Monday, March 13, 2017

ရှေးဟောင်းသမိုင်းဝင် မွေတော်ကက္ကူဆုတောင်းပြည့် အသောကစေတီတော်မြတ်ကြီး ထီးတော်အသစ်တင်လှူ ပူဇော်ပွဲသို့ နိုင်ငံတော်အကြီးအကဲများစွာ လာရောက်ပူဇော်

 တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ မတ်လ (၁၃) ရက်
















ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့၊ ကက္ကူကျေးရွာ၌ ၂၀၁၇ခုနှစ်၊ မတ်လ(၁၂)ရက်၊ တပေါင်းလပြည့်နေ့တွင် စည်းကားသိုက်မြိုက်စွာ ပြုလုပ်သော ရှေးဟောင်းသမိုင်းဝင် မွေတော်ကက္ကူပုရ၀ုဏ်အတွင်းရှိ ဆုတောင်းပြည့် အသောကစေတီတော်မြတ်ကြီး ထီးတော်အသစ် တင်လှူပူဇော်ပွဲကြီးတွင် နိုင်ငံတော်အကြီးအကဲများတို့က လာရောက်ပူဇော်ခဲ့ကြောင်း သိရှိရ သည်။
အဆိုပါ ထီးတော်အသစ်တင်လှူပူဇော်ပွဲသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်နှင့်အဖွဲ့များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်ထိန်းနှင့်အဖွဲ့များ၊ ပြည်ထောင်စုအမျိုးသား လွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်းနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့များ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့်အဖွဲ့များ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝင်းမင်းထွန်းနှင့်အဖွဲ့များက လာရောက်ဖူးမျှော် ကုသိုလ်ယူခဲ့ကြပါသည်။
ထိုသို့ ကြွရောက်လာကြသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်နှင့် နိုင်ငံတော်အကြီးအကဲများကို ပအိုဝ်းအမျိုးသားလွှတ်တော်ကိုယ်စားလှယ်(ငြိမ်း) ဦးခွန်နေ၀င်းထွန်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဌ ဖြားခွန်စံလွင်နှင့် တာဝန်ရှိပုဂ္ဂိုလ်များက လှိုက်လှဲစွာ ကြိုဆိုဧည့်ခံပြီး ပအိုဝ်းအမျိုးသားခေါင်းဆောင် အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ၀ဏ္ဏကျော်ထင် ဖြားတန်စင်ဖါ အောင်ခမ်းထီနှင့် ရင်းနှီးစွာ တွေ့ဆုံခဲ့ကြပါသည်။
ဤသို့ ကြွရောက်လာကြသော နိုင်ငံတော်အဆင့် အကြီးအကဲများက ထီးတော်တင်လှူပူဇော်ပွဲ အခမ်းအနားသို့ သွားရောက်ကာ အဆိုပါအခမ်းအနားတွင် ဆရာတော် သံဃာတော်များ၊ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန်အမှူးပြုသော ဒါယကာ/ဒါယိကာများနှင့် ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန်စင်ဖါအောင်ခမ်းထီ အမှူးပြုသော ဒါယကာ/ဒါယိကာများတို့က  ရဟန်းသံဃာတော်ထံတွင် ကန်တော့ကျိုးဖြင့် ကိုးပါးသီလခံယူခြင်း၊ ဆရာတော်များက ပရိတ်မေတ္တာတရားများ ကို ရွတ်ဖတ် သရဇ္ဈာယ်ပေးခြင်းကို နာကြားခြင်း၊ ရေစက်ချအမျှဝေခြင်း၊ စိန်ဖူးတော်၊ ငှက်မျက်နားတော်နှင့် အခြားအရံတော်များကို ဆက်ကပ်လှူဒါန်းခြင်းများ ပြုလုပ်ခဲ့ပါသည်။
ထို့နောက် အခမ်းအနားအစီအစဉ်အရ စိန်ဖူးတော်၊ ငှက်မျက်နားတော်နှင့် အခြားအရံများကို ရထားယာဉ်ပေါ်သို့ ပင့်ဆောင်ပြီး အမွှေးနံသာရည်များဖြင့် ပက်ဖျန်းကာ အာသောကစေတီတော်မြတ်ကြီးဆီသို့ တင်လှူပူဇော်ခဲ့ကြပြီး ထီးတော်အသစ်တင်လှူပူဇော်ပွဲကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ မွေတော်ကက္ကူဆုတောင်းပြည့် အသောကစေတီတော်မြတ်ကြီးနှင့် အရံစေတီတော်များသည် ၂၀၁၆ ခုနှစ်၊ မေလတွင် ပြင်းထန်သော လေးပြင်းမုန်တိုင်းကြောင့် ပျက်စီးခဲ့ရပြီး စေတီတော်မြတ်ကြီး ထီးတော်ကို ပြန်လည်တင်လှူပူဇော်နိုင်ရန်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သိန်း(၅၀၀)ကျပ်၊ ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန်စင်ဖါ အောင်ခမ်းထီက သိန်း(၁၀၀)ကျပ်နှင့် အခြားသောအလှူရှင်များက လှူဒါန်းခဲ့ကြောင်း၊ အဆိုပါ ထီးတော်ပူဇော်ပွဲတွင် သမ္မတ(ငြိမ်း) ဦးသိန်းစိန်က စိန်လက်စွပ်တစ်ကွင်း ပူဇော်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

ခွန်ထင်;လေအောင်;



Powered by Blogger.