Thursday, April 6, 2017

ပါလောပါကယ်ကျေးရွာအုပ်စု၊ လွယ်ဆံဆစ် ကျေးရွာတွင် ဥပဒေဆိုင်ရာ ပညာပေးသင်တန်း ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဧပြီလ (၇) ရက်




ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ လွယ်ဆံဆစ်ကျေးရွာ မင်္ဂလာရာမ ဘုန်းတော်ကြီးကျောင်းတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ဗဟိုဌာနချုပ်ရုံး ရှိ ဥပဒေရေးရာဌာနက ဥပဒေဆိုင်ရာ ပညာပေးသင်တန်းကို ၂၀၁၇ ခုနှစ် ဧပြီလ (၅) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြပါသည်။

အဆိုပါ အခမ်းအနားတွင် ရှေးဦးစွာ ကျောင်းထိုင်ဆရာတော် အရှင်ပညာဝရထံမှ ငါးပါးသီလကို ခံယူဆောက်တည်ပြီး အရှင်ပညာနန္ဒ မှ - “မိမိတို့ ပအိုဝ်းလူမျိုးသည် အမျိုးသားရေး လုပ်ငန်းများကို လုပ်ဆောင်ရာတွင် စွမ်းရည်မြှင့်တင်ပေးရန်လိုအပ်ကြောင်း” သြဝါဒစကား မြွက်ကြားပေးခဲ့ပါသည်။

ဆက်လက်၍ ပါလောပါကယ်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ဗဟိုဌာနချုပ်ရုံး ဥပဒေရေးရာဌာနမှ သင်တန်းဆရာ ခွန်ထွိုင်း က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားရာတွင် -
၁။ မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးမှုကို တစ်ဖက်တစ်လှမ်းမှ အထောက်အကူပြုစေရန်။

၂။ ဌာနဆိုင်ရာနှင့် မိမိတို့အဖွဲ့အစည်းရင်းရင်းနှီးနှီး လုပ်ငန်းအတူတကွလုပ်ဆောင်ရန်နှင့် ဌာနဆိုင်ရာမှ လုပ်ငန်းဆောင်ရွက်မှုကို လုပ်ထုံးလုပ်နည်းများ သိရှိရန်။

၃။ လူ့လောကအတွင်းကြုံတွေ့ရတတ်သော ပြဿနာများကိုတရားသောနည်းဖြင့် ကူညီဆောင်ရွက်ပေးရန်နှင့် ရိုးရာဓလေ့ထုံးတမ်းတရားစီရင်ရေး မပျောက်ပျက်အောင် ထိန်းသိမ်းနိုင်ရန်။

၎။ ဥပဒေများကို တရားစီရင်ရေး၊ အုပ်ချုပ်ရေးနှင့် စပ်လျဉ်းပြီးဆောင်ရွက်နေသူတွေချည်း သိနေရန်မဟုတ်ဘဲ ပြည်သူအများက သိရှိရန်လိုအပ်၊ ပြည်သူသည်မိမိနိုင်ငံက ကျင့်သုံးသည့် တည်ဆဲပြဌာန်းဥပဒေများ၏ အခြေခံကိုသိရှိနားလည်နိုင်ရန် ပညာပေးခြင်းလုပ်ပေးရပါမည်။

ဥပဒေအဆိုအမိန့်တစ်ခုမှာ - ဥပဒေကိုမသိနားမလည်ပါဟု ဆိုရုံမျှဖြင့် ဥပဒေကသင့်ကိုခွင့်လွတ် လိမ့်မည်မဟုတ် ဟု ပြောကြားပေးခဲ့ပါသည်။

၎င်းသင်တန်းတွင် ပို့ချသော သင်ခန်းများမှာ - မြေယာဥပဒေ၊ မူးယစ်ဆေးဝါး ဥပဒေ၊ မြန်မာ့ဓလေ့ ထုံးတမ်း ဥပဒေ၊ မျိုးစောင့် ဥပဒေ၊ မော်တော်ယာဉ် ဥပဒေ၊ လွှတ်တော်ရေးရာစသည့် သင်ခန်းစာများကို ပို့ချပေးခဲ့ကြပြီး သင်တန်းဆရာများအဖြစ် ဥပဒေရေးရာဌာနမှ ခွန်ထွိုင်း၊ ခွန်ဆက်အောင်နှင့် လွတ်တော်ရေးရာဌာနမှ ခွန်မောင်ထွန်း တို့က ပို့ချပေးခဲ့ပါသည်။

ထိုသင်တန်းတွင် သင်တန်းသူ သင်တန်းသားများ (၄၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရပြီး ဥပဒေရေးရာဌာနအနေဖြင့် ဥပဒေဆိုင်ပညာပေးသင်တန်းကို နေရာဒေသအလိုက် ဆက်လက်ပညာပေးပို့ချသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

ခွန်အောင်ထွိုက်ဗွေ
Powered by Blogger.