Friday, March 3, 2017

ပညာရေး အရင်းခံ တန်းတူအခွင့်အရေးထံ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ မတ်လ (၃) ရက်



ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများသည် ပညာရေးကို အခြေခံပြီး တိုင်းပြည်ကို တည်ဆောက်ကြသည်ဟု ယုံကြည်ပါသည်။ ပညာရေးစနစ် သွားသည့်လမ်းကြောင်းမှားသည်နှင့်အမျှ တိုင်းပြည်ကို တည်ဆောက်ရာတွင်လည်း အမှားအယွင်းရှိနိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် စာသင်ကျောင်းတိုင်းတွင် “ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့” ဟူသည့် ဆောင်ပုဒ်ကို တွေ့မြင်ကြရမည် ဖြစ်ပါသည်။ အခြေခံပညာရေး ကောင်းမွန်မှသာလျှင် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးကို တည်ဆောက်နိုင်မည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ပညာရေးစနစ်ကောင်းမွန်ရုံသာမက ဆရာ/ဆရာမ၏ သင်ကြားမှုပုံစံ နည်းစနစ်ကျနမှုရှိရန်နှင့်  မိဘများလည်း သားသမီးများအပေါ် ပညာကို ဆုံးခန်းတိုင် သင်ယူမှုကို ထောက်ပံ့ပေးရန်အထူးလိုအပ်ပါသည်။ မိဘများသည် မိမိ၏ကလေးငယ်များကို မွေးဖွားပြီး  ရက်ပေါင်း(၁၀၀၀)အတွင်း ကောင်းကောင်းပြုစုစောင့်ရှောက် ပျိုးထောင်ပေးရန် အလွန်ပင်လိုအပ်ပါသည်။ အခြေခံအားဖြင့် ဤသို့ ပြုစုပျိုးထောင်ပေးမှသာလျှင် မိမိ၏ ကလေးငယ်များသည် ကျန်းမာပြီး သန်မာထွားကြိုင်းသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ရသလို အနာဂတ်အတွက်လည်း ကျန်းမာပြီး သန်စွမ်းသည့်ဘ၀ကို ပိုင်ဆိုင်ရမည် ဖြစ်ပါသည်။ ထိုနည်းတူ ပညာရေးအပိုင်းတွင်လည်း အခြေခံ အားကောင်းမှသာလျှင် အနာဂတ်အတွက် ရလဒ်ကောင်းများ ပေါ်ထွက်လာနိုင်မည် ဖြစ်ပါသည်။ မိမိတို့၏ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေလိုလျှင် ကျောင်းစာပညာရေးအားကောင်းရုံသာမက ပြင်ပစာပေ၊ ဗဟုသုတများနှင့် တိုင်းရင်းသားလူမျိုးများ၏ စာပေသမိုင်းများကိုလည်း သင်ကြားပို့ချပေးရန် အထူးပင် လိုအပ်ပါသည်။

ထို့ကြောင့် မိမိတို့ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်လောကတွင် တွေ့မြင်ကြားသိရသည့် လူတို့၏ သဘာဝစရိုက်သဏ္ဍန် အကောင်းအဆိုးများ၊ လောက၏ သဘာဝအနိမ့်အမြင့်၊ အတက်အကျများ စသည်တို့ကို ရင်ဆိုင်ဖြေရှင်းနိုင်ရန်နှင့် မျှဝေခံစားနိုင်ရန် ပညာရေးသာမက စာပေနှင့်သမိုင်းများကို လေ့လာလိုက်စားရန် အလွန်ပင်လိုအပ်ပါသည်။ စာပေတွင် အမျိုးမျိုးရှိသည်။ စာပေသည် လူတို့၏စာနာသနားဖွယ်၊ ဆင်ခြင်သတိပြုဖွယ်၊ တရားသံဝေဂယူဖွယ်နှင့် နှစ်သက်သဘောကျဖွယ် စသည့်ခံစားမှု အဖြာဖြာတို့ကို စာပေက ဖန်းတီးပေးနိုင်သည်။ အဓိကအားဖြင့် စာရေးသူပေါ်မှာမူတည်သည်။ စာရေးသူသည် စိတ်ကောင်း စေတနာကောင်း ရှိလျှင် စာကောင်းပေကောင်းများ ရေးဖွဲ့နိုင်သလို စာရေးသူသည် သူတစ်ပါးအပေါ် ရန်လိုမှု ဖျက်ဆီးစေလိုမှုရှိလျှင် ကုန်းတိုက်သည့် စကားလုံးများ၊ စည်းလုံးညီညွတ်မှု ပျက်ပြားလိုသည့်စကားလုံးများကို ရေးသားသုံးနှုန်းမည်ဖြစ်ပါသည်။ ထို့ကြောင့် မိမိဖတ်လိုက်သည့် စာပေများကို အကောင်းအဆိုးများ ဝေဖန်၍ ကောင်းသည့်စာများကို အတုယူကာ မကောင်းသည့်အရေးအသားများကို သင်ခန်းစာယူပြီး လိုက်နာကျင့်သုံးမှုမပြုရန် ဆင်ခြင်သုံးသပ်နိုင်ရန် အလွန်ပင်လိုအပ်ပါသည်။ ကမ္ဘာပေါ်တွင် စာဖတ်သည့် လူမျိုးများသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ကြသည်။ သို့ဖြစ်၍ မိမိတို့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်စေလိုလျှင် စာပေကောင်းများကို မဖြစ်မနေ ဖတ်ရှု့ကြရန် လိုအပ်သည်။

စာကောင်းပေကောင်းများကို ဖတ်ရှု့ရခြင်းအားဖြင့် စိတ်ကောင်းစေတနာကောင်းများ ပေါ်ထွက်လာခြင်း၊ အကောင်းအဆိုးများကို ဝေဖန်ပိုင်းခြားတတ်လာခြင်း၊ မျိုးချစ်စိတ်ဓါတ်များ ရှင်သန်ထက်မြတ်လာခြင်းတို့ကြောင်း နိုင်ငံသားကောင်းများ ပေါ်ထွက်လာစေပါသည်။ စာပေတွင် သုတ၊ ရသတို့ပါဝင် သောကြောင့် ဦးနှောက်ကိုဖွံ့ဖြိုးစေခြင်း၊ နှလုံးသားအာဟာရကို ဖြည့်ဆည်းပေးခြင်းနှင့် ကိုယ်ကျင့်တရားကောင်းများ ပေါ်ထွက်ခြင်းကို များစွာအထောက်အကူ ဖြစ်စေပါသည်။ ထို့ကြောင့် “စာပေမြှင့်မှ လူမျိုးတင့်မည်” ဆိုသည့်ဆောင်ပုဒ်အတိုင်း မိမိလူမျိုးတိုးတက်မြှင့်မားလိုလျှင် စာကောင်းပေကောင်းများကို မဖြစ်မနေ လေ့လာဖတ်ရှု့ရန် တိုက်တွန်းလိုပါသည်။

ထို့အတူ“သမိုင်းမရှိသော လူမျိုးများသည် ရေရှည်တည်တံ့နိုင်မည်မဟုတ်”ဆိုသလို မိမိတို့လူမျိုး သမိုင်းသည်လည်း မဖြစ်မနေလေ့လာထားရန် အလွန်ပင်အရေးကြီးလှပါသည်။ သိရှိထားပြီးသော မိမိတို့၏ သမိုင်းကြောင်းများကိုလည်း အခြားသောလူမျိုးများနှင့် အချင်းချင်း ဖလှယ်ပေးနိုင်ရန်၊ မျိုးဆက်သစ်လူငယ်များထံ လက်ဆင့်ကမ်းမျှဝေနိုင်ရန်နှင့် သမိုင်းများ ပျောက်ကွယ်မသွားစေရန် ဆက်လက်ထိန်းသိမ်းသွားရန် လူမျိုးတိုင်းတွင် တာဝန်ရှိပါသည်။

စာပေ၊ ဗဟုသုတများကို လေ့လာလိုက်စားခြင်းအားဖြင့် စာနာမှုတရား၊ ဂရုဏာတရားများ တိုးပွား စေသောကြောင့် စိတ်နှလုံးအေးချမ်းပြီး ပျော်ရွှင်စရာကောင်းသော မိမိတို့တိုင်းပြည်၊ မိမိတို့နိုင်ငံ၊ မိမိတို့ လူ့အဖွဲ့အစည်းကြီးကို ပိုင်ဆိုင်ရမည်ဖြစ်ပါသည်။ ထိုထက်မက မိမိလူမျိုးသမိုင်းကြောင်းများကို လေ့လာခြင်းအားဖြင့်လည်း မျိုးချစ်စိတ်ဓါတ်ကို ရှင်သန်ထက်မြတ်စေပါသည်။ လေ့လာသိရှိထားပြီးသော သမိုင်းကြောင်းများကိုလည်း အခြားသောတိုင်းရင်းသားများနှင့် မျှဝေပေးနိုင်လျှင် အချင်းချင်းစည်းလုံးညီညွတ်မှု များကိုလည်း ပိုမိုတည်ဆောက်နိုင်မည်ဖြစ်ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း များစွာအထောက်အကူ ပြုပေးနိုင်မည် ဖြစ်ပါသည်။

တိုင်းရင်းသားအားလုံး အချင်းချင်းစည်းလုံးညီညွတ်မှသာ မိမိတို့သွားလိုသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ရောက်ရှိနိုင်မည်ဖြစ်သည်။ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုစနစ်ကို တည်ဆောက်မည်ဆိုလျှင် “ပြည်ထောင်စုစိတ်ဓါတ်ကို အခြေခံရမည်” ဖြစ်သည်။ ပြည်ထောင်စုစိတ်ဓာတ် ခိုင်မာမှု မရှိဘဲ၊ ပြည်ထောင်စုစိတ်ဓာတ်နိုးကြားရှင်သန်မှုမရှိဘဲ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုစနစ်ကို တည်ဆောက်နိုင်မည်မဟုတ်ဟု နိုင်ငံတော်သမ္မတမှ ပြည်ထောင်စုနေ့အခမ်းအနားသို့ ပေးပို့သည့်သ၀ဏ်လွှာတွင် ပါရှိပါသည်။ ပြည်ထောင်စုစိတ်ဓာတ်များ နိုးကြားရှင်သန်ရန် စာပေကိုလေ့လာခြင်းအားဖြင့် တိုင်းရင်းသားလူမျိုးများ၏ သမိုင်းကြောင်းကို အချင်းချင်းဖလှယ်ပေးခြင်းအားဖြင့် မျိုးချစ်စိတ်ဓါတ်များရှင်သန်ထက်မြတ်ပြီး ပြည်ထောင်စုစိတ်ဓါတ်များ ပေါ်ထွန်းနိုင်မည်ဖြစ်သည်ဟု ယုံကြည်ပါသည်။

ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို တည်ထောင်ခြင်းဖြင့် တိုင်းရင်းသားလူမျိုးစုများ၏ အခွင့်အရေး များကို တန်းတူဖန်းတီးပေးရမည်ဖြစ်ပါသည်။ ဤသို့ တန်းတူဖန်တီးပေးမှသာလျှင် တိုင်းရင်းသားများ အချင်းချင်း သွေးစည်းညီညွတ်ရေးကို ရရှိနိုင်မည်ဖြစ်သည်။ သွေးစည်းညီညွတ်မှ ငြိမ်းချမ်းမည်။ ငြိမ်းချမ်းမှ တည်ငြိမ်မည်။ တည်ငြိမ်မှ အရာအားလုံးအပေါ် စိတ်အေးချမ်းသာစွာဖြင့် စီမံဆောင်ရွက်နိုင်မည်ဖြစ်သည်။ ဤသို့ဆောင်ရွက်နိုင်မှသာလျှင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် အထောက်အကူပြုမည် ဖြစ်ပါသည်။

ထို့ကြောင့် နိုင်ငံတော်မှ တန်းတူအခွင့်ရေးများပေးလာလျှင် မိမိတို့ပအိုဝ်းတိုင်းရင်းသားတို့သည် လက်မနှေးဘဲ အခြားတိုင်းရင်းသားများနှင့်အတူ တန်းတူအခွင့်အရေးရယူနိုင်ရန် ကြိုးစားရမည်ဖြစ်ပါသည်။ တန်းတူအခွင့်အရေးရရန် အခြေခံဖြစ်သော ပညာရေးစနစ်အားကောင်းမှုကို ဖန်တီးရန်၊ သားသမီးများ၏ ပညာရေးကို ဆုံးခန်းတိုင် အားပေးအားမြှောက်ပြုရန်၊ တတ်သိပြီးသောပညာများကို သူတပါးအား မျှဝေရန်၊ ဘက်ပေါင်းစုံရှိ အစိုးရဌာနလုပ်ငန်းများကို ၀င်ရောက်လုပ်ကိုင်ရန်နှင့် မိမိတို့၏သမိုင်းကြောင်းကို အခြေခံပြီး အမျိုးသားရေးလုပ်ငန်းများကို ၀င်ရောက်လုပ်ကိုင်ရန် အလွန်အရေးကြီးပါသည်။ လူကြီး၊ လူငယ်နှင့် လူရွယ် မရွေး ကျောင်းစာသာမက ပြင်ပစာပေ၊ ဗဟုသုတများ၊ သမိုင်းကြောင်းများ လေ့လာလိုက်စားရန် အထူးပင် လိုအပ်သည်။ ထို့သို့လေ့လာမှသာလျှင် မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်ကာ ထူးချွန်ထက်မြတ်သော ပညာတတ်များ အများအပြားပေါ်ထွန်းလာမည်ဖြစ်ပြီး အခြားသောတိုင်းရင်းသားများနှင့်အတူ တန်းတူအခွင့်အရေးကို လျှင်မြန်စွာ ပိုင်ဆိုင်နိုင်မည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ယနေ့အချိန်တွင်  ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုစနစ်ကို တည်ဆောက်ရန်အတွက် တိုင်းရင်းသားများအားလုံး မိမိ၏ အခွင့်အရေးများ မဆုံးရှုံးရလေအောင်  အပြိုင်အဆိုင် မိမိတို့ ပြည်သူလူထု၏ဆန္ဒ သဘောထားများရယူကြပြီး နိုင်ငံရေးဆွေးနွေးပွဲများကို မြန်မာနိုင်ငံရှိ တိုင်းရင်းသားများ နေထိုင်ရာနယ်ပယ်အသီးသီးတွင် ကျင်းပပြုလုပ်ကြသည်ကို တွေ့မြင်ရပါသည်။ ထို့အတူ ပအိုဝ်းတိုင်းရင်းသားတို့သည်လည်း ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ(အကြို)ကို ပအိုဝ်းလူမျိုး အများဆုံးနေထိုင်ရာ ဒေသတွင် ကျင်းပပြီးဖြစ်ပါသည်။ ယခုအကြိမ်တွင် ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲကို (၁၆ - ၂ - ၁၇မှ ၂၀ - ၂ - ၁၇) ထိ (၅)ရက်တိုင်တိုင်  ဟိုပုံးမြို့၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသခန်းမတွင် ပအိုဝ်းနိုင်ငံရေးပါတီ၊ ပအိုဝ်းလက်နက်ကိုင်အဖွဲ့အစည်းနှင့် ပအိုဝ်းအရပ်ဖက် လူမှုအဖွဲ့အစည်းအသီးသီးတို့မှ ပြည်သူလူထု၏ ဆန္ဒသဘောထားများကိုရယူပြီး ဆွေးနွေးမှုမှရရှိလာသည့် ရလဒ်များကို လာမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် တင်သွင်းဆွေးနွေးသွားမည် ဖြစ်ပါသည်။

အဆိုပါ ညီလာခံတွင် ပအိုဝ်းတိုင်းရင်းသားတို့သည်လည်း အခြားသော တိုင်းရင်းသားများကဲ့သို့ ရသင့်ရထိုက်သည့် အခွင့်အရေးများကို တန်းတူရရှိရန် ပြည်သူလူထု သဘောထားများ ဆန္ဒများနှင့်အညီ ကြိုးစားလုပ်ဆောင်သွားမည် ဖြစ်ပါသည်။ ပြည်သူလူထုအပါအ၀င် တာဝန်ရှိပုဂ္ဂိုလ်များ၏ မျိုးချစ်စိတ်များကို အရင်းခံပြီး ကြိုးစားလုပ်ဆောင်ခြင်းသည် တန်းတူအခွင့်များကို ဆွတ်ခူးနိုင်မည်ဖြစ်သည်ဟု စာရေးသူအနေဖြင့် ယုံကြည်ရင်း ဤဆောင်းပါးကို ရေးသားတင်ပြလိုက်ရပါသည်။

နန်းအွဉ်ရက်ခွို,
(ခမ်းစန္တာ;) 
Powered by Blogger.