Thursday, April 6, 2017

ကျေးရွာနေပအိုဝ်းလူမျိုးများ၏ ဓလေ့ပုံရိပ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဧပြီလ (၇) ရက်


မိမိတို့ပအိုဝ်းဒေသ၊ ပအိုဝ်းလူမျိုးများသည် ရှေးယခင်ကတည်းက ယနေ့ထက်တိုင် စည်းလုံးညီညွတ်စွာနေထိုင်ကြသော လူမျိုးဖြစ်သည်။ ထိုသို့စည်းလုံးညီညွတ်စွာနေထိုင်နိုင်ကြခြင်းမှာလည်း ရပ်ရွာလူကြီးများ၊ ရွာသမာဓိလူကြီးများ၊ ရှေးလူကြီးသူမများ၏ ဆုံးမသြဝါဒစကားများကို မြေဝယ်မကျနာခံ လိုက်နာကြခြင်းပင်ဖြစ်သည်။ ထိုသို့နာခံလိုက်နာကျင့်သုံးနိုင်ကြခြင်းမှာလည်း မိမိတို့ပအိုဝ်းလူမျိုးများ၏ ကောင်းမွန်သောဓလေ့စရိုက်များပင်ဖြစ်ကြောင်းကို ပြောကြားတင်ပြလိုပါသည်။

ထိုသို့လိုက်နာကျင့်သုံးသော ဓလေ့စရိုက်များသည် ခေတ်ရေစီးကြောင်းအရပြောင်းလဲနေသော ယနေ့ခေတ်ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် မိမိတို့လေးစားလိုက်နာစရာကောင်းသော ပအိုဝ်းရိုးရာများလည်း ခေတ်နှင့်အညီ ပြောင်းလဲပျောက်ကွယ်သွားမည်ကို ပအိုဝ်းလူမျိုးတစ်ဦးအနေဖြင့် တွေးပူမိပါသည်။ မိမိတို့ပအိုဝ်းတောရွာများတွင် ယနေ့အချိန်ထိ ပအိုဝ်းရိုးရာဓလေ့ထိန်းသိမ်းနေသေးသော ကျေးရွာများလည်းများစွာရှိနေသေးကြောင်း တောရွာနေပအိုဝ်းပြည်သူလူတစ်ဦးအနေဖြင့် တင်ပြချင်ပါသည်။

ပအိုဝ်းတောရွာနေပြည်သူလူထုများသည် ၁၂ရာသီပတ်လုံး မိမိတို့လုပ်ဆောင်ရမည့် လုပ်ငန်းလည်ပတ်မှုအစီအစဉ်ရှိနှင့်နေပြီးသားဖြစ်သည့်အပြင် ကျေးရွာအချင်းချင်းဖြစ်စေ၊ ပအိုဝ်းလူထုအရေးလုပ်ဆောင်ရမည့် လူမှုရေးလုပ်ငန်းများကိုလည်း မပျက်ကွက်ရလေအောင် စွမ်းစွမ်းတမံဖြင့် စီမံခန့်ခွဲပြီး လုပ်ဆောင်နေကြပါသည်။ ထိုသို့ပြောဆိုနိုင်ခြင်းမှာ- ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်မှုများသော ပအိုဝ်းလူမျိုးများအတွက် အခါကြီးရက်ကြီးလည်းဖြစ်ပြီး နှစ်သစ်ကူးလဖြစ်သော မဟာသင်္ကြန်ရက်မြတ်များတွင် ကျေးရွာရှိပအိုဝ်းလူမျိုးသည် မိမိတို့တစ်နှစ်ပတ်လုံး လုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်းများကို ဘေးချိတ်ကာ အခါရက်များမတိုင်မီ ကျေးရွာရှိ ဘုန်းကြီးကျောင်းပုရဝုတ်တစ်ခုလုံး ရှင်းလင်းနေစေရန် ကျေးရွာရှိ တစ်အိမ်တစ်ယောက်မဖြစ်မနေ လုပ်အားပေးနိုင်ရန် ကျေးရွာစရိုက်ဖြင့် လုပ်ကိုင်ကြပါသည်။

တစ်ရွာနှင့်တစ်ရွာအကြားရှိ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရန် လမ်းဘေးဝဲယာရှိ ချုံနွယ်များကိုလည်း ရွာပေါင်းစုက ရှင်းလင်းရပါသည်။ ထို့နောက်အခါကြီးရက်ကြီးများအတွင်းတွင် ကျေးရွာရှိ လူကြီးသူမများကို ခြေသည်းလက်သည်း၊ ဆံပင် အစရှိသော ဝတ်ကြီးဝတ်ငယ်များကို လုပ်ဆောင်ပေးပါသည်။ အခါကြီးရက်ကြီးများအတွင်းလည်း ကျေးရွာတစ်ရွာရှိ ရွာဦးဘုန်းကြီးများကို စုပေါင်းပြီး ငါးပါးသီလနှင့် သံဃာသြဝါဒခံယူခဲ့ကြသည်။ ထို့နောက် မိမိကျေးရွာဝန်းကျင်နှင့်နီးသော ကျေးရွာမှ ဘုန်းကြီးကျောင်းများတွင်လည်း သွားရောက် ကန်တော့ခဲ့ကြပါသည်။

ထိုသို့သွားရောက်ပူဇော်ကန်တော့ကြရာတွင် မဝေးလွန်းသောကျေးရွာသို့ သွားရောက်ရမည်ဆိုပါက ကား၊ ဆိုင်ကယ်များဖြင့် သွားရောက်၍မရပါ။ ထိုသို့သွားလာရခြင်းမှာလည်း ခေတ်စနစ်နှင့် မညီမျှဟု ပြောဆို၍မရပါ။ အဘယ်ကြောင့်ဆိုသော် ကား၊ ဆိုင်ကယ်များဖြင့် သွားရောက်မည်ဆိုပါက ဘုန်းကြီးကျောင်းသို့ရောက်ရှိချိန်တွင်ညီညီညွတ်ညွတ်မရှိသည့်အပြင် မိမိတို့ရိုးရာဓလေ့ဖြစ်သော အိုးစည်ဗုံမောင်းကို တီးခတ်နိုင်ရန် အင်အားမရှိ၍ ဓလေ့ပျက်ကြရခြင်းကြောင့်ဖြစ်သည်။ ထိုသို့ချစ်စရာ ပအိုဝ်းဓလေ့ကို  မိမိတို့ပအိုဝ်းကျေးရွာတွင် ဆက်လက်ထိန်းသိမ်းလျက်ရှိသည်။ ထိုသို့သွားရောက် ကန်တော့သည့်ရက်များကို လူစည်ကားစေရန်အတွက်သော်လည်းကောင်း၊ စည်းလုံးမှုအင်းအားကို ပေါ်လွင်စေရန်အတွက် သော်လည်းကောင်း အနည်းဆုံး တစ်အိမ်တစ်ယောက်မဖြစ်မနေ တက်ရောက်နိုင်ရမည်ဖြစ်သည်။

ထိုနည်းတူပင် အခြားသောရာသီများ၌ လုပ်ဆောင်ရသော အများစုပေါင်းလူမှုရေးလုပ်ငန်းများလည်း အထက်ပါအတိုင်း လုပ်ဆောင်ကြရပါသည်။ ထိုသို့ ပြုလုပ်နိုင်ရန် ကျေးရွာရှိ ရွာသူကြီးများနှင့် ကျေးရွာလူများအားလုံးဦးထိပ်ထားသော ရွာရှိ ဘုန်းတော်ကြီးများက ဦးဆောင်ပြီး ပြောကြားရပါသည်။ ထိုသို့ပြောဆိုဦးဆောင်မှုကို လိုက်နာမှုမရှိလျှင် မိမိကသာနောက်ကျန်ခဲ့မည်ဖြစ်သောကြောင့် မိမိ အသိစိတ်နှင့်သာနာခံကြပါသည်။ ရှေးလူကြီးများ၏ စကားတစ်ခွန်းအတိုင်း “မင်းဖြစ်ချင်ရင် ရှမ်းလူမျိုးဖြစ်ပါ၊ ဘုန်းကြီးဝတ်ချင်ရင် ပအိုဝ်းဘုန်းကြီးလုပ်ပါ” ဆိုသည်အတိုင်း မိမိတို့ပအိုဝ်းလူမျိုးသည် ဘုန်းကြီးများ၏ ဆိုဆုံးမမှုများကို နာခံတတ်ကြသည်။ ထိုဓလေ့များကို ဘုန်းကြီးများ လူမှုရေး ဝင်ရောက်ရောယှက်သည်မဟုတ်ဘဲ ဆရာတကာစည်းလုံးညီညွတ်သော ဓလေ့နှင့် ကြီးသူစကားကို မြေဝယ်မကျနာခံတတ်သော ချစ်စရာဘာသာရေးဓလေ့တစ်ခုပင်ဖြစ်နေပေသည်။

ထိုနည်းတူပင် ကျေးရွာရှိ လူသူများအားလုံး မည်သူတစ်ဦးတစ်ယောက်က အိမ်သစ်တည်ဆောက်ခြင်းကိစ္စ၊ ရေတွင်းတူးဖော်တည်ဆောက်ခြင်း၊ သက်ကယ်မိုးခြင်း ၊သာရေးနာရေးဆောင်ရွက်ခြင်းစသော ကိစ္စအဝဝကို ကျေးရွာရှိလူများက ဝိုင်းဝန်းကူညီရပါသည်။ အိမ်သစ်ဆောက်တည်ရာတွင်လည်း လိုအပ်သော ဝါးထရံများ၊ ဝါးလုံးများကို ကျေးရွာရှိ ရွာသားများက ဝါးရှိသောသူများက အလကားပေးလှူရပါသည်။ (အလုံအလောက်မဟုတ်ပါလျှက် အနည်းငယ်သာ ထပ်ဝယ်ယူရမည်) ထိုသို့ အိမ်သစ်တည်ဆောက်ရာတွင် ဝိုင်းဝန်းလုပ်ဆောင်ကြ၍ ရက်သတ္တပတ်အတွင်း ပြီးမြောက်စေပါသည်။ ထိုသို့အကြောင်းအရာများကို ကြည့်ခြင်းအားဖြင့် တို့တောရွာများတွင် စည်းလုံးညီညွတ်အင်းအား ကောင်းမွန်နေသေးသည်ကို တွေ့ရပါသည်။

အထက်က ပြောဆိုရေးသားထားသော အကြောင်းအရာအတိုင်း တောရွာနေပအိုဝ်းလူမျိုးများသည် ယနေ့ဒီမိုကရေစီခေတ် ပြောင်းလဲရမည်ဟု ဖော်ဆောင်နေကြသော နိုင်ငံရေးအလှည့်အပြောင်းကြောင့် ထိုသို့ချစ်စရာဓလေ့များကို မိမိစာရေးသူအနေဖြင့် လိုက်လံမပြောင်းလဲစေချင်သည်မှာ အမှန်ပင်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့စည်းလုံးညီညွတ်နေသေးသော မိမိတို့တောရွာပအိုဝ်းဓလေ့များကို ခေတ်နှင့်အမှီလိုက်ရပါမည်ဟူသော ယနေ့ခေတ်လူတစ်ချို့၏ အယူအဆလွှဲများကြောင့် မိမိတို့ဓလေ့ပျောက်ပျက်စေသည်သာမက စည်းလုံးညီညွတ်မှုပျက်ပြားစေသည်ဟု ယူဆမိပါသည်။

အဘယ်ကြောင့် ဤသို့ပြောဆိုရခြင်းမှာ “ ဒီမိုကရေစီခေတ်ရောက်ပြီ ငါတို့မှမလိုက်ရင်ကျန်ခဲ့မှာပေါ့ သူများတွေတောင် ဒီလောက်ပြောင်းလဲနေပြီ ငါတို့က ဘာလို့ထိန်းသိမ်းရမလဲ” ဟူသော လူမှုရေး ဝတ္တရားနည်းပါးသော ခေတ်ပေါ်စကားသံများကို တောသူတစ်ဦး မြို့ပေါ်ရောက်နေသော မိမိနားနှင့် ပင်ကြားနေရသောကြောင့် ရိုးသားသူ တောသူတောင်သားဖြစ်သော ကျွန်ုပ်တို့ပအိုဝ်းလူများကို ခေတ်ရေစီးကြောင်းနှင့်အညီ ရိုးရာထုံးစံဖြစ်သော လူမှုရေးပြဿနာအချင်းချင်း ကူညီရိုင်းပင်းပေးခြင်း၊ သာသာနာအကျိုးကို တတ်နိုင်သောဘက်မှ စည်းလုံးညီညွတ်မှုဖြင့် ထမ်းဆောင်ခြင်း၊ စသောချစ်စရာဓလေ့များနည်းပါးသော ပြောင်းလဲမှုများကိုရှောင်ရှားပြီး  မိမိတို့ရိုးသားသော ပအိုဝ်းတောသူတောင်သားများ ဆက်လက်ပြီးချစ်စရာဓလေ့ကိုသာ ထမ်းဆောင်နိုင်ကြပါစေကြောင်း ဤဆောင်းပါးဖြင့် ထိန်းသိမ်းစေချင်ပါသည်။

နန်းဆောင်းလေပြေ (အွံအား)
Powered by Blogger.