Monday, March 13, 2017

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် (၆၈)ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနား စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ မတ်လ (၁၃) ရက်













ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ကန်သာရပ်ကွက်၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုး တိုးတက်ရေး(ဒဲဉ်သီးဗွေ)ကွင်း၌ ၂၀၁၇ခုနှစ်၊ မတ်လ(၁၂)ရက်၊ တနင်္ဂနွေနေ့တွင် (၆၈)ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပခဲ့ပါသည်။
ရှေးဦးစွာ အခမ်းအနားသို့ ကြွရောက်လာကြသော ဂုဏ်သရေရှိလူကြီးမင်းများနှင့် ဧည့်ပရိသတ်များက အသီးသီးနေရာယူကြပြီး (အ.ထ.က)ပန်တခွါမှ ဘင်ခရာအဖွဲ့နှင့် ပအိုဝ်းအမျိုးသားအလံတော်ကို ကိုင်ဆောင်သောအဖွဲ့က ကွင်းထဲသို့ ချီတက်ကြကာ ပအိုဝ်းအမျိုးသားအလံတော်ကို လွင့်တင်ခဲ့ကြပါသည်။ ထို့နောက်  ဖြားခွန်သိန်းဖေ၊ ဖြားခွန်တင်မောင်၊ ဖြားခွန်ကြည်ဟန်၊ ဖြားခွန်ဟန်စိန်နှင့် ဖြားခွန်ဆွင်တို့အား သဘာပတိအဖြင့်  ရွေးချယ်တင်မြောက်ပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံ၊ ပအိုဝ်းအမျိုးသားအလံနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို တညီတညွတ် အလေးပြုခဲ့ကြပါသည်။
ဆက်လက်ပြီး သဘာပတိ ဖြားခွန်သိန်းဖေက ပအိုဝ်းအမျိုးသားနေ့နှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ၀ဏ္ဏကျော်ထင် ပအိုဝ်းအမျိုးသား ခေါင်းဆောင် အဘဦးအောင်ခမ်းထီမှ ပေးပို့သော သ၀ဏ်လွှာ၊ ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသားလွှတ်တော် ဥက္ကဌ မန်းဝင်းခိုင်သန်းမှ ပေးပို့လာသော သ၀ဏ်လွှာ၊ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်မှ ပေးပို့လာသော သ၀ဏ်လွှာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌမှ ပေးပို့သော သ၀ဏ်လွှာ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့(PNLO)မှ ပေးပို့လာသော သ၀ဏ်လွှာများကို တာဝန်ရှိပုဂ္ဂိုလ်များက အသီးသီး ဖတ်ကြားခဲ့ကြပါသည်။
ထို့နောက် ပွဲဖြစ်မြောက်ရေးကော်မတီ ဥက္ကဌဖြားခွန်ဝင်းကိုက နိဂုံးချုပ်အမှာစကားပြောကြားပြီး အလံတင်အခမ်းအနားကို အောင်မြင်စွာ ပြုလုပ်ကျင်းပနိုင်ခဲ့ပါကြောင်း၊ ပအိုဝ်းအမျိုးသားနေ့ကို ဂုဏ်ပြုသောအားဖြင့် ပအိုဝ်းယိုးယာအကပဒေသာ ပြိုင်ပွဲ၊ အားကစားပြိုင်ပွဲ၊ ပအိုဝ်းစာပေနှင့် ပန်းချီပြိုင်ပွဲများ ပြုလုပ်ကြပြီး အဆိုပါ ပအိုဝ်းအမျိုးသားနေ့(တပေါင်းလပြည့်နေ့)တွင် အနယ်အနယ်အရပ်အရပ်မှ ပအိုဝ်းလူမျိုးများ(၁)သိန်းကျော်တို့က အလှူပဒေသာပင်များနှင့် စီတန်းလှည့်လည် စုပေါင်းကုသိုလ်များ ပြုလုပ်ကြပါကြောင်း သိရှိရပါသည်။
ဤသို့ ပအိုဝ်းအမျိုးသားနေ့ကို ပြုလုပ်ရခြင်းမှာ မိမိတို့၏ ဘာသာသာသနာ၊ စာပေ၊ ယဉ်ကျေးမှု၊ သမိုင်းအစဉ်အလာများကို မြတ်နှိုးတန်ဖိုးထားရန်နှင့် မျိုးချစ်စိတ်ပိုမိုထက်သန်စေရန် ရည်ရွယ်ပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ပအိုဝ်းအမျိုးသားနေ့ကို နှစ်စဉ်ကျင်းပလာခဲ့ရာမှ ၁၉၇၅ခုနှစ်၊ မတ်လ ပဲခူးတိုင်းဒေသကြီး၊ ထန်းသပင်မြို့နယ် ဇရပ်ကြီးတွင် ကျင်းပသော ပအိုဝ်းအမျိုးသားနေ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ မိမိတို့၏ သူရိယစန္တားမင်းမွေးနေ့ (ဒဲဉ်သီးလာဗွေပွဲ)ကို ပအိုဝ်းအမျိုးသားနေ့အဖြစ် ပီပြင်စွာ သတ်မှတ်နိုင်ခဲ့ကြောင်း၊ ပအိုဝ်းအမျိုးသားနေ့ကို ပအိုဝ်းလူမျိုးများနေထိုင်ရာ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနှင့် နိုင်ငံခြားရှိ မလေးရှား၊ ထိုင်း၊ စင်ကာပူ၊ ကိုးရီးယား ပအိုဝ်းလူမျိုးများလည်း ပြုလုပ်ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

ခွန်ထင်;လေအောင်;





Powered by Blogger.