Monday, February 27, 2017

သတိဟူသည် ပိုသည်မရှိ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်





ဒုတိယအကြိမ် ပြည်ထောင်စုညီချမ်းရေးညီလာခံ(၂၁-ရာစု ပင်လုံညီလာခံ) နီးစပ်လာသကဲ့သို့ အေးမြသော နှင်းစက်ကလေးများလည်း ဆောင်းရာသီကို နှုတ်ဆက်ပြီး အပူရှိန်မြင့်သော နွေရာသီကို ဖြတ်သန်းရလေပြီ။ ဆောင်းတွင်းကို ကြိုက်နှစ်သက်သူတွေက အေးမြခြင်းအရသာကို လက်မလွှတ်ချင်သော်လည်း ပြောင်းလဲနေသော နိယာမတရားကြီးကို မလွန်ဆန်နိုင်ကြ။ ထို့အတူ အပြောင်းအလဲနှင့် မလွတ်ကင်းသော မနက်ဖြန်ပေါင်းများစွာကို ကျွန်ုပ်တို့ လူသားအားလုံး ကံစမ်းပြီး လိုက်ပါစီးမျော နေရဦးမည်ဖြစ်သည်။

ထို့အတူ ခေတ်စနစ်ဆိုးအမျိုးမျိုးကို နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ရသော မြန်မာနိုင်ငံသည်လည်း ယခု လက်ရှိတွင် ဒီမိုကရေစီစနစ်မှ အများပြည်သူ မျှော်မှန်းတောင်းတနေသော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုစနစ်သို့ ကူးပြောင်းရန် အားအင်ယူနေပြီဖြစ်သည်။ ထိုကြောင့် စစ်မှန်သောဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို အကောင်အထည်ဖော်နိုင်ရန်အတွက် နိုင်ငံရေးအင်အားစုများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မိဘပြည်သူများက ကိုယ်စီအလုပ်ရှုပ်နေကြ၏။

မိမိတို့ ပအိုဝ်းလူမျိုးများသည်လည်း ထိုအပြောင်းအလဲထဲတွင် မိမိတို့ လူမျိုးနှင့် ထိုက်တန်သော ရပိုင်ခွင့်များ တန်းတူအခွင့်အရေးရရှိရန်  စိတ်အားထက်သန်စွာ ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံ့ရေးဆွေးနွေးပွဲကြီးကိုလည်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့တွင် အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့သည်ကို တွေ့မြင်နေရပြီဖြစ်သည်။ ထိုဆွေးနွေးပွဲ၌ ရရှိလာသော ဒီမိုကရေစီဖက်ဒရယ်စနစ်နှင့် ပတ်သက်၍  မိမိတို့၏ သဘောထားစုစည်းချက် အခြေခံမူများကို လာမည့်ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁-ရာစု ပင်လုံညီလာခံ)တွင် ဆွေးနွေးခွင့်ရတော့မည်ဖြစ်သည်။

အနာဂတ်တွင် တည်ထောင်မည့်  ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုစနစ်တွင် မိမိတို့ပအိုဝ်း လူမျိုးများ အိပ်မက်ဖြစ်သော ပြည်နယ်သစ်ပေါ်ထွန်းခွင့်ကို မျှော်လင့်တောင်းတနေမိမည်မှာ အမှန်ပင်ဖြစ်ပါသည်။ လူဟူသော သတ္တ၀ါသည် အတ္တနှင့်မကင်း။ ထို့ကြောင့် မိမိပအိုဝ်းလူမျိုးသည်လည်း ကိုယ်ပိုင်အမှတ်အသား၊ ကိုယ်ပိုင်စရိုက်နှင့် နေထိုင်လိုသည်မှာ မဆန်းလှပေ။ ထိုအိပ်မက်ကို ဆက်မက်ရန် ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံ့ရေးဆွေးနွေးပွဲကြီးရလဒ်က တွန်းအားပေး နေသည်ဟု ခံစားရပါသည်။

ယခုလက်ရှိတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “မြန်မာနိုင်ငံသည် လာမည့် အနှစ်၂၀တွင် စင်ကာပူနိုင်ငံကို ကျော်နိုင်ရမည်” ဟု ကြွေးကြော်ထားပါသည်။ ဤသည်မှာ အစိုးရသည် ငြိမ်းချမ်းရေးကို တည်ဆောက်ပြီး ဖွံ့ဖြိုးတိုးတက်ရေးကို တဟုန်ထိုးလုပ်ဆောင်တော့မည့် အခြေအနေရှိနေပါသည်။ ထို့ကြောင့် တိုင်းရင်းသားများ လိုလားတောင်းတနေသော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို ဖော်ဆောင်ပေးရန် လုပ်ဆောင်နေသည်မှာ မဆန်းလှပေ။

ဖက်ဒရယ်စနစ်၏ သဘောတရားကို လေ့လာကြည့်လျှင် နိုင်ငံတော်၏ အချုပ်အခြာအာဏာ သုံးရပ်ကို တစ်နေရာ တည်းတွင်သာ စုပုံမထားပဲ Constituent Units ခေါ် ဒေသန္တရများ(ပြည်နယ်၊ တိုင်းဒေသကြီး)များမှ မိမိတာဝန်ယူနိုင်သည့် မိမိဒေသအရေးများကို မိမိတို့ဘာသာ မိမိတို့တာဝန်ယူစေပြီး မိမိတို့ဘာသာ မိမိတို့ တာဝန်မယူနိုင်သော တစ်တိုင်းပြည်လုံးနှင့် သက်ဆိုင်သည့်အပိုင်းများကို စုပေါင်းနေရာ(ဗဟို)ကို အပ်နှင်းကာ အညီအမျှခွဲဝေခြင်းကို ဖက်ဒရယ်စနစ်ဟု သတ်မှတ်ထားသည်ကို မြင်တွေ့ရမည် ဖြစ်သည်။ ထို့ကြောင့် အနာဂတ်တွင် တည်ထောင်မည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးသာ စစ်မှန်မည်ဆိုပါက အခြားတိုင်းရင်းသားနည်းတူ မိမိတို့ပအိုဝ်းလူမျိုးများလည်း မိမိတို့နှင့်ထိုက်တန်သည့် ရပိုင်ခွင့်များကို မလွဲဧကန် ရရှိမည်ဖြစ်သည်။
 
သို့သော်လည်း နိုင်ငံရးလောကတွင် ကျွန်ပ်တို့ မမြင်နိုင်သော အလှည့်အပြောင်း၊ အချိုးအကွေ့များ များလွန်းလှ၏။ တစ်နည်းအားဖြင့်ဆိုသော် နိုင်ငံရေးသည် သူသူငါငါ ပြောနေကြအတိုင်း “ညစ်ပတ်သည့်” သဘောရှိ၏။ တစ်ခါတစ်ရံတွင် ကျွန်ုပ်တို့ ရလိုက်သောအရာ တစ်ခုအပေါ် ကျွန်ုပ်တို့ ပေးဆပ်ရခြင်းသည် ရရှိမှုနှင့်မမျှအောင် ဖြစ်နေတတ်၏။ တစ်ဖက်တွင်လည်း “အစားမတော် တစ်လုတ်၊ အသွားမတော် တစ်လှမ်း” ဟူသော ဆိုးရိုးစကားသည် ကျွန်ုတို့ကို အစစအရာရာ ဆင်ခြင်နိုင်အောင် သတိပေးနေ၏။  ထို့ကြောင့် ဖက်ဒရယ်နှင့်ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရာလမ်း တစ်လျှောက်တွင် ပအိုဝ်းလူမျိုးအနေနှင့် မိမိတို့ လိုချင်သောအရာ၊ ဖြစ်ချင်သည့်ဆန္ဒကို ချင့်ချိန်၍ လိမ္မာပါးနပ်စွာ လိုက်ပါတတ်ရန် လိုအပ်လိမ့်မည်ဟု ထင်မြင်မိပါသည်။

လက်ရှိမြန်မာနိုင်ငံ၏ အနေအထားသည် ငြိမ်းချမ်းရေးကို တည်ဆောက်နေသည်ဟု ဆိုသော်လည်း  ငြိမ်းချမ်းရေးပန်းတိုင်သို့ မရောက်ရှိသေးဘဲ ငြိမ်းချမ်းရေး၏ တံခါးဝတွင်သာ ရှိနေပါသေးသည်။ ထိုသို့ အနည်မထိုင်သေးသော မြန်မာနိုင်ငံ၏ ယခုလက်ရှိ အခြေအနေတွင် မိမိတို့၏ အမှန်တရားသည် အရာမရောက်ဘဲ သူတစ်ပါးအတွက် အနှောက်အယှက်ဖြစ်နေတတ်၏။ အမှန်တရားကို အချိန်အခါနှင့် တိုင်းတာရမည့် အချိန် ဖြစ်သည်။ “စိတ်ရှည်သီးခံခြင်းသည် အောင်မြင်ခြင်း၏ သော့ချက်ဖြစ်သည်” ဟု ပညာရှင် Bill Gate က ဆိုထားဖူးပါသည်။ ထို့ကြောင့် မိမိတို့ လိုချင်သော ပန်းတိုင်မရောက်သေးသရွေ့ လက်ရှိတွင် ဖက်ဒရယ်စနစ်ကို နားမလည်သောသူတို့၏ ဝေဖန်သံများကို ဥပေက္ခာပြုပြီး မိမိတို့၏ မျိုးချစ်စိတ်ဆန္ဒများကို ထိန်းချုပ်တတ်ရမည် ဖြစ်သည်။

မိမိတို့၏ မနုဟာမင်းကြီးသည် စိတ်ဆန္ဒကို မထိန်းချုပ်ဘဲ ဒေါသတရားရှေ့တန်းတင်၍ သတိမမူခဲ့မှုကြောင့် မိမိတို့၏ သုဝဏ္ဏသထုံပြည်ကြီးလည်း ပြိုလဲခဲ့ပြီး မိမိတို့လူမျိုးသည်လည်း စနစ်ဆိုးကြီးများကို ဖြတ်သန်းလာခဲ့ရပြီ ဖြစ်သည်။ ဤသည်မှာ တစ်ခါတစ်ရံတွင် မျိုးချစ်စိတ်ပြင်းထန်လွန်းလျှင် အမှားများ ပါတတ်သည်ကို ကျွန်ပ်တို့အတွက် သင်ခန်းစာကောင်းကောင်းပေး နေပါသည်။  အရာရာ ပြောင်းလဲနေသော လောကကြီးထဲတွင် မည့်သည်အရာကိုမျှ ပုံအပ်ပြီး မယုံကြည်သင့်ပေ။ “ကြိုတင်ကာကွယ် ခြင်းသည် ကုသခြင်းထက် ပိုကောင်း၏” ဟူသော သတိပေးစကားကိုလည်း ကျွန်တော်တို့ မမေ့အပ်။ မိမိတို့ ပအိုဝ်းဒေသသည် ယခုလက်ရှိတွင် ငြိမ်းချမ်းသာယာနေသည်ဟု ထင်ရသော်လည်း မနက်ဖြန်၊ တဘက်ခါတွင် နိုင်ငံရေးအရ ဘာဖြစ်လာမည် မသိချေ။ အကယ်၍ မငြိမ်သက်မှု ဖြစ်ပွားခဲ့လျှင် မိမိတို့လူမျိုးအတွက် ကာကွယ်ရန် ပြည့်ဝသော လုံခြုံမှုရှိမရှိကို ပြန်လည်ဆန်းစစ်ရလိမ့်မည်ဖြစ်သည်။

မိမိတို့ပအိုဝ်းလူမျိုးသည် ဘ၀ပေးဒဏ်ရာများကြောင့် မငြိမ်သက်မှုကို မုန်းတီးပြီး ငြိမ်းချမ်းခြင်းကို မြတ်နိုးသောလူမျိုးပီပီ မေတ္တာတရား၊ ယုံကြည်မှု၊ စေတနာတရားများကို အရင်းခံပေးဆပ်ကာ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို တတ်နိုင်သည့်ကဏ္ဍတွင် ထမ်းဆောင်နေသည်ဟု ဆိုနိုင်ပါသည်။ ထိုသို့ ခက်ခက်ခဲခဲ ရင်းနှီးပြီး ရရှိလာသောအကျိုးတရားများကို မိမိတို့၏ မဆင်မခြင် သတိမမူမှုများကြောင့် ပျက်စီးသွားနိုင်သည်။

ယခုလက်ရှိအချိန်တွင် ၂၁-ရာစု ပင်လုံညီလာခံ၏ ကျေးဇူးဖြင့် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်တည်လာသော ပအိုဝ်းအသင်းအဖွဲ့ပေါင်းစုံတို့က ပအိုဝ်းအရေးဟူသော ခေါင်းစဉ်အောက်တွင် တစ်စုတစ်စည်း ရောက်လာခဲ့ကြပြီဖြစ်သည်။ ထိုသို့ ရောက်ရှိလာသည့် ကျွန်ုပ်တို့ အဖွဲ့အစည်းပေါင်းစုံတွင် မတူညီသည့် အယူအဆ၊ အတွေးအခေါ်များရှိနေမည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် ထိုမတူကွဲပြားမှုကို အခြေခံ၍ မိမိတို့လူမျိုးနှင့် ကိုက်ညီသည့်အခြေခံမူများကို ရွေးချယ်နိုင်ခဲ့ပြီဖြစ်သည်။ မတူကွဲးပြားမှုကို လက်ခံနိုင်ခြင်းသည် ဖက်ဒရယ်၏ သဘောတရားပင် မဟုတ်လော။ နိုင်ငံရေးလောက၌ တစ်ခါတစ်ရံတွင် အမှန်တရားကို ကြွားဖို့မလို လုပ်တတ်ဖို့သာ အဓိကဖြစ်လိမ့်မည်ဟု မြင်မိပါသည်။ ထို့ကြောင့် ယခုအချိန် အခါသည် မိမိတို့၏ ဘေးနားတွင် သတိတရားကို အမြဲဆောင်ထားရန် လိုအပ်သည်ဟု မြင်မိပါသည်။

မိမိတို့ ပအိုဝ်းလူမျိုးနှင့် ထိုက်တန်သည့်အရာများကို မိမိတို့လူမျိုးအားလုံး သိနေကြသကဲ့သို့ နိုင်ငံတော်လည်း သိနေလိမ့်မည်။ မြတ်စွာဘုရားလည်း သိနေ၏။ ထိုအမှန်တရားကို မည်သည့်အရာနှင့်မျှ ဖုံးကွယ်၍ မရပေ။ သို့သော်လည်း မည့်သည်အရာမျှ အလကားမရသော လူ့လောကကြီးထဲတွင် တစ်ခုခုကို လိုချင်လျှင် တစ်ခုခုကို ပေးဆပ်ရသည့် သဘောရှိသည်ကို ကျွန်ုပ်တို့ သတိထားရမည့် အချက်ဖြစ်သည်။ တစ်ဖက်တွင်လည်း “ စကားတတ်တိုင်း မပြောပါနဲ့၊ ဥစ္စာရှိတိုင်း မကြွားပါနဲ့၊ အန္တာရာယ်ရှိတတ်လို့ပါ” ဟု ဆရာတော်တစ်ပါးထံမှ သတိမူ ဆင်ခြင်ဖွယ် မှတ်သားခဲ့ဖူးပါသည်။

သတိဟူသည် ပိုသည်မရှိ။ သတိတရားဖြင့် အလုပ်လုပ်သူသည် အမှားကင်းသကဲ့သို့ အောင်မြင်မှု ပန်းတိုင်ဆီသို့လည်း ချောမွေ့စွာရောက်နိုင်သည်။ ထို့ကြောင့် မိမိတို့ပအိုဝ်းလူမျိုး၏ အိပ်မက်ကို အကောင်အထည်ဖော်ရာတွင် သတိတရားဖြင့် မိမိတို့လူမျိုးအတွက် ထိခိုက်စေနိုင်သည့် အပြောကို တတ်နိုင်သမျှ လျော့ပြီး အလုပ်နှင့်များများသက်သေပြသွားနိုင်လျှင် မိမိတို့လူမျိုး၏ အိပ်မက်ကို မလွဲမသွေ အကောင်အထည်ဖော်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း ပအိုဝ်းလူမျိုးခေါင်းဆောင်ကြီးများနှင့်တကွ ပအိုဝ်းမိဘပြည်သူတစ်ရပ်လုံးကို တိုက်တွန်းနိုးဆော်လိုက်ရပါသည်။

ခွန်ထင်;လေအောင်;
Powered by Blogger.