စိုက်ပျိုးရေးများကို အခြေခံပြီး မိသားစုဘ၀ရပ်တည်မှုနှင့် ပအိုဝ်းလူမျိုးတို့၏ လူမှုရေး၊ နိုင်ငံရေး၊ ဘာသာရေး၊ ပညာရေးစသော ပအိုဝ်းလူမျိုးတို့၏ အမျိုးသားရေးတာဝန်ကို ကျရာအခန်းကဏ္ဍတွင် ထမ်းဆောင်နေသော ကျေးလက်တောရွာနေ ပအိုဝ်းလူမျိုးတို့သည် ၎င်းတို့၏စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သော အရင်းအနှီးများနှင့် ထွက်ရှိလာသောစိုက်ပျိုးရေးသီးနှံများရောင်းချနိုင်ရန်အတွက် မြို့ပြများတွင်နေထိုင်ကြသော ပအိုဝ်းကုန်သည်ကြီးတို့ကို အားကိုးအားထားရပါသည်။
မြို့ပြများတွင်နေထိုင်ကာ စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နေသော ပအိုဝ်းစီးပွားရေး လုပ်ငန်းရှင်များသည်လည်း ၎င်းတို့စီးပွားရေးလုပ်ငန်းတွက် ၀ယ်လိုအားများနှင့် အရင်းအမြစ်များသည် ကျေးလက်တောရွာများတွင် နေထိုင်သောပအိုဝ်းလူမျိုးများအပေါ်မူတည်နေပါသည်။ ထိုသို့ မြို့ပေါ်မှပအိုဝ်းစီးပွားရေးလုပ်ငန်းရှင်များသည် စီးပွားရေးလုပ်ငန်းများ အောင်မြင်လာကြသောအခါ ၎င်းတို့၏သားသမီးများကို ပညာရေး၊ စီးပွားရေး၊ လူမှုရေး စသည့်ကဏ္ဍများတွင် အများအပြားထောက်ပံ့နိုင်ကြပြီး မြို့ပေါ်မှပအိုဝ်းလူငယ်များတို့သည် ခေတ်ပညာတတ်လူငယ်များဖြစ်ကြပြီး အခြားသောလူမျိုးများနှင့် ရင်ဘောင်တန်းလာနိုင်သည်ကို တွေ့ရှိရသည့်အတွက် စာရေးသူအနေဖြင့်ဂုဏ်ယူဝမ်းမြောက်မိပါသည်။ ၎င်းတို့တတ်ထားသောပညာများဖြင့် ၎င်းတို့မိသားစုများဘ၀တိုးရေးလည်း လုပ်ဆောင်နိုင်ကြပါသည်။
သို့သော်လည်း မြို့ပေါ်တွင်နေထိုင်သောခေတ်ပညာတတ်ပအိုဝ်းလူငယ်များအချို့သည် မိမိသည် ပအိုဝ်းလူမျိုးဖြစ်သည်ကိုမေ့နေခြင်း၊ မိမိတို့ပညာတတ်မြောက်ခြင်းများသည် ကျေးလက်တောရွာနေ ပအိုဝ်းစိုက်ပျိုးရေးသမားများ၏ အကူအညီများတိုက်ရိုက်မဟုတ်သော်လည်း တစ်ဆင့်ခံဖြင့်ပါဝင်သည်ကို မေ့နေခြင်း၊ မိမိတတ်မြောက်ထားသောပညာများဖြင့် အဖက်ဖက်တို့တွင်နောက်ကျနေသေးသော ကျေးလက်တောရွာ ပအိုဝ်းဒေသများတိုးတက်လာရေးတွက် လုပ်ဆောင်ပေးရမည်ကိုမေ့နေခြင်းတို့အပြင် မိမိတို့ကိုယ်တိုင်လည်း ပအိုဝ်းစာပေ၊ စကား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများကိုလည်း တန်းဖိုးထားမှုများနည်းလာခြင်း စသည်တို့ကို ၀မ်းနည်းဖွယ်တွေ့ရှိနေရပါသည်။
အချို့သော မြို့ပြနေပအိုဝ်းလူငယ်များတို့သည် ပအိုဝ်းစကားများကိုပင် ပြောဆိုနိုင်မှုများမရှိသည်ကို တွေ့ရှိနေရပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ မိမိမိသာစုများနှင့် ပအိုဝ်းလူမျိုးအချင်းချင်းတွေ့ဆုံကြသောအခါတွင် ပအိုဝ်းစကားများကိုမပြောဆိုခြင်းဖြစ်သည်။ အချုပ်ပြောရမည်ဆိုပါက မိမိတို့ပအိုဝ်းလူမျိုးဖြစ်သည်ကို မေ့နေကြခြင်း ပရဟိတလုပ်ငန်းများလုပ်ဆောင်မှုများနည်းပါးလာခြင်းကြောင့် အမျိုးသားရေးစိတ် အခြေခံနည်းပါးလာခြင်း များဖြစ်ပါသည်။
မိမိတို့သည် ပအိုဝ်းလူမျိုးများဖြစ်ကြသည့်အတွက် တတ်မြောက်ထားသောပညာဖြင့် ပအိုဝ်းလူမျိုးအရေးကို လုပ်ဆောင်ရန်တာဝန်ရှိသည်ကို သတိမူစေလိုပါသည်။ ဥပမာ- စီးပွားရေးသဘောတရားများကို ကောင်းကောင်းနားလည်သော မြို့ပေါ်ပအိုဝ်းလူငယ်များတို့သည် ပအိုဝ်းဒေသတွင်ထွက်ရှိသော သီးနှံများကို တန်းဖိုးမြင့်ထုတ်ကုတ်များအဖြစ် ကြိုးစားလာခြင်း၊ ပအိုဝ်းဒေသထွက်သီးနှံများကို မြန်မာနိုင်ငံသာမက နိုင်ငံတကာသို့တန်ပို့နိုင်အောင်ကြိုးစားခြင်း၊ ပအိုဝ်းဒေသထွက်သီးနှံများကို ဈေးနှုန်းပိုမိုရရှိအောင်ကြိုးစားခြင်း စသည်တို့ကို ဆောင်ရွယ်ပေးစေလိုပါသည်။
အမျိုးသားရေးလုပ်ငန်းများကို မိမိတိုတတ်မြောက်ထားသောပညာများဖြင့် တစ်ဦးခြင်းသော်လည်းကောင်း၊ အချင်းချင်းပူးပေါင်း၍သော်လည်းကောင်း ရောက်ရှိသည့်နေရာများနှင့် တတ်နိုင်သည့်အခန်းကဏ္ဍများတွင ထမ်းဆောင်ရန်လိုအပ်ပါသည်။ မြန်မာနိုင်ငံအတွင်းသာမက ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် ရောက်ရှိနေထိုင်သော ခေတ်ပညာတတ်ပအိုဝ်းလူငယ်များတို့အနေဖြင့် မိမိတို့သည် ပအိုဝ်းလူမျိုးများဖြစ်ကြောင်း၊ ပအိုဝ်းစာပေ၊ စကား၊ ရိုးရာ၊ ဓလေ့၊ ထုံးတမ်းများကို တန်ဖိုးထားရမည်ဖြစ်ကြောင်း၊ တတ်မြောက်ထားသောပညာများဖြင့် ပအိုဝ်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုရန် လိုအပ်ကြောင်း စသည်ဖြင့် အမျိုးသားရေးလုပ်ငန်းများကို တတ်နိုင်သည့် အခန်းကဏ္ဍတွင် စည်းလုံးညီညွှတ်စွာနှင့် အားကြိုးမာန်တက်စွာဆောင်ရွက်ရပါမည်။
ထို့ကြောင်း မြို့ပြများတွင်နေထိုင်သော ခေတ်ပညာတတ်ပအိုဝ်းလူငယ်အပေါင်းတို့သည် မိမိတို့တတ်မြောက်ထားသော ပညာများဖြင့် မိမိအကျိုး၊ မိသားစုအကျိုးသာမက ကျေးလက်တောရွာတွင်နေထိုင်သော ပအိုဝ်းအမျိုးသားများအကျိုး၊ ပအိုဝ်းတစ်မျိုးသားလုံးအကျိုးကိုလည်း ကြိုးစားလုပ်ဆောင်ရန်လိုအပ်ကြောင်း မေတ္တာစေတနာအပြည့်ဖြင့်တိုက်တွန်းနိုဆော်အပ်ပါကြောင်း……………
လုပ်ဆောင်နိုင်သည်ကိုလည်း အပြည့်အ၀ယုံကြည်ပါကြောင်း………
ခွန်လာထို(ကောင်ရွဉ်)
Like On Facebook
Follow On Twitter
Subscribe On RSS