Sunday, March 5, 2017

ကိုယ့်လူမျိုးကို ကျေးဇူးပြန်ဆပ်ပါ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ မတ်လ (၆) ရက်


ကျွန်ုပ်တို့သည် လူသားဖြစ်တည်လာသည့် ဘ၀မှ မိမိတို့ကို ကိုယ်စားပြုသော လူမျိုးရှိနှင့်နေပြီဖြစ်သည်။ မိမိသည် ပအိုဝ်းလူမျိုးဖြစ်လင့်ကစား ပအိုဝ်းသွေးသားနှင့် လူဖြစ်လာရခြင်းဖြစ်သည်။ ပအိုဝ်းကျေးရွာ ပအိုဝ်းဒေသတွင်နေထိုင်ကြီးပြင်းလာရခြင်း၊ ပအိုဝ်းထမင်းကို စားသုံး၍ ကြီးပြင်းလာသည်ဖြစ်သောကြောင့် ပအိုဝ်းလူမျိုးတို့၏ စိတ်ထားအရင်းခံ သမိုင်းအစဉ်ဆက်အရ ရိုးသားဖြူစင်ခြင်း၊ မြင့်မြတ်ခြင်းစသော စရိုက်လက္ခာဏာနှင့် ပြီးပြည့်စုံသော လူမျိုးဖြစ်တည်လာရခြင်းဖြစ်သည်။ မိမိတို့သည် ပအိုဝ်းလူမျိုးဖြစ်တည်လာနိုင်ခြင်းသည်လည်း မြင့်မြတ်သောဘုန်းကံတစ်ခုဖြစ်သည်ဟု မှတ်ယူနိုင်ပါသည်။

အဘယ်ကြောင့်ဆိုသော် ပအိုဝ်းလူမျိုးသည် အခြေခိုင်ခံ့သောလူမျိုးဖြစ်ပြီး သိက္ခာအိနြေ္ဒကြီးသော လူမျိုးဖြစ်သည်။ ဘာသာရေးတွင်လည်း ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်သောလူမျိုးဖြစ်သည်။ မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်အခါကပင် မြတ်စွာဘုရားကိုတွေ့ကြုံဖူးမျော်ရ၍့ မြတ်စွာဘုရား ဟောကြားတော်မူသော တရားတော်ကို လေးစားလိုက်နာပြီး ကျင့်ကြံနေထိုင်သောကြောင့် ယဉ်ကျေးသိမ်မွေ့ ကြပါသည်။

ထို့ကြောင့် မိမိအပေါ်ကျေးဇူးရှိဖူးသူကို နည်းသည်များသည် မဆိုဘဲပြန်ဆပ်ရမည်ဟု ရှေးလူကြီးများ၏ ပြောစကားအတိုင်း မိမိတို့ပအိုဝ်းလူမျိုးအပေါ် ကျေးဇူးတင်ရမည့်အရာများကို ကျေးဇူး ပြန်ဆပ်ရမည်ဖြစ်သည်။ ပအိုဝ်းကျေးဇူးပြန်လည်ပေးဆပ်မည်ဆိုသည်ကို မိမိပအိုဝ်းလူမျိုးကို ချစ်မြတ်နိုးခြင်း၊ တိုးတက်ဖွံ့ဖြိုးအောင် စွမ်းဆောင်ခြင်း၊ မိမိလူမျိုးရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းခြင်း စသော အရာများအားလုံးကို ထိန်းသိမ်းခြင်းဖြင့် မိမိလူမျိုးကို ကျေးဇူးဆပ်ရာရောက်ပါပေလိမ့်မည်။

ထိုသို့မဟုတ်ဘဲ မိမိရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းခြင်းမရှိ၊ တိုးတက်အောင် ပြုလုပ်ခြင်းများ လည်းဆောင်ရွက်မှုမရှိ၊ အမွေကောင်းများကို ဆုတ်ယုတ်အောင်၊ ပျောက်ပျက်အောင် လုပ်ဆောင်နေလျှင် ကျေးဇူးတရားသိတတ်မှုမရှိသည့်အပြင် ကျေးဇူးကန်းရာရောက်ပေလိမ့်မည်။ ထိုလူမျိုးသည် အမျိုးပျက် အောင်လုပ်ဆောင်နေသကဲ့သို့ပင်ဖြစ်သည်။ ထိုသို့မပြုလုပ်ဘဲ အမျိုးဘာသာသာသနာကို တိုးတက်ဖွံ့ဖြိုးအောင် ထိန်းသိမ်းခြင်း၊ လုပ်ဆောင်ခြင်း၊ မိမိလူမျိုး၏ ချစ်စရာဓလေ့ထုံးစံကောင်းများ၊ အမွေကောင်းများကို ထိန်းသိမ်းခြင်းဖြင့် ကျေးဇူးဆပ်ရာရောက်ပေလိမ့်မည်။ ထိုလူမျိုးသည် မိမိလူမျိုးဂုဏ်ကို ထိန်းသိမ်းခြင်း ဖြစ်ပြီး ကျေးဇူးသိတတ်သော၊ မြင့်မြတ်သောလူမျိုးဖြစ်သည်။

ထိုသို့ကျေးဇူးသိတတ်သောလူမျိုး၊ အမျိုးဂုဏ်ကိုဖော်ထုတ်သောလူမျိုးသည် လူချစ်လူခင် ပေါများခြင်းဖြစ်ပြီး ကာယကံရှင်သည်လည်း မိမိလူမျိုးတိုးတက်မြှင့်မားအောင် အမြဲတစေတွေးတော ကြံဆခြင်း၊ ငွေအင်အားတတ်နိုင်သောလူမျိုးဖြစ်လျှင် ငွေအင်းအားဖြင့် မိမိလူမျိုးတိုးတက်အောင် ကူညီဆောင်ရွက်ခြင်း၊ လူအင်အားသာတတ်နိုင်သောလူဖြစ်နေလျှင် တတ်နိုင်သောဘက်မှ အမျိုးသားရေးအကျိုးကို လုပ်ဆောင်ခြင်း၊ နည်းပညာဘက်မှလည်း အမျိုးသားတိုးတက်ရေးအတွက် တတ်နိုင်သည့် ဘက်မှ နည်းပညာအလုံးစုံကို ဖော်ထုတ်အသုံးပြု လုပ်ဆောင်စေပါသည်။ အမျိုးသားတိုးတက်ရေးအတွက် အသက်ပါစွန့်ရဲသော စေတနာပါပါ၊ စိတ်အားတတ်ကြွစွာဖြင့် လုပ်ဆောင်နေသောလူမျိုးသည် မိမိလူမျိုးကို အမှန်တကယ်ချစ်မြတ်နိုးသော လူမျိုးဟု သတ်မှတ်နိုင်ပေသည်။

ငွေရှိမှ၊ ပညာရှိမှ၊ အားအင်တောင့်တင်းမှ ဟူသောအခန်းကဏ္ဍခွဲခြားမှုရှိနေလျှင် ကူညီဆောင်ရွက်ရာမရောက်ဘဲ ထိုသို့မဖြစ်ရလေအောင် ပအိုဝ်းဆိုရိုးစကားအရ “ အားပေးသားယို ထမ်းအနာ အားတလာသားယို ထမ်းဖေးအထျ” ဟူသောစကားအတိုင်း အားငယ်သူက အဖျားပိုင်းတွင် ထမ်းဆောင်စေပြီး အားများသူကို အရင်းဘက်တွင် ထမ်းဆောင်စေပါက အားငယ်သူကို အားပေးရာရောက်ပြီး အားများသူကိုလည်း ဖြည့်ဆည်းပေးရာ ရောက်ပေလိမ့်မည်။ တစ်ဦးနှင့်တစ်ဦးအပေါ်တွင်လည်း အချင်းချင်း ကူညီရိုင်းပင်းခြင်းမှ အမျိုးသားရေးအတွက် ဆောင်ရွက်ရာရောက်ပြီး မိမိလူမျိုးကို ကျေးဇူးဆပ်ရာ ရောက်ပါပေမည်။

စည်းစည်းလုံးလုံးဖြင့် အမျိုးသားရေးကိုအရင်းခံပြီး ဆောင်ရွက်ရင်း တစ်ဦးနှင့်တစ်ဦး အရေးကိုလည်း ကူညီရိုင်းပင်းလျှင်အောင်မြင်မှုပန်းတိုင်ကို တက်ညီလက်ညီဖြင့် ဆွတ်ခူးနိုင်ပေမည်။ အမျိုးသားရေးတွင်လည်း တိုးတက်ဖွံ့ဖြိုးကာ ခေတ်မီသော လူမျိုးဖြစ်လာမည်ဖြစ်သည်။ ထိုသို့ လုပ်ဆောင်နိုင်လျှင် ကျေးဇူးသိတတ်သောလူမျိုးပင်ဖြစ်သည်။ မိမိတို့လူမျိုး၏ အန္တရာယ်သည်လည်း ရှိနေလိမ့်မည်ကို လူမျိုးကိုချစ်မြတ်နိုးသောလူတိုင်းနားလည်နေမည်ဖြစ်သည်။ ထိုသို့ရှိနေခြင်းသည်လည်း ဓမ္မတာပင်ဖြစ်သည်ကိုလည်း လူတိုင်းသိနေပါသည်။

မျိုးချစ်ပအိုဝ်းအားလုံးလည်း မိမိဘဝ ဝမ်းတစ်ထွာအတွက် လှုပ်ရှားရုန်းကန်နေရသည်နှင့်အမျှ အသက်ရှင်သန်နေနိုင်အောင် အစာအဟာရဖြည့်ပေးရပါသည်။ မိမိနေထိုင်ရာနေအိမ်တွင် သန့်ရှင်း သပ်ရပ်အောင်လုပ်ဆောင်နေရခြင်းနှင့်အတူ မိမိတို့နေထိုင်ရာ ရပ်ရွာတွင်လည်း ရပ်ရေးရွာရေး ဆောင်ရွက်ရန် ဆွေးနွေးတိုင်ပင်မှု လုပ်ဆောင်နေရခြင်းဖြစ်ပြီး တစ်မျိုးသားလုံးကိစ္စတွင်လည်း မျိုးချစ်ပအိုဝ်းအားလုံး ခေါင်းချင်းဆိုင်ပြီး ဆွေးနွေးတိုင်ပင်ရပါမည်။

မည်သို့ပင်ရှိနေစေကာမူ မျိုးချစ်စိတ်ဓါတ်အရင်းခံကာ မိမိဘာသာ၊ စာပေ၊ စကားရိုးရာ ဓလေ့ထုံးစံများကို ထိန်းသိမ်းပြီး အချင်းချင်းစည်းလုံးညီညွတ်ကာ မိမိတစ်ဦးတစ်ယောက်မှစ၍ တစ်မျိုးသားလုံး သတိဝိရိယဖြင့် သွားလာနေထိုင်စားသောက်ကြပါရန်နှင့် မိမိတို့ရရှိထားသော ပိုင်ဆိုင်မှုကိုလည်း တည်မြဲအောင် ထိန်းသိမ်းပြီး ထပ်မံရရှိအောင်လည်း တတ်အားသောဘက်မှဝိုင်းဝန်းလုပ်ဆောင်ခြင်းဖြင့် မိမိလူမျိုးကိုကျေးဇူးဆပ်နိုင်ကြပါရန် ဤဆောင်းပါးဖြင့် တိုက်တွန်းနိုးဆော်အပ်ပါသည်။

နန်းဆောင်းလေပြေ (အွံအား)
Powered by Blogger.