Wednesday, March 1, 2017

အမျိုးသားစိတ်ဓါတ်နှင့် ပအိုဝ်းအနာဂတ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ မတ်လ (၁) ရက်


မိမိတို့ပအိုဝ်းလူမျိုးသည် မင်းမျိုးမင်းနွယ်ဟုခေါ်သော ပအိုဝ်းအခေါ် ခွန်ခွို ကြောင်းကို မိမိတို့ယနေ့ ပအိုဝ်းအမည်နာမရှေ့တွင် သုံးနှုန်းနေသော ခွန် ဆိုသော စကားလုံးကို ကြည့်ခြင်းဖြင့် သက်သေအထောက်အထား ခိုင်လုံကြောင်းကို ပြဆိုနေပါသည်။ ထိုသို့မင်းမျိုးနွယ်ဖြစ်သော ပအိုဝ်းလူမျိုးသည် အမျိုးသားရေးစိတ်ဓါတ် ပြင်းပြနေကြောင်းကို အထင်အရှားသိစေရန် ဤဆောင်းပါးဖြင့် ရေးသားတင်ပြအပ်ပါသည်။ အဘယ်ကြောင့် ဆိုသော် မိမိတို့ပအိုဝ်းအရေးကို ကြိုးပမ်းဆောင်ရွက်ရာတွင် ခွန်ခွိုစိတ်ဓါတ်ကို အခြေခံပြီး လုပ်ကိုင်ဆောင်ရွက် ရခြင်းပင်ဖြစ်သည်။

အမျိုးသားရေးအောင်ပွဲအတွက် အားထုတ်ကြိုးပမ်းဆောင်ရွက်နေသော ပုဂ္ဂိုလ်များအားလုံးသည် တစ်ဦးနှင့်တစ်ဦး စိတ်သဘောထားခြင်းတိုက်ဆိုင်မှုမရှိသောအခါတွင် စိတ်ဆိုးစိတ်ကောက်ခြင်း၊ ခွဲခွာနေထိုင်ခြင်း တစ်ဦးနှင့် တစ်ဦးပစ်ပယ်ခြင်းစသော အမူအကျင့်၊ အမူအရာများ လုပ်ဆောင်၍မရပေ။ အဘယ်ကြောင့်ဆိုသော် မိမိတို့ ခွန်ခွိုအားလုံး လုပ်ဆောင်နေသော အရာအားလုံးသည် အမျိုးသားရေးအောင်ပွဲအတွက် ဦးတည်နေသောကြောင့်ပင်ဖြစ်သည်။

ခွန်ခွို စိတ်ဓါတ် အမျိုးသားရေးစိတ်ဓါတ် ဟူသည်မှာ ဆောင်ရွက်သမျှ လုပ်ငန်းအားလုံးသည် ပုဂ္ဂိုလ်ရေးကိစ္စရပ်များကို နောက်ချန်ဘေးဖယ်ကာ ပထမဦးစွာ မိမိလူမျိုး၏ အရေးအရာဖြစ်သော အမျိုးသားရေး၊ ဘာသာသာသနာအရေး စသည်တို့ကို အရင်းခံပြီး ဦးတည်လုပ်ဆောင်နေကြရခြင်းပင်ဖြစ်သည်။

မင်း ဟူသည် စိတ်ဓါတ်ခိုင်မာသည်သာမက မျိုးချစ်စိတ်ဓါတ်ပြင်းထန်ခြင်း၊ မိမိလူမျိုး၏ စာပေကိုချစ်မြတ်နိုခြင်း၊ မိမိလူမျိုး၏ စကားအပြောအဆို ဝေါဟာရ တည်မြဲခိုင်မာအောင် ထိန်းသိမ်းခြင်း၊ ရိုးရာထုံးစံများ အဓွန့်ရှည်တည်တံ့အောင် ထိန်းသိမ်းခြင်းစသောအရာများကို အသက်ထက်သမျှ ချစ်မြတ်နိုးကြသည်။ ထို့နောက် မိမိမင်းမျိုးမင်းနွယ် ပျောက်ပျက်မည်ကို အလွန်စိုးရိမ်တတ်ကြသည်။ ထိုသို့ မိမိမင်းမျိုးမင်းနွယ်၏ စာပေ၊ ယဉ်ကျေးမှု၊ ၀တ်စားဆင်ယင်မှု၊ ဘာသာ၊ စကား၊ ဓလေ့ထုံးစံစသော အရေးအရာများ မပျောက်ပျက်အောင် အမြဲလိုလိုပင် ဆွေးနွေးတိုင်ပင်နေကြရပါသည်။ ထိုသို့ဆွေးနွေးတိုင်ပင်နေရခြင်းမှာ - မိမိတိုင်းပြည် ဖွံ့ဖြိုးတိုးတက်အောင်၊ တည်မြဲအောင် လုပ်ဆောင်နေရခြင်းဖြစ်သည်။

မင်းမျိုးမင်းနွယ်ဖြစ်သော မိမိတို့ပအိုဝ်းလူမျိုး၏စိတ်ဓါတ်သည်လည်း မိမိလူမျိုး၊ ဘာသာ၊ သာသနာ၊ စာပေ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးစံများ၊ ဂုဏ်အင်လက္ခာဏာများ၊ မိမိကျေးရွာများ၊ မိမိလူမျိုးသမိုင်းများ၊ မိမိလူမျိုး၏ ရိုးရာကို ဂုဏ်ဆောင်သော ရှေးဟောင်းအမွေအနှစ်များစသော မိမိတို့ပအိုဝ်းလူမျိုး၏ ဂုဏ်အင်္ဂါရပ်အားလုံးကို ဖော်ထုတ်ထိန်းသိမ်းနေကြပါသည်။ ထိုသို့ထိန်းသိမ်းမှသာလျှင် မိမိတို့၏ မင်းမျိုးနွယ်နှင့်အညီ ဂုဏ်အင်္ဂါရပ်များသည် လည်း အဓွန့်ရှည်တည်တံ့ခိုင်မာမည်ဖြစ်သည်။

ခွန်ခွို ဖြစ်သော မိမိတို့သည် စာပေကို ချစ်မြတ်နိုး၍ ထိန်းသိမ်းနိုင်စေရန်အတွက် မိမိတစ်ဦးတစ်ယောက် မှစ၍ မိမိ၏စာပေကို ချစ်မြတ်နိုးရုံနှင့် လုံလောက်မှုမရှိပါ။ မိမိလူမျိုး၏ စာပေကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်မှသာ ချစ်မြတ်နိုးရာရောက်မည်ဖြစ်သည်။ ထိုသို့တတ်မြောက်ပြီး မိမိ၏ မွေးဖွားလာသောသားသမီးများမှအစ အသိုင်းအဝိုင်းအားလုံးကိုလည်း မိမိတတ်မြောက်သကဲ့သို့ တတ်မြာက်အောင် သွန်သင်နိုင်မှ တော်ကာကျ ပေလိမ့်မည်။ ထိုသို့မဟုတ်ဘဲ ခွန်ခွိုဟုသာ ခေါ်ဆို၍ မိမိတို့တတ်အပ်သော မိမိစာပေကို လေ့လာသင်ယူမှု မရှိသည့်အပြင် မတတ်မြောက်လျှင် ခွန်ခွိုဟု မခေါ်ဆိုသင့်ပေ။

ခွန်ခွိုသည် မိမိတို့စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ဝတ်စားဆင်ယင်မှုတို့ကို ထိန်းသိမ်းရပါမည်။ ထို့ကြောင့် ခွန်ခွိုကိုတာဝန်ကို  ထမ်းဆောင်သော ခေါင်းဆောင်များသည်  မိမိတို့လူမျိုးအတွက် အဘက်ဘက်မှ ဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရန် လူတကာနှင့် ရင်ဘောင်တန်းနိုင်ရန် နေ့မအားညမနား ကြိုးပမ်းနေကြရခြင်းပင်ဖြစ်ပါသည်။ ထိုသို့ဦးဆောင်လုပ်နေရသော အမျိုးသားအရေးကိစ္စကို စွမ်းစွမ်းတမံ လုပ်ဆောင်နေရုံနှင့် ပြီးပြည့်စုံသည်ဟူ၍ မရှိပေ။ ရှေးလူကြီးသူမများ၏ ဆိုဆုံးမစကားအတိုင်း “ခေါင်းဆောင်ကောင်းမှ နောက်လိုက်ကောင်းမည် “ ဟူသော ဆောင်ပုဒ်အတိုင်း ခေါင်းဆောင်ကောင်းသည် အဘက်ဘက်မှ လိုအပ်သည်ဟု မရှိရလေအောင် ကြိုတင်ပြင်ဆင်ရမည်ဖြစ်သည်။

ထိုသို့မဟုတ်ဘဲ တစ်ချို့သော လူများသည် မိမိသည် ပအိုဝ်းလူမျိုး ခွန်ခွို ဟု ကြွေးကြော်နေသော်လည်း မိမိတတ်အပ်သော ခွန်ခွိုဆိုင်ရာအတတ်ပညာ၊ အသိပညာများ ”ရှေးခေတ်မင်းသားဖြစ်ထိုက်သော လူတစ်ဦးအတွက် မင်းသားတို့တတ်အပ်သော ပညာရပ်၊ အတတ်” ဆိုသလိုပင် တတ်မြောက်မှုမရှိလျှင် အမျိုးသား ရေးကို ဦးဆောင်လုပ်ကိုင်ရာ၌ လူတကာသည် မိမိကို အထင်ကြီးလေးစားမှု ၊ ယုံကြည်မှု ရရှိနိုင်ရန် ခက်ခဲပေလိမ့်မည်။ ဥပမာ- မိမိသည် ပအိုဝ်းလူမျိုး တစ်ယောက်ဖြစ်သည်။ အမျိုးသားရေးကို တတ်နိုင်သည့်ဘက်မှ ၀င်ရောက်တာဝန်ထမ်းဆောင်နေပါသည်။ မိမိလူမျိုးကို ယုံကြည်လက်ခံလာအောင် စည်းရုံးရေးလုပ်ငန်းများလည်း လုပ်ဆောင်ရသည်။ ထိုသို့ လုပ်ဆောင်နေပြီး မိမိသည် ပအိုဝ်းစကားလည်းကောင်းကောင်းမတတ်၊ ပအိုဝ်းစာလည်း မရေးတတ်၊ မိမိရိုးရာဝတ်စုံကိုလည်း ဝတ်ဆင်ထားခြင်းမရှိ ၊ ထိုအပြင် မိမိမွေးဖွားလာသောသားသမီးများကိုလည်း အမျိုးသားဆိုင်ရာ အင်္ဂါလက္ခာဏာ များကိုလည်း သွန်သင်ဆုံးမခြင်းမရှိလျှင် မိမိသည် အမျိုးသားရေးအတွက် စည်းရုံးလှုံ့ဆော်ချိန်တွင် “ အမျိုးသားရေးကို လုပ်ကိုင်ကြပါ၊ အမျိုးကို ချစ်ပါ” စသော စကားများကို သွားရောက်ဟောပြောနေရခြင်းမှာ မိမိကိုယ်ကို လိပ်ပြာမလုံဖြစ်မိပါသည်။ အဘယ်ကြောင့်ဆိုသော် အထက်ပါစကားအတိုင်း ခေါင်းဆောင်ကောင်းမှ နောက်လိုက်ကောင်းမည် ဟူသောစကားအတိုင်းဆိုလျှင် မိမိသည် ခေါင်းဆောင်ကောင်းဟု ကျွန်ုပ် မခံယူသင့်ပေ။ ထိုသို့ဆိုလျှင် မိမိတို့လူမျိုးအနာဂတ်သည် မတွေးဝံ့စရာ ပင်ဖြစ်နေလိမ့်မည်။

ထို့ကြောင့် ယနေ့ အမျိုးသားရေးအောင်ပွဲအတွက် ကြိုးပမ်းအားထုတ်နေကြသော ခွန်ခွို မျိုးချစ် ခေါင်းဆောင်များနှင့် ယနေ့ခေတ်မျိုးချစ် ပအိုဝ်းလူငယ်များလည်း မိမိတို့တတ်အပ်သော အတတ်ပညာများနှင့် မိမိရိုးရာယဉ်ကျေးမှုကို လေ့လာလိုက်စား ချစ်မြတ်နိုးပြီး စံပြ ဖြစ်နေမှသာလျှင် မိမိတို့ပအိုဝ်းအနာဂတ်သည် ပြီးပြည့်စုံသော ပအိုဝ်းဘ၀နှင့် မိမိတို့ရောက်ရှိလိုသော ပန်းတိုင်တို့ကိုလည်း ချောမွေ့စွာဖြင့် လျှောက်လှမ်း နိုင်မည်ဖြစ်သည်။ အရာအားလုံးအတွက် ပြီးပြည့်စုံသော အောင်မြင်မှုပန်းတိုင်ကို (ခွန်ခွိုသဓါတ်) အမျိုးသားရေး စိတ်ဓါတ်ဖြင့် ပအိုဝ်းအနာဂတ်ကို လှပအောင် ဖန်တီးကြပါစို့ဟု ဤဆောင်းပါးဖြင့် တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါသည်။

နန်းဆောင်းလေပြေ (အွံအား)
Powered by Blogger.