Friday, March 24, 2017

နွေရာသီကျောင်းပိတ်ရက်နှင့် ပအိုဝ်းကျောင်းသားလူငယ်များ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ မတ်လ (၂၄) ရက်



အစ်ကိုတို့လူ့လောကကို ဖြတ်ကျော်လာတာ မွေးဖွားကတည်း ယနေ့ချိန်ထိ ကြီးပြင်းလာတဲ့ အချိန်ကာရဲ့ အတိတ်သမိုင်းများကို ပြန်လှန်ကြည့်မယ်ဆိုရင် ပညာသင်ကြားချိန်၊ ပညာဆည်းပူး ချိန်ကာလကျောင်းသားဘဝဆိုတဲ့ အခိုက်အတန့်ကို လူတိုင်းဖြတ်ကျော်ဖူးပါလိမ့်မယ်။ ထို့အတူဘဲ ကျောင်းသားဘဝဆိုတဲ့ အချိန်ခါကာလကို ဖြတ်ကျော်ဖူးရင် ကျောင်းသားဘဝရဲ့အပျော်ဆုံး၊ အနားယူချိန်အများဆုံးဆိုတဲ့ နွေရာသီကျောင်းပိတ်ရက်(သို့မဟုတ်) ရက်ရှည်ကျောင်းပိတ်ရက်များကို ထပ်မံဖြတ်ကျော်ဖူးပါလိမ့်မယ်။ အဲဒီ ကျောင်းပိတ်ရက်များကို ကျောင်းသားများအတွက် တစ်နှစ်ပတ်လုံးပင်ပန်းလာသမျှဒဏ်များကို ဖြေလျှော့ရန်၊ တစ်နှစ်ပတ်လုံးကျောင်းစာများကိုသာသင်ကြားနေရတဲ့ ကျောင်းသားလူငယ်များအတွက် ပူပြင်းနေသည့်ဦးနှောက်များကို အအေးခံဆေးကြောရန်၊ ဒေသန္တရဗဟုသုတများကိုရှာဖွေရန်နဲ့ နောက်တစ်နှစ်တွင် တက်လှမ်းမည့် အတန်းသစ်အတွက် အားအင်သစ်များကိုမွေးမြူထားနိုင်စေရန်အတွက် တက်လာတဲ့အစိုးရတိုင်းက သတ်မှတ်ပေးထားတဲ့ ကျောင်းသားများအတွက် သီးသန့်အထူးအခွင့်အရေးပင်ဖြစ်တယ်လို့ အစ်ကိုထင်မြင်သုံးသပ်မိပါတယ် ညီငယ်၊ ညီမငယ်တို့။  အစ်ကို့အနေနဲ့လည်း ကျောင်းသားဘဝကို ဖြတ်သန်းလာဖူးတော့ အဆိုပါ ကျောင်းပိတ်ရက်များကို ဖြတ်ကျော်ခဲ့ဖူးပါတယ်။ စာကို မကျက်ရလို့၊ အိမ်စာမလုပ်ရလို့၊ ဦးနှောက် မပူရလို့ဆိုပြီး အပျော်ဆုံးအချိန်လို့သတ်မှတ်လို့ရသလို၊ အချစ်ရဆုံးသော အပေါင်းအသင်း သူငယ်ချင်းတွေနဲ့ တစ်နှစ်ပတ်လုံး စာတွေ၊ အသိပညာတွေ ဖြန့်ဝေပေးခဲ့သော လေးစားရတဲ့ ဆရာဆရာများနဲ့ ခဏတစ်ဖြုတ်ဝေးနေရမယ့်အချိန်ဖြစ်သောကြောင့် ဝမ်းအနည်းရဆုံး အချိန်ပင် ဖြစ်ပါတယ်။ တစ်နည်းပြောရမယ်ဆိုရင် ဝမ်းနည်းဝမ်းသာအဖြစ်ရဆုံးအချိန်လို့ အစ်ကိုအနေနဲ့ သတ်မှတ်လိုပါတယ်။ ညီငယ်၊ ညီမငယ်တို့။

အစ်ကိုတို့ငယ်ရွယ်စဉ်အခါတုန်းက နွေရာသီကျောင်းပိတ်ရက်များကို ဖြတ်ကျော်ခဲ့သည့် အခိုက်အတန့်များကို ပြန်လည်သုံးသပ်ရမယ်ဆိုလျှင် ယနေ့ညီငယ်၊ ညီမငယ်တို့ခေတ်လို ကွန်ပျူတာ၊ အင်္ဂလိပ်သင်တန်းများက မရှိသလောက်ခပ်ရှားရှားရယ်ကြောင့် မိသားစုရဲ့တောင်ယာအလုပ်နဲ့ ပတ်ဝန်းကျင် သင်ဆရာ၊ မြင်ဆရာများက သင်ကြားပေးသော ငှက်ပစ်ခြင်း၊ ငါးရှာခြင်း၊ ထင်းခုတ်ခြင်း၊ ဝါးခုတ်ခြင်း၊ မိသားစုများနှင့်အတူတောင်ယာလုပ်ခြင်းဆိုတဲ့ အလုပ်များဖြင့် ဖြတ်သန်း လာခဲ့ရသည်က ခပ်များများပင်။ အကျိုးမရှိဘူးလို့ အစ်ကိုမဆိုလိုပါဘူး။ ခေတ်ရဲ့ရေစီးကြောင့်ပေါ့။ တခါတရံ အချိန်ဖြုန်းမိလို့နှမြောမိသလို၊ တခါတရံ မိဘကိုကူညီဖေးမခဲ့မှုကြောင့် ကိုယ့်ကိုယ်ကို ယနေ့တိုင်ပီတိဖြာနေတုန်းပင်။ ဒါပေမဲ့ အဲဒီအချိန်များကို အစ်ကိုပြန်စဉ်းစားတိုင်း ပြန်မရနိုင်တော့သည့် ကလေးဘဝကိုပြန်လည်မြင်ယောင်ကာ လွမ်းသလိုလိုနဲ့ အဆိုပါအချိန်များကို အသုံးမချတတ်လို့ ပြန်လည်နှမြောမိသလိုလိုပင်။ တခါတရံ ခေတ်ကိုပင်အပြစ်တင်ရမလိုလို၊ မိမိကိုယ်ကိုပြန်အပြစ်တင် ရမလိုလို။ သြော် ----- ကုန်လွန်ခဲ့သောအချိန်များကို အသုံးချပြီး စာဖတ်မယ်။ ပန်းချီ၊ ပန်းပု၊ ပန်းပဲ၊ ပန်းတိမ် ------- အစရှိတဲ့ အဲခေတ်ကာလရဲ့သင်တန်းများနှင့် အခြားမိမိစိတ်ဝင်စားရာ သင်တန်း တစ်ခုခုတက်မယ်ဆိုရင် ခုချိန်ဆိုရင် ပညာရှင်မဟုတ်ရင်တောင် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည် နိုင်လောက်ပြီလို့ ထင်မြင်မိလေ၏။ တခါတရံ ဟူး ------ အချိန်ကုန်မြန်လိုက်တာလို့ အစ်ကိုတစ်ယောက်တည်းသက်ပြင်းချမိပါရဲ့။ ဒါပေမဲ့လည်း အစ်ကိုတစ်ယောက်အနေနဲ့ “နောင်တဆိုတာ နောင်မှရတယ်လို့” ဆိုသလို အကျိုးတရားကင်းမဲ့စွာဖြုန်းတီးလာခဲ့တဲ့ အတိတ်ကအချိန်များရဲ့ တန်ဖိုးကို ခုမှသိရှိလာရပါတယ်။ သြော် ---- တခါတရံ အတိတ်ကိုအချိန်ကပြန်တမ်းတမနေတော့ဘူး အနာဂါတ်ကိုဘဲ ကောင်းအောင်ကြိုးစားမယ်ဆိုတဲ့ စိတ်ကိုမွေးကာ ကျန်ရှိနေတဲ့လူ့လောကရဲ့အချိန် တချို့ကို အကျိုးရှိရှိအသုံးချမယ်၊ နောင်တက်လာမဲ့ လူငယ်တွေ အစ်ကို့လိုမဖြစ်အောင် တိုက်တွန်းမယ်၊ လက်ဆင့်ကမ်းပညာပေးမယ်ဆိုပြီး ကိုယ့်ကိုယ်ကိုဖြေသိမ့်လိုက်ပါတယ်။ ညီငယ်၊ ညီမငယ်တို့။ အဲဒါကြောင့် အစ်ကိုအနေနဲ့ နောင်လာမယ့် ညီငယ်၊ ညီမငယ်များအတွက် အချိန်ကို အကျိုးရှိရှိအသုံးချတတ်ရန်နဲ့ အစ်ကို့လို အချိန်ကို အလာဟဿမဖြစ်စေရန်အလို့ငှာ ဤဆောင်းပါးဖြင့် တိုက်တွန်းရေးသားပေးလိုက်ပါရစေ။ ညီငယ်၊ ညီမငယ်တို့ရေ။

ယနေ့ခေတ်ကို လူကြီးတွေက “လိုတိုင်းရ၊ တတိုင်းဖြစ်တဲ့ခေတ် (လို;တွိုင်,လ, တ,တွိုင်,ထွာ)” (သို့မဟုတ်) “ပဒေသာခေတ်”လို့သတ်မှတ်ထားကြပါတယ်။ ညီငယ်၊ ညီမငယ်တို့။ ဘာကြောင့်လဲ ဆိုတော့ ယနေ့ခေတ်မှာ ညီငယ်၊ ညီမငယ်များအနေနဲ့ မိမိတို့ စိတ်ဝင်စားရာ ပညာရေး၊ ဘာသာရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ နိုင်ငံရေး(ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စာသင်တန်း၊ ဓမ္မစကူးလ်သင်တန်း၊ ပအိုဝ်းစာသင်တန်း) အစရှိသော သင်တန်းများကလည်း ပေါ်ထွက်လာပြီ။ ညီငယ်၊ ညီမငယ်များစိတ်ဝင်စားရာ မည်သည့်သင်တန်းမဆို အချိန်မရွေးတက်နိုင်၊ လေ့လာဆည်းပူးနိုင်သည့်ခေတ်ဖြစ်သောကြောင့် လူကြီးများက “ပဒေသာခေတ်” လို့သတ်မှတ်ထား တာဖြစ်တယ်လို့ အဲဒီလိုခပ်ရှင်းရှင်းဘဲ အစ်ကိုထင်မြင်တယ်။ ဟုတ်တယ်။ ညီငယ်၊ ညီမငယ်တို့ ကြိုက်နှစ်သက်တဲ့ မည်သည့်အလုပ်၊ မည်သည့်သင်တန်း၊ မည်သည့်စားစရာ၊ ပျော်စရာ၊ သွားလာစရာ များကို လက်ညိုးထိုးမလွဲ တက်နိုင်၊ သွားနိုင်၊ စားနိုင်သည့်ခေတ်ပင်ဖြစ်တယ်။ ဒါပေမဲ့ “အကောင်းနဲ့ အဆိုးဒွန်တွဲပြီးပါလာတာ လောကရဲ့ဓမ္မတာ”ဆိုတဲ့အတိုင်းဘဲ အခြားတစ်ဖက်ကို ပြန်ကြည့်ရင် လူ့အကျင့်ပျက်စီးဖို့ အင်မတန်လွယ်ကူတဲ့ခေတ်ပင်။ ဥပမာ - လူသားတွေရဲ့အကျင့်ကောင်းတွေကို ဖဲ့စားနေတဲ့ ယာမ၊ ဆေးပြားတွေကလည်း ခေတ်စားနေတယ်ဆိုတာ အစ်ကိုအနေနဲ့ သတိထား စေလိုပါတယ်။ အကောင်းဘက်ကို လိုက်စားတတ်ရင် အကောင်းဖြစ်မယ်။ အဆိုးဘက်ကို လိုက်စားမယ်ဆိုရင်လည်း အဆိုးဖြစ်မယ်ဆိုတာ ညီငယ်၊ ညီမငယ်တို့အသိပင်။ “တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး” ဆိုတဲ့စကားပုံအတိုင်း ညီငယ်၊ ညီမငယ် တို့ ဆည်းပူးလေ့လာမည့် မည်သည့်ပညာရပ်ကိုမဆို ကောင်းတဲ့လူနဲ့ပေါင်းကာ ကောင်းသောပညာရပ်ဘဲဖြစ်ဖို့လိုပါတယ်။ မကောင်းတဲ့လူနဲ့ပေါင်းကာ မကောင်းတဲ့ပညာရပ်တွေကို ရှောင်ရှားကြပါလို့ အစ်ကိုထပ်မံ မှာကြားလိုပါတယ်။ ညီငယ်၊ ညီမငယ်တို့က အညွန့်တလူလူထွက်နေပြီး အားအင်အပြည့်ရှိနေတဲ့ တက်သစ်စလူငယ်များပင်ဖြစ်ကြတယ်။ ဒီချိန်မှာ ကောင်းတဲ့ပညာတွေကို ဆည်းပူးထားရင် လူကောင်း ဖြစ်ဖို့က လက်တစ်ကမ်းဘဲရှိသလို မကောင်းတဲ့ပညာတွေကိုဆည်းပူးရင် လူဆိုးဖြစ်ဖို့က လက်တစ်ကမ်းဘဲရှိပါလိမ့်မယ်။ ဆိုလိုချင်တာက လူကောင်းဖြစ်ဖို့နဲ့ လူဆိုးဖြစ်ဖို့က ရာခိုင်နှုန်း(၅၀)စီ အခွင့်အရေးတန်းတူရှိနေတယ်လို့ အစ်ကိုမြင်မိတယ်။ (၁)ရာခိုင်နှုန်းလောက် အကောင်းဘက် ယိုင်တာနဲ့ အကောင်းဖြစ်မယ်။ (၁)ရာခိုင်နှုန်းလောက် အဆိုးဘက်ယိုင်တာနဲ့ အဆိုးဖြစ်ကာ အဲဒီလူဆိုးဘဝကနေ လူကောင်းပြန်ဖြစ်လာဖို့ ခပ်ခက်ခက်ရယ်လို့ အစ်ကိုအနေနဲ့ သုံးသပ်မိပါတယ်။ ညီငယ်၊ ညီမငယ်တို့။

ဒါကြောင့် ညီငယ်၊ ညီမငယ်တို့အနေနဲ့ နွေရာသီကျောင်းပိတ်ရက်များမှာ ကောင်းတဲ့ပညာရပ်၊ အနာဂါတ်အတွက်သေချာတဲ့ပညာရပ်များဖြစ်သော ညီငယ်၊ ညီမငယ်တို့ကြိုက်နှစ်သက်ရာ ပညာရေး၊ ဘာသာရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ နိုင်ငံရေး သင်တန်းများ (ဥပမာ - ကွန်ပျူတာ သင်တန်း၊ အင်္ဂလိပ်စာသင်တန်း၊ ဓမ္မစကူးလ်သင်တန်း၊ ပအိုဝ်းစာသင်တန်း)များကို အချိန်ရှိတုန်း တက်ထားပါ။ လေ့လာထားပါလို့ အစ်ကိုသတိပေးလိုပါတယ်။

ဒီချိန်မှာ ပအိုဝ်းလူမျိုးတို့ အနာဂါတ်မှာပုံဖော်မဲ့ တန်းတူညီတူဖြစ်တဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုအတွက် ညီငယ်၊ ညီမငယ်များဟာ ပအိုဝ်းလူမျိုးတို့ရဲ့ အနာဂါတ်မျှော်လင့်ချက်များကို ဖော်ဆောင်ဖြည့်ဆည်းပေးမဲ့ အနာဂါတ်ကြယ်ပွင့်များလို့ ပအိုဝ်းလူမျိုးတိုင်းက ယုံကြည်ကိုးစားထားပါတယ်။ ဒါကြောင့် ဒီချိန်မှာ ခေတ်စနစ်ရဲ့လိုအပ်ဖြစ်သော အသိပညာများ၊ အတတ်ပညာများကို အစစအရာရာကြိုတင်ပြင်ဆင်ထားပါလိမ့်မယ်။ လေ့လာထား ရပါလိမ့်မယ်။ ဆည်းပူးထားရပါလိမ့်မယ်။ ညီငယ်၊ ညီမငယ်တို့။ ထို့အပြင် တတ်ထားတဲ့ ပညာရပ်များ၊ လေ့လာထားတဲ့ ပညာရပ်များဖြင့် ပုဂ္ဂလိကလုပ်ငန်းများမှာ မိမိတို့လူမျိုးများ ဝင်ရောက်လုပ်ကိုင်နိုင်ဖို့ပြင်ဆင်ထားပါ။ အစိုးရဌာနတိုင်းမှာ မိမိတို့လူမျိုးများပါဝင်နိုင်အောင်လည်း ထိုးဖောက်ဝင်ရောက်လုပ်ကိုင်နိုင်အောင် ပြင်ဆင်ထားကြပါ။ အခွင့်အရေးရလာရင် မည်သည့်ပုဂ္ဂလိကလုပ်ငန်းများနဲ့ အစိုးရဝန်ထမ်းတာဝန်များကို ဝင်ရောက် ထမ်းဆောင်ကြပါလို့ အစ်ကိုထပ်မံအသိပေးလိုပါတယ်။

ဒါမှသာလျှင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသဦးစီးခန်းမတွင် ၂၀၁၇-ခုနှစ်၊ ဖေဖော်ဝါရီလ(၁၆)ရက်နေ့မှ (၂၀)ရက်နေ့အထိကျင်းပပြုလုပ်သော “လူမျိုးအလိုက် ပအိုဝ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှသည် အနာဂါတ်ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုဆီသို့” ဆိုသော ဆောင်ပုဒ်အတိုင်း လာမယ့်အနာဂါတ်ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအတွက် မိမိတို့ပအိုဝ်း လူမျိုးများရဲ့ ဆန္ဒ၊ ဆုံးဖြတ်ချက်များပါဝင်လာမည်ဖြစ်ပြီး မိမိတို့ဖြစ်စေလိုတဲ့၊ မိမိတို့နဲ့ ထိုက်တန်တဲ့၊ ရသင့်ရထိုက်တဲ့ အခွင့်အရေးများကိုရရှိလာမှာဖြစ်ပါတယ်။ အဲဒီလို တောင်းဆိုရာမှာလည်း ညီငယ်၊ ညီမငယ်တို့အနေနဲ့ အစိုးရထံမှာတောင်းဆိုမဲ့ ပအိုဝ်းတစ်မျိုးသားလုံးရဲ့ ဆန္ဒ၊ လိုလားချက်များအတွက် အားအင်တွေကို တစ်စိတ်တစ်ပိုင်းအနေနဲ့ ဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်လို့ အစ်ကိုယုံကြည်တယ်။ ညီငယ်၊ ညီမငယ်တို့။

ဟုတ်ပါပြီ။ ညီငယ်၊ ညီမငယ်တို့။ အစ်ကိုအဲလိုပြောရင်းနဲ့တောင် ပအိုဝ်းလူမျိုးတို့ရဲ့ အနာဂါတ်သာယာလှပနေတဲ့ မြင်ကွင်းကိုတောင် မြင်ယောင်နေမိပြီ။ ကဲ ----- တက်သစ်စ ညီငယ်၊ ညီမငယ်တို့ရေ ----- နွေရာသီ ကျောင်းပိတ်ရက်များကို အလာဟဿမဖြစ်စေရန်နဲ့ အကျိုးရှိရှိ အသုံးချတတ်စေရန် ခေတ်ပညာရပ်များ၊ ခေတ်စာပေများ၊ ခေတ်သင်တန်းများကို တက်ရောက်ဆည်းပူးလေ့လာကာ အဲဒီတတ်မြှောက်လာတဲ့ ညီငယ်၊ ညီမငယ်တို့ရဲ့ ခေတ်ပညာအားများနဲ့ လူကြီးတွေရဲ့ အတွေ့အကြုံ၊ အကြံဉာဏ်အားများကို အပြန်အလှန် ပေါင်းစပ်ကာ ပအိုဝ်းလူမျိုးတို့ရဲ့ အနာဂါတ်လှပအောင် ပူးပေါင်းထုဆစ်ကြပါစို့လား။ ညီငယ်၊ ညီမငယ်တို့။

ညီငယ်၊ ညီမငယ်တို့ကို ချစ်ခင်လေးစားသောအားဖြင့် ------ ညီငယ်၊ ညီမငယ်တို့ရဲ့........အစ်ကို
         
ခွန်ယွေးယဲင်(ခမ်းစန္တာ;ဟေ့,)        
သာ;ယာ;လေလင်း နီပအိုဝ်;ခမ်း
Powered by Blogger.