပြီးမှာအမှန်ပင်ဖြစ်သည်။ ခေတ်ကာလတိုးတက်လာသည်နှင့်အမျှနည်းပညာပစ္စည်းများသည်လည်း လူငယ်များကိုသွေးဆောင်ဖြားယောင်းလျက်ရှိပြီး လူငယ်များသည်လည်း နည်းပညာပစ္စည်းများနောက်လိုက်ရင်း စာဖတ်အားလည်းတဖြည်းဖြည်းနည်းလာနေသည်ကိုတွေ့မြင်နေရပါသည်။ ယနေ့လူငယ်အများစုသည် လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် တန်ဖိုးရှိသည့်မိမိတို့၏အချိန်တွေကိုအလဟဿဖြုန်းတီးပစ်နေကြသည်။ လူငယ်များအနေဖြင့် လူမှုကွန်ယက်စာမျက်နှာများကိုအကျိုးရှိစွာအသုံးချသင့်သည် သို့မဟုတ်ပါကအထူးသဖြင့် အမျိုးသမီးငယ်လေးများအတွက်မိမိအန္တရာယ်ကို မိမိဖိတ်ခေါ်သလိုဖြစ်သွားလျှင်အလွန်အန္တရာယ်များလွန်းလှပါသည်။ နောင်တစ်ချိန်တွင် တိုင်းပြည်၏တာဝန်ကို ပခုံးလွှဲပြောင်းတာဝန်ယူမည့်လူငယ်များအနေဖြင့် ငွေကုန်ပြီးအကျိုးမရှိလှသည့် အင်တာနက်အသုံးပြုမှုအချိန်ကိုလျှော့ချပြီး ရသစာပေများကိုများများလေ့ဖတ်ရှုစေချင်မိသည်။

မိမိတို့နိုင်ငံသည်မြို့ကြီးပြကြီးမှ ကျေးလက်တောရွာများအထိရပ်ကွက်တိုင်း၊ ကျေးရွာတိုင်းလိုလိုတွင်စာကြည့်တိုက်များရှိနေသော်လည်း အကျိုးရှိစွာအသုံးမပြုကြပေ။ အထူးသဖြင့် ကျေးလက်နေပြည်သူလူထုများသည် စာဖတ်အားနည်းခြင်း၊ စာဖတ်ခြင်းသည်အလကားအချိန်ကုန်ခြင်းဟုထင်မြင်ယူဆမှုရှိနေခြင်းကြောင့်ယနေ့ကျေးလက်နေလူငယ်အများစုသည် အသိပညာဗဟုသုတအားနည်းကာ မူးယစ်ဆေးဝါးသုံးစွဲမှုများလည်းတစ်နေ့ထက်တစ်နေ့ပို၍ဆိုးဝါးလာနေပြီဖြစ်သည်။ မူးယစ်ဆေးဝါးသုံးစွဲမှုတွင်လူငယ်များအများစုပါဝင်နေမှုသည် တိုင်းပြည်အနာဂတ်အတွက်စိုးရိမ်ဖွယ်ရာဖြစ်သည်။ လူငယ်များစာဖတ်အားကောင်းလာစေရန်အတွက်အုပ်ထိန်းသူမိဘများတွင်လည်းများစွာတာဝန်ရှိပါသည်။ ယနေ့ခေတ်ကာလမိဘများသည် စားဝတ်နေရေးအတွက်အချိန်နှင့်အမျှလုံးပန်းနေရခြင်းကြောင့် မိမိတို့၏သားသမီးများကိုသွန်သင်ဆုံးမရန် အချိန်မပေးနိုင်မှုသည် သားသမီးတွေကိုလမ်းမှားရောက်အောင်တွန်းပို့နေသလိုပင်ဖြစ်သည်။ လူတွေရဲ့စိတ်သည်မကောင်းမှုတွင်မွေ့လျော်ကြသည်။ ထို့ကြောင့်မိဘအုပ်ထိန်းသူများ၏ကွပ်ကဲမှုနှင့်ကင်းလွတ်မှုများသောသားသမီးများသည်သူတို့၏တန်ဖိုးရှိလှသောအချိန်တွေကိုအကျိုးရှိစွာအသုံးပြုရမည့်အစားများသောအားဖြင့်မကောင်းမှုတွေနှင့်သာကုန်ဆုံးမှုများနေခြင်းသည်တိုင်းပြည်အတွက်ရင်လေးဖွယ်ရာဖြစ်သည်။


တန်ဖိုးရှိလှသည့်မိမိတို့၏အချိန်ကိုအလဟဿ  ဖြုန်းတီးပစ်နေမည့်အစားအသိပညာဗဟုသုတတိုးပွားလာစေသည့် စာအုပ်စာပေများကိုလေ့လာဖတ်ရှုသင့်ပါသည်။ စာပေသည်လူ့အဖွဲ့အစည်းကြီး၏ပြတင်းပေါက်လည်းဖြစ်သည်။ နိုင်ငံတစ်နိုင်ငံလူမျိုးတစ်မျိုး၏ဖွံ့ဖြိုးတိုးတက်မှုသည် အသိပညာ၊ အတတ်ပညာရှင်သန်ဖွံ့ဖြိုးမှုပေါ်တွင်တည်နေပေသည်။ ကြီးပွားလိုသူတိုင်းလည်းစာများများဖတ်ဖို့လိုသည်။ စာမဖတ်သောလူမျိုး၊ စာမတတ်သောတိုင်းပြည်သည်မည်သည့်အခါမျှအထွဋ်အထိပ်သို့မရောက်ရှိနိုင်ပါ။ ထာဝရအောင်မြင်ပြီးကြီးပွားစေရန်လူသားတိုင်းအတွက်အကောင်းဆုံးသောနည်းလမ်းမှာ စာအုပ်စာပေများများများလေ့လာဖို့လိုအပ်ပါသည်။ လူငယ်တွေစာများများဖတ်လာအောင်ရွေ့လျားစာကြည့်တိုက်(Mobile Library)များများလုပ်ပေးရန်လိုသည်။ ယနေ့မိမိတို့ပအိုဝ်းဒေသတွင်ခေတ်ပညာတတ်ပအိုဝ်းလူငယ်များဦးဆောင်သော (Piti Teacher Network)အဖွဲ့သည် ပအိုဝ်းဒေသရှိစာသင်ကျောင်းများတွင် English (4-skills)သင်တန်းများပို့ချရင်းလူငယ်များစာဖတ်အားကောင်းလာစေရန်ရည်ရွယ်ပြီး(Mobile Library)များကိုပါအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ကိုတွေ့မြင်ကြားသိခဲ့ရသည့်အတွက်အတိုင်းမသိဝမ်းသာဂုဏ်ယူမိပါသည်။ စာအုပ်များကိုဝယ်၍ကုန်သွားသောငွေကြေးသည် အခြားပစ္စည်းဝယ်၍ကုန်သွားသောငွေကြေးထက်ပို၍ အကျိုးရှိပေသည်။ ထို့ကြောင့်စာအုပ်များသည် လူတစ်ယောက်အတွက် ထာဝရအရင်းအနှီးပင်ဖြစ်ပေသည်။

ထို့ကြောင့် ယနေ့လူငယ်နောင်ဝယ်လူကြီးဆိုသည့်အတိုင်း လူငယ်သည်တိုင်းပြည်၏အနာဂတ်ကြယ်ပွင့်များဖြစ်သည်။ အနာဂတ်ခေါင်းဆောင်ကောင်းများလိုချင်လျင် ယနေ့လူငယ်များကိုကောင်းမွန်စွာပြုစုပျိုးထောင်ရမည်ဖြစ်သည်။ လူငယ်များကိုစိတ်ကောင်းစေတနာများမွေးမြူတတ်ရန်နှင့် စာဖတ်အားကောင်းလာစေရန်အတွက်တွန်းအားပေးရမည်ဖြစ်သည်။ ယနေ့လူငယ်ကောင်းမှတိုင်းပြည်၏အနာဂတ်ခေါင်းဆောင်ကောင်းရရှိနိုင်မည်ဖြစ်သည်။ စင်္ကာပူဝန်ကြီးချုပ်လီကွမ်ယူပြောခဲ့သည့်စကားကိုယူသုံးရမည်ဆိုလျင်“စစ်လက်နက်ပစ္စည်းနဲ့တက်သိမ်းစရာမလိုဘူး၊ ပညာတတ်အောင်လုပ်သူ့ဟာသူကျွန်ခံလာလိမ့်မယ်”ယနေ့စင်္ကာပူနိုင်ငံကြီးသည်လီကွမ်ယူပြောခဲ့သည့်စကားလုံး၏သက်သေပင်ဖြစ်သည်။ လီကွမ်ယူလိုပုဂ္ဂိုလ်မျိုးကိုအတုယူပြီးလူငယ်များအနေဖြင့်လည်း ငါသည်တိုင်းပြည်အတွက်ဖြစ်စေရမည်၊ တိုင်းပြည်သည်ငါ့အတွက်မဖြစ်စေရဟူသောစိတ်ကိုမွေးမြူကာ ပညာများကိုကြိုးစားသင်ယူကာအသိပညာဗဟုသုတများတိုးတက်လာစေရန်ရသစာအုပ်စာပေများကိုများများဖတ်ရှုလေ့လာမှတ်သားသင့်သည်ဟုအကြံပြုတိုက်တွန်းလိုက်ရပါသည်။

ခြဲုင်းပေခွန် (စန္တာခမ်း)
Powered by Blogger.