Monday, March 13, 2017

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်က (၆၈)ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ ပွဲတော်ညသို့ တက်ရောက်အားပေး

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ မတ်လ (၁၃) ရက်





















ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်နှင့်ဇနီးသည် မတ်လ(၁၂)ရက်၊ တနင်္ဂနွေနေ့၊ တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်ရေး(ဒဲဉ်သီးဗွေ)ကွင်းတွင် ပြုလုပ်ကျင်းပသော (၆၈)ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ပွဲတော်ညသို့ တက်ရောက်အားပေးကြောင်း သိရှိရပါသည်။
အဆိုပါ ပအိုဝ်းအမျိုးသားနေ့ပွဲတော်ညသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်နှင့်ဇနီးတကွ ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝင်းမင်းထွန်းတို့က တက်ရောက်အားပေးခဲ့ကြောင်း သိရှိရပါသည်။
ပအိုဝ်းအမျိုးသားနေ့ပွဲတော်ညတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပအိုဝ်းမိဘပြည်သူ များအတွက် အမှာစကားပြောကြားခဲ့ပြီး ထို့သို့ ပအိုဝ်းအမျိုးသားနေ့ကို အားရောက်ဂုဏ်ပြုချီးမြှင့်ပေးကြပါသော နိုင်ငံတော်အဆင့် လူကြီးမင်းများကို ပွဲတော်ကျင်းပရေးကော်မတီဥက္ကဌ ဖြားခွန်ဝင်းကိုက ကျေးဇူးတင် စကားပြောကြားခဲ့ပါသည်။
အဆိုပါ ပအိုဝ်းအမျိုးသားနေ့ပွဲတော်ညတွင် ရိုးရာအကဖြင့် ကပြဖော်ဖြေပေးခဲ့ကြသော ပအိုဝ်း၊ ဓနု၊ အင်းသား၊ တောင်ရိုး၊ လီဆူ၊ ကိုးကန့်အကအဖွဲ့များအား အကတစ်ဖွဲ့ချင်းစီကို ဆုတော်ငွေ တစ်သိန်းစီ ချီးမြှင့်ပေးခဲ့ကြောင်း၊ ပအိုဝ်းအမျိုးသားနေ့ပွဲတော်ည အဖိတ်နေ့တွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုအလုပ် အမှုဆောင် ဦးဝင်းထိန်၊ အမျိုးသားလွှတ်တော် ဥက္ကဌ မန်းဝင်းခိုင်သန်းနှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်အားပေးကြပြီး အမျိုးသားလွှတ်တော် ဥက္ကဌ မန်းဝင်းခိုင်သန်းက အမှာစကားပြောကြားပေးခဲ့ကြောင်း  သိရှိရပါသည်။

နဂါ့ခွန်



Powered by Blogger.