Friday, March 17, 2017

မညည်းညူပါနဲ့

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ မတ်လ (၁၇) ရက်


မွေးဖွားလာချိန်မှစတင်၍ သေဆုံးသည့်တိုင် လူသားများရှင်သန်မှုအမျိုးအစားလိုက် ဘဝကိုရုန်းကန်လှုပ်ရှားကြပါသည်။ လူတချို့က အလုပ်လုပ်ဖို့အတွက် အသက်ရှင်တယ်၊ တချို့ကစိတ်ကူးအိပ်မက်ကြောင့်အသက်ရှင်တယ်၊ တချို့က ငါဘာလို့အသက်ရှင်နေရလဲဆိုသည့် အဖြေကိုရှာရင်းအသက်ရှင်တယ်။ မတူညီသည့်ရှင်သန်မှုမျိုးဖြင့် လူသားများအတွက် အကူအညီပေးမှု၊ အထောက်အပံ့ပေးမှု၊ လမ်းပြမှု၊ အားပေးမှုနှင့် အခြားမတူညီသည့်ဖေးမမှုမျိုးဖြင့် မိမိတို့အသက်ရှင်သန်ရာဘဝကို ငြီးငွေ့မှုမရှိ ရဲရဲရင့်ရင့် ဖြတ်ကျော်နိုင်ရန် အရေးကြီးပါသည်။

အောင်မြင်မှုဆိုသည်မှာ နောင်တစ်ချိန်မှ ဖြစ်လာတာမဟုတ်ဘူး၊ လုပ်မယ်လို့ဆုံးဖြတ်ချက်ချလိုက်သည့်အချိန်မှစပြီး တဖြည်းဖြည်းတိုးပွား/အားယူလာခြင်းပင်ဖြစ်သည်။ လူတွေဟာကိုယ့်ဘဝကို ပြေလည်အောင်ကြံဖန်လှုပ်ရှားရာတွင် သူတို့၏ရင်မှာ အတ္တ၊ မာနတရားလေးတွေကိန်းအောင်းနေတတ်ကြပြီး ဂုဏ်ရောင်ကင်းဆင်းရဲနွမ်းပါးသူလူတန်းစားကို အဖတ်မလုပ်ချင်သည်မှာ လောကမှာရှိသည့်လူသားများ၏ သဘောသဘာဝပင်ဖြစ်သည်။ ဝမ်းနည်းစရာ ကြုံတွေ့လာချိန်တွင် တစ်ဦးနှင့်တစ်ဦးသွေးသားရင်းချာသဖွယ် ရိုင်းပင်းကူညီမှုများပေးပါ။ မညည်းညူပါနှင့်“ မသိဘူး၊ မလုပ်ဘူး၊ မရဘူး၊ မတတ်ဘူးဆိုတဲ့ ‘မ’ နေရာမှာ ကြိုးစား ကြည့်မယ်၊ သိပ်မသေချာဘူး၊ အချိန်အနည်းငယ်ပေးပါ၊ ဆုံးဖြတ်ပြီးမှအကြောင်းပြန်လိုက်မယ်”လို့ ပြောင်းသုံးကြည့်ပါ။ လူ့ဘဝဟာခေတ္တခဏလေးပါ။ ရန်လိုမှုများဖယ်ရှားကာ အချင်းချင်းခွင့်လွတ်မှုများဖြင့် အပြန်အလှန်ကိုယ်ချင်းစာတရားများထားနိုင်ဖို့ မငြီးငွေ့ပါနှင့်၊ ဝန်မလေးပါနှင့်။ အကယ်၍ ကိုယ့်ကိုအဖော်ပြုပေးသူမရှိသည့်အခါ တစ်ယောက်တည်းသီးချင်းနားထောင်ပါ၊ စာဖတ်ပါ၊ စာရေးပါ။ အထီးကျန်တယ်ဆိုတာ လောကကြီးက ကိုယ့်ကိုမေ့သွားလို့မဟုတ်ဘူး၊ ကိုယ်ကလောကကြီးကို မေ့သွားလို့ဖြစ်တယ်။ ညည်းညူမှုကို အောက်ပါအချက်များဖြင့် အစားထိုးကြည့်ပါ။ အကယ်၍ တစ်ယောက်တည်းအထီးကျန် ဝမ်းနည်းသည့်အခါ တစ်ထောင့်တစ်နေရာမှာ ဒါမှမဟုတ် စောင်ခေါင်းမြီးခြုံပြီး ငိုလိုက်ပါ။ ငိုပြီးတာနဲ့ စိတ်တွေ လန်းဆန်းလာလိမ့်မယ်။ စိတ်ထိခိုက်သည့်အခါ ယုံကြည်ရတဲ့သူငယ်ချင်းကို ရင်ဖွင့်ပါ။ တစ်ယောက်တည်း စိတ်ညစ်စရာတွေကို ရင်ထဲသိုဝှက်ထားရင် ကိုယ့်ကိုယ်ကို ပိုပြီးစိတ်ထိခိုက်စေတယ်။ မပျော်ရွှင်သည့် အချိန်မှာ ကောင်းကင်ပြာကို မော့ကြည့်ပါ။ ကြယ်တွေကို ရေတွက်ပါ။ အပြောကျယ်သည့် ကောင်းကင်မှာ ကိုယ်နဲ့သက်ဆိုင်တဲ့ အချစ်တစ်ခုတော့ရှိလိမ့်မယ်။ “ ငါမဆိုးဘူး ”ဆိုပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုတစ်ခုတော့ပေးပါ။ မိသားစုအပါအဝင် ကိုယ်နှစ်သက်သည့်သူရဲ့မွေးနေ့ကို မှတ်ထားပါ။ ကိုယ့်မွေးနေ့မှာ လက်ဆောင်ပေးသူမရှိရင် ဝမ်းမနည်းပါနှင့်။ လှပသည့်လက်ဆောင်တွေဝယ်ပြီး အဖေ၊ အမေကို ပေးနိုင်ပါတယ်။ အားလပ်ချိန်မှာ ငြိမ့်ညောင်းသည့် သီချင်းလေးတွေနားထောင်ပါ။ စာအုပ်ကောင်း လေးတွေရှာဖတ်ပါ။ ခဏတာအိပ်စက်ပါ။ ဘယ်လိုအကြောင်းကြောင့်ဘဲဖြစ်ဖြစ် သူတစ်ပါးနောက်ကွယ်မှာ သူ့မကောင်းကြောင်းမပြောပါနှင့်၊ ပြောခဲ့ရင်လည်း ကောင်းကြောင်းဘဲပြောပါ။ မိတ်ဆွေတစ်ဦးပိုတာက ရန်သူတစ်ယောက်တိုးတာထက်ပိုကောင်းပါတယ်။ အတတ်နိုင်ဆုံးလူတွေနှင့် မငြင်းခုန်မိအောင်ကြိုးစားပါ။ လူတွေက ကိုယ့်ကိုမှားကြောင်းပြောရင် မဖြေရှင်းပါနှင့်။ ကိုယ်ဘယ်နားမှားလဲ၊ ဘယ်လိုပြုပြင်ရမလဲဆိုတာကို မေးပါ။ ဒေါသထွက်နေသူတစ်ယောက်က ကိုယ့်ခံစားချက်ကို မထိန်းနိုင်သည့်အရူးတစ်ယောက်နှင့် တူပြီး အရမ်းကြောက်ဖို့ကောင်းပါတယ်။ သည်းခံပြီး ပြဿနာ အရင်းမြစ်ကိုရှာပါ။ စိတ်တွေ တည်ငြိမ်ချိန်မှာ ဖြေရှင်းပါ။ မိမိဖြစ်ချင်တာထက် ဖြစ်သင့်တာကိုလုပ်ရချိန်မှာ မညည်းညူပါနှင့်။ လူ့ဘဝမှာ အလိုမကျခြင်း နှစ်ခုရှိတယ်။ လိုတာမရတာနှင့် ရတာမလိုတာဖြစ်တယ်။ ကိုယ့်ဆုံးဖြတ်ချက်ကိုယ်ချပါ။ ဖြစ်လာသမျှခံယူဖို့ ပြင်ဆင်ပါ။ စလုပ်ပြီဆိုက လောကကြီးမှာ နောင်တကုဆေးဆိုတာမရှိကြောင်း ကိုယ့်ကိုယ်ကိုသတိပေးပါ။ ရှေ့တိုးဖို့ဆင်ခြေတစ်ခု ပဲလိုတယ်၊ နောက်ဆုတ်ဖို့ ဆင်ခြေအခုတစ်ရာ လိုအပ်တယ်။ ကိုယ်လုပ်ဆောင်ရမည့်အလုပ်ကို ရာနှုန်းပြည့်ကြိုးစားပြီးလုပ်ပါ။

လောကကြီးမှာ ရှင်သန်မှု အတန်းအစားရှိတယ်။ မတရားမှုတွေလည်းများတယ်။ မညည်းညူပါနှင့်။ သနားနေရုံနဲ့တော့ လူသားတွေရဲ့ဝေဒနာသက်သာနိုင်မယ်မထင်ပါ။ ကိုယ်ကိုယ်တိုင်ပါဝင်ခံစားကြည့်မှ လုပ်ဆောင်ကြည့်မှ သူတို့၏ခံစားမှု၊ ရင်ဖွင့်သံ၊ သဘောထားကို အဖြေရှာလို့ရမှာဖြစ်တယ်၊ နားလည်လာမှာဖြစ်တယ်၊ သူတို့၏အသံလေးတွေကို အစပြုပြီးဖြေရှင်းနိုင်မည့်နည်းလမ်းလေးတွေ့မှာဖြစ်သည်။ လူသားအား လုံးဘဝသာယာလှပအဆင်ပြေဖို့ ကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိ သလောက်ပြန်လည်ပေးဆပ် ဖို့အချိန်တန်ပြီဖြစ်ကြောင်း လူတွေအတွက်ပေးဆပ်သင့်ပြီဖြစ်ပါသည်။ ထိခိုက်ခံစားရသည့် နာကျင်ခြင်းကို ဘယ်လိုမေ့ရမယ်ဆိုသည့်အပေါ် မူတည်တာမဟုတ်ဘူး၊ အသစ်တစ်ဖန်ပြန်စရဲသည့် သတိအပေါ်မှာ ဘဲမူတည်သည်။ မငြီးငွေ့ပါနှင့်၊ တွေဝေမနေပါနှင့်။ ကြိုးစားပါ၊ နည်းနည်းထပ်ကြိုးစားပါ၊ ထပ်ပြီးကြိုးစားကြည့်ပါ။ စိတ်ကူးအိပ်မက်တွေ အကောင်အထည်ပေါ်လာလိမ့်မည်ဖြစ်သည်။ အရာရာကို ရင်ဆိုင်ပါ။ ကြာလာရင် ရင်ဆိုင်ရမှာကို မကြောက်တော့ဘူး၊ အရာရာကို လက်ခံကြည့်ပါ၊ ကြာလာရင် ကျင့်သားရသွားပါလိမ့်မည်။

ပအိုဝ်;မူ;ပေ; (စန္တာ;ခမ်း)
Powered by Blogger.