တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇွန်လ (၁) ရက်
ယနေ့ကမ္ဘာပေါ်ရှိ မည်သည့်သတ္တဝါ၊ လူ၊ တိရိတ္ဆန်မဆို မွေးဖွားလာပြီဆိုလျှင် ပြန်သေမည်မှာဧကန် ပင်ဖြစ်သည်။ မသေခင်မှာ အကောင်းဆုံးနေသွားကြမယ်။ စိတ်အချမ်းသာဆုံးဖြစ်အောင်နေမယ်။ အဲ့လိုနေနိုင်အောင် ကောင်းတာတွေလုပ်မယ်။ လုပ်သင့်တာတွေလုပ်မယ်။ မလုပ်သင့်တာတွေမလုပ်ဘူး။ စိတ်ထား ကောင်းတဲ့သူ၊ အသိဥာဏ်ရှိတဲ့သူ၊ အမျိုးမျိုးတတ်ကျွမ်းနားလည်တဲ့သူဖြစ်အောင် ကြိုးစားမယ်။ သေမှာကို ကြောက်ပြီး ဘာမှမလုပ်ချင်မကိုင်ချင်ဖြစ်ပြီး စိတ်ဓာတ်ကျနေလို့ ဘာမှမထူးဘူး။ သေတဲ့အခါမှာ၊ သေခါနီးမှာ တည်တည်ငြိမ်ငြိမ်သေနိုင်အောင် ကြိုတင်ပြီး စိတ်ကိုရင့်ကျက်အောင် လေ့ကျင့်ထားရမယ်။ ကြောက်ပြီး၊ အားငယ်ပြီးသေရတာ dignity မရှိဘူး။ dignity ရှိရှိ သေခြင်းတရားကို ဘယ်သူမှ ရှောင်လွဲလို့မရဘူး။ တနေ့သေသွားရမှာပါ။ အခုကြုံတွေ့နေရတဲ့ ကိစ္စတွေဟာ တွေ့ရတုံး ကြုံရတုံးမှာတော့ တခါတလေ တော်တော်ခံရခက်ပါတယ်။ စိတ်ဆင်းရဲရတယ်။ ဒါပေမဲ့ မှန်းပြီးတော့တွေးကြည့်၊ ငါသေသွားပြီ၊ ဟိုးဘဝတောင် ရောက်သွားပြီဆိုပါတော့။ ပြန်လှည့်ကြည့်လိုက်မယ်ဆိုရင် ဖြစ်ခဲ့တဲ့ကိစ္စတွေက ဘာအဓိပ္ပာယ်ရှိသလဲ။
အမေရိကန်မှာ ပြောလေ့စကားတစ်ခွန်းရှိတယ်၊ Eat, sleep and be merry, for, tomorrow you die. “မနက်ဖြန် သေချင်သေမယ်၊ အဲ့ဒီတော့ ဒီကနေ့ကောင်းကောင်းစား၊ ကောင်းကောင်းအိပ်၊ ကောင်းကောင်းပျော်။” လူတွေက သေရင်ပြီးပြီလို့ထင်ကြတာ။ သေရင်တကယ်ဘဲ ပြီးပြီဆိုရင်တော့ ဟုတ်တာပေါ့။ သို့သော် သေရင်မပြီးသေးဘူး။ ပြီးတော့ စားသောက်ပျော်ပါးဆိုတာလောက်နဲ့ ဘဝရဲ့အနှစ်သာရက ပြည့်စုံပြီလား၊ တကယ်လေးနက်ပြီလား မလေးနက်နိုင်သေးပါဘူး။ အသိဥာဏ်ရင့်ကျက်တဲ့လူဆိုရင် နောက်ဘဝ ကိုရှိတယ်မရှိဘူးမသိရင်တောင်၊ မယုံရင်တောင်မှ ပိုပြီးတော့အဓိပ္ပာယ်ရှိအောင်၊ လေးနက်အောင်နေမှာဘဲ။
ဘဝကို နောက်ဆုံးအချိန်အထိ အဓိပ္ပာယ်ရှိရှိ တန်ဖိုးရှိရှိ ဘယ်လိုနေရမယ်ဆိုတာ သိဖို့လိုပါတယ်။ အဲ့ဒီလိုမသိလို့ရှိရင် အသက်ကြီးသွားတဲ့အခါ ကြာလေ အသုံးမကျလေ ဖြစ်လာတယ်။ တော်တော်အားငယ်စရာ၊ တော်တော်စိတ်ညစ်စရာကောင်းတယ်။ စွန့်စားတဲ့သူ အားထုတ်တဲ့သူရဲ့ဘဝဟာ ရေရှည်မှာ သက်သာပါတယ်။ သေခါနီးမှာလည်း “ငါလုပ်ချင်တာတွေကို အမျိုးမျိုးလုပ်ခဲ့ရပြီး၊ ငါ့အရည်အချင်းတွေကို အများကြီး၊ သုံးခဲ့ပြီး၊ ငါဘယ်လိုလူလဲဆိုတာ ငါကောင်းကောင်းသိပြီး၊ ငါ့ဘဝကိုငါ ကျေကျေနပ်နပ်နေခဲ့ရပြီး၊ သေပျော်ပါတယ်”လို့ တွေးမိပြီး ကျေနပ်နေလိမ့်မယ်။ သေမှာကို မကြောက်တဲ့စိတ်နဲ့သေမယ်။ ဘယ်ဟာအရေးကြီးဆုံးလဲဆိုတာသိဖို့ အင်မတန်လိုပါတယ်။ အရေးမကြီးတာတွေက အရေးကြီးသယောင်ယောင်နဲ့ ကိုယ့်ဘဝထဲက အချိန်တွေအကုန်လုံးကိုယူသွားနေတာ၊ အချိန်ကမကျန်တော့ဘူး။ တကယ်အရေးကြီး အလုပ်ကို လုပ်ဖြစ်ဖို့အချိန်သိပ်နည်းနေတယ်။ နောက်ဆုံးသေခါနီးမှာ ကိုယ့်ဘဝကိုယ် နောက်ကြောင်းပြန်ပြီးတော့ စာရင်းရှင်းချုပ်လိုက်မယ်ဆိုပါတော့။ ငါဘာတွေလုပ်ခဲ့သလဲ၊ ဘယ်သူ့အတွက်လုပ်ခဲ့သလဲ။ ငါလုပ်ခဲ့သမျှအရာအားလုံးဟာ သူများဖို့ပဲ။ သူများအထင်ကြီးဖို့ ငါ့ဘဝကိုငါနေပေးခဲ့တာ။ ငါတကယ်လုပ်ချင်တဲ့ အလုပ်ကို မလုပ်ရသေးဘူး။ သူများထက်သာဖို့ ကြိုးစားနေရတာနဲ့ပဲ ငါ့ဘဝကိုငါ အဓိပ္ပာယ်ရှိရှိ မနေခဲ့ရဘူး။ နှမျှောလိုက်တာလို့တွေးမိရင် သိပ်နောက်ကျသွားပြီ။
စာမေးပွဲမှာ ကိုယ်တကယ်တတ်တာကို ဖြေဖို့ထက် အမှတ်ရဖို့ကို အဓိကထားတော့ ခိုးဖြေတာတွေ ဖြစ်လာသလို အပြင်လောကမှာလည်း လူအထင်ကြီးခံရဖို့ကို အဓိကထားရင် ဟန်လုပ်ပြီးနေပြရမယ်။ အဲဒါ ဘဝစာမေးပွဲ ခိုးဖြေတာဘဲ။ သေခါနီးမှာ ငါ့ကိုအထင်ကြီးခဲ့တဲ့သူတွေ ဘယ်မှာလဲလို့မေးရရင် ဘယ်လို အဖြေထွက်မလဲ။ စစ်မှန်တဲ့ဘဝ၊ မှန်ကန်တဲ့ဘဝ၊ အတုယောင်မဟုတ်တဲ့ဘဝကို နေသွားဖို့နဲ့၊ သေတဲ့အခါမှာလည်း ဘာမှဟန်လုပ်တာ၊ ဖုံးကွယ်တာမရှိ၊ အမှန်အတိုင်း၊ အရှိအတိုင်းသိပြီး သေဖို့က တကယ်ခက်ခဲနက်နဲတဲ့ ဘဝပေးတာဝန်ဖြစ်ပါတယ်။
သေမယ်လို့ မထင်တဲ့သူတွေ အမြဲတမ်း အတူတူနေရတဲ့ သေမယ်လို့ မထင်တဲ့သူတွေ၊ အမြဲတမ်း တူတူနေရတဲ့သူတွေဟာ အတူတူနေရတဲ့အချိန်တွေကို လက်ဆောင်ကောင်းတစ်ခုလို တန်ဖိုးမထားကြဘူး။ ပစ္စည်းဥစ္စာဘယ်လောက်ရှိရှိ၊ ဘွဲ့ရာထူးဘယ်လောက်ရှိရှိ၊ ကိုယ့်ကိုယ်ကို လေးစားမှုမရှိတဲ့လူဟာ အောင်မြင်တဲ့လူလို့မဆိုနိုင်ဘူး။ ပစ္စည်းဥစ္စာတွေ လူအထင်ကြီးမှုတွေထက် အများကြီးမြင့်မြတ်တဲ့ အသိဥာဏ်တွေ ရနိုင်လျက်နဲ့ ရအောင်မလုပ်ရင် အားလုံးထားခဲ့ပြီး သေရတော့မယ့်အချိန်မှာ ကိုယ့်ဘဝနဲ့ပတ်သက်ပြီး ဘာကိုကျေနပ်နိုင်မလဲ။ သေမှာကို လေးလေးနက်နက်သိတဲ့သူဟာ ပေါ့ပေါ့တန်တန်မနေဘူး၊ အချိန်မဖြုန်းဘူး။ တကယ်လုပ်ရကျိုးနပ်တာကိုလုပ်မယ်။ သေခြင်းတရားကို နက်နက်နဲနဲသိတဲ့သူဟာ ဘဝကိုတန်ဖိုး ရှိရှိနေတယ်။
ပြင်ပအဖော်ဆိုတာ ကိုယ်နဲ့အတူတူ အမြဲတမ်းမပါနိုင်ဘူး။ အပေါ်ယံအဖော်ပဲဖြစ်မယ်၊ ခဏအဖော်ပဲဖြစ်မယ်။ အဆိုးဆုံးအခြေအနေကို ပြောရမယ်ဆိုရင် သေခါနီးအချိန်ရောက်ပြီ ဆိုပါတော့။ ပါးစပ်ကလည်း ဘာမှမပြောနိုင်တော့ဘူး။ နားကလည်း မကြားရတော့ဘူး။ ခန္ဓာကိုယ် ထိတွေ့မှုကလည်းပဲ ကောင်းကောင်း မသိတော့ဘူး။ ထုံကုန်ပြီဆိုပါတော့၊ စိတ်ကတော့ သိနေသေးတယ်။ အားငယ်တတ်၊ ကြောတ်တတ်တဲ့ သူဆိုရင် ဒီလိုအချိန်မှာ သူ့စိတ်ထဲဘယ်လိုနေမလဲ။ တော်တော်ကိုအားငယ်နေလိမ့်မယ်။ တော်တော်ကို ကြောက်နေလိမ့်မယ်နော်။ ကိုယ့်စိတ်ကိုသိသူ၊ တရားကိုအားထုတ်ပြီး နေတဲ့သူဆိုရင် အဲ့ဒီအချိန်မှာ အဖော်မရှိပါဘူး။ နောက်ဆုံးအချိန်မှာ ကိုယ့်စိတ်ကိုယ် သိနေကျလူဆိုရင်တော့ အဲဒီသိနေတဲ့ ကိုယ့်ရဲ့ဘာဝနာလေးက ကိုယ့်ရဲ့တကယ့်အဖော်ဖြစ်လိမ့်မယ်နော်။ တကယ်တော့ ဘဝသံသရာခရီးကို တကိုယ်တည်းသွား နေရတာပါ။ အဖော်မရှိပါဘူး။ ခဏဆုံမိကြတာပါ။ ဒီဘဝမှာခဏလာဆုံပြီးတော့ ပြီးရင်လမ်းခွဲပြီး ကိုယ့်ခရီးကိုယ် ဆက်သွားကြရအုံးမှာပါ။ သံသရာတစ်လျှောက်လုံးလိုက်ပြီး အဖော်လုပ်ပေးမဲ့သူမရှိပါဘူး။
လူတွေကတော့ ကိုယ့်ဘဝကို ကိုယ့်အတွက် ကိုယ်နေတယ်လို့ထင်ကြတယ်။ အတ္တစွဲကြီးကြီးနဲ့ ဒီလိုပဲတွေးကြမှာဘဲ။ ဘယ်လိုဘဲအတ္တစွဲကြီးကြီးနဲ့ တွေးတွေး လူတွေဟာကိုယ့်ဘဝကို ကိုယ်အတွက် ကိုယ်နေတာ မဟုတ်ပါဘူး။ သူများအတွက် နေပေးနေတာပါ။ ဆိုလိုတဲ့အဓိပ္ပာယ်က သူများအထင်ကြီးအောင်၊ ကျေနပ်အောင်နေကြတာပါ။ ငါဟာအသိဥာဏ်ရှာဖို့အတွက် ဘယ်လောက်အချိန်ပေးခဲ့လဲ။ အလေးနက်ဆုံး အသိဥာဏ်က ဘဝနဲ့ပတ်သက်တဲ့ အသိဥာဏ်ပဲ။ အဲဒီဘဝ နဲ့ပတ်သက်တဲ့ အသိဥာဏ်ရဖို့ကိုတော့ သိပ်အချိန်မပေးနိုင်ကြဘူး။ ဒီလိုပဲနေသွားရင် သေခါနီးတဲ့အခါမှာ ငါတသက်လုံး အပေါ်ယံလေးရှပ်ပြီးနေခဲ့တာဆိုပြီး ယူကျူံးမရဖြစ်ရလိမ့်မယ်။
သာမာန်လူတွေကတော့ ရုပ်ပိုင်းဆန်တဲ့ဓါးကို လက်နက်အဖြစ်သုံးမယ်။ သေနတ်ကို လက်နက်အဖြစ်နဲ့သုံးမယ်။ အသိဥာဏ်ရင့်ကျက်တဲ့သူအနေနဲ့ကတော့ အတ္တမရှိခြင်းကိုဘဲ လက်နက်အဖြစ်နဲ့သုံးတယ်။ ဘယ်လိုလောကဓံတရားနဲ့ တွေ့တွေ့ ကိုယ်ကအတ္တအခဲရှိနေရင် ဧကန်မုချရှုံးမှာပဲ။ အတ္တလက်နက်က အရှုံးလက်နက်ပဲ။ ဘယ်တော့မှ နိုင်တဲ့လက်နက်မဟုတ်ဘူး။ အနတ္တကို တကယ်နှလုံးသွင်းနိုင်ပြီဆိုရင် သေခြင်းတရားကိုတောင်မှ နိုင်သွားတာပဲ။ အတ္တစွဲကြီးကြီးနဲ့ ကြောက်လန့်ပြီးတော့၊ အားငယ်ပြီိးသေသွားမယ်ဆိုရင် အရှုံးနဲ့သေသွားတာပါပဲ။ အနတ္တကိုရှုမှတ်ရင်း ရှုမှတ်ရင်းနဲ့ သိသိပြီးတော့ သေသွားမယ်ဆိုရင် သေခြင်းတရားကို အနိုင်ရပြီး သေသွားတာပဲ။
ကွန်ပျူတာကျွမ်းကျင်သူတွေ၊ သိပ္ပံပညာကျွမ်းကျင်သူ၊ နက္ခတ်ကျွမ်းကျင်သူ၊ စီးပွားရေးကျွမ်းကျင် သူတွေအများကြီးရှိပါတယ်။ ဘဝကို နောက်ဆုံးစက္ကန့်အထိ ဘယ်လိုနေသွားမလဲဆိုတာကို တကယ်ပိုင်ပိုင်နိုင်နိုင်သိတဲ့ တကယ်ကျွမ်းကျင်သူဖြစ်ပြီလား၊ စဉ်းစားကြည့်စမ်းပါ။ အဲဒါကပိုအရေးကြီးပါတယ်။ အသက်ဘယ်လောက်ရှည်ရှည် နေရနေရ သေခါနီးနောက်ဆုံးစက္ကန့်အထိသတိနဲ့နေမယ်၊ ခန္ဓာမှာဖြစ်နေတာ၊ စိတ်မှာဖြစ်နေတာကို သိပြီးနေမယ်။ အနတ္တတရားတွေ မမြဲဘူးဆိုတာကို ဥာဏ်နဲ့သိပြီးနေမယ်။ အဲဒီလို သိနေရင်း မြင်နေရင်းပဲ သေမယ်လို့ ရည်ရွယ်ချက်ထားသင့်တယ်။ ကြောက်ပြီး၊ အားငယ်ပြီးတော့ သေရတာ မကောင်းဘူး။
စိတ်အေးချမ်းနေတဲ့ဘဝ ပြည့်စုံနေတဲ့ဘဝဖြစ်တယ်။ အဲဒီလိုဘဲ နေချင်တယ်၊ အဲဒီလိုဘဲ သေချင်တယ်။ တရားသတိ ရှိနေတဲ့လူအဖို့၊ တရားကြောင့်ရတဲ့ အသိဥာဏ်၊ တရားကြောင့်ဖြစ်လာတဲ့ ရလာတဲ့ အေးချမ်းမှုနဲ့ သက်သောင့်သက်သာလေး ဖြစ်ပြီးတော့ စိတ်ကလေးအေးချမ်းနေတာလေး ရှိနေတဲ့သူအဖို့ သေတဲ့နေ့အထိ ပြည့်စုံနေတယ်။ ချို့တဲ့မနေဘူး။ တရားကို အမြဲနှလုံးသွင်းနေတဲ့သူဟာ သေတော့မှာကို သိနေပေမဲ့ လုပ်သင့်တာကို အေးအေးဆေးဆေး စေ့စေ့စပ်စပ်လုပ်ပြီး နေရသမျှ အချိန်တွေကို တန်ဖိုးရှိရှိ၊ အဓိပ္ပာယ်ရှိရှိ နေသွားတယ်။ အဲဒါအတုယူစရာကောင်းတယ်။ ဒီလိုနေသွားနိုင်တာဟာ ရင့်ကျက်တဲ့ စိတ်ဓာတ်နဲ့ လေးနက်တဲ့အသိဥာဏ်ရှိလို့ပဲ။
အမှတ်တမဲ့တွေးရင်တော့ လူတိုင်း သေခြင်းတရားကို သိတယ်လို့ထင်မယ်။ တကယ်တော့မသိပါဘူး။ တကယ်သိရင် ဒီလိုမနေဘူး။ အဓိပ္ပာယ်မရှိတဲ့ အသေးအမွားကိစ္စတွေနဲ့ တယောက်ကိုတယောက် ရန်သူလိုသဘောထားပြီး မနေဘူး။ အပေါစားအပျော်အပါးတွေနဲ့ အချိန်ကုန်မခံဘူး။ အချိန်နှင့်ဘဝကို ပိုပြီးတော့ တန်ဖိုးထားမယ်။ တကယ်အရေးကြီးတာ၊ တန်းဖိုးရှိတာကို ဦးစားပေးပြီးလုပ်မယ်။ သေခါနီးမှာ သတိကောင်းကောင်းနဲ့ ခန္ဓာမှာဖြစ်တာ၊ စိတ်မှာဖြစ်တာတွေကို ရှုသိပြီးသေရတာ အကောင်းဆုံးဖြစ်ပါတယ်။ အဲဒီလိုသေခါနီးမှာ သတိကောင်းနေဖို့ဆိုတာ မသေခင် နှစ်ပေါင်းများစွာကတည်းက ကြိုတင်လေ့ကျင့်ထားမှဖြစ်နိုင်မယ်။ ဒါကြောင့် အမြဲတမ်းအတတ်နိုင်ဆုံး သတိကောင်းကောင်းနဲ့ ကြည်ကြည်လင်လင် သိနေနိုင်အောင် ကိုယ့်စိတ်ကိုကိုယ် သိနေတဲ့အကျင့်ကို လုပ်ထားရမယ်။ ဒါဟာ မသေခင်မှာအကောင်းဆုံးနေနည်းဖြစ်ပြီး သေခါနီးမှာ အကောင်းဆုံးသေနည်းဖြစ်ပါတယ်။
သေခါနီးမှာ ငါဘယ်သူ့အပေါ်မှ မကျေနပ်မှုမရှိဘူး၊ ဘယ်သူ့ကိုမှ ရန်ငြိုးလည်းမထားဘူး၊ ကလဲ့စားလည်းမချေဘူး။ ငါ့အပေါ်မှာလည်း ဘယ်သူကမှ မုန်းတီးနေတာ၊ ရန်ငြိုးထားနေတာ၊ နာကြည်းနေတာ မရှိဘူးဆိုတာလေးသိသွားရရင် တော်တော်ကောင်းမှာပဲ။ သေခြင်းတရားကို တည်တည်ငြိမ်ငြိမ်ရင်ဆိုင်သွားမှသာ လူ့ဘဝကိုအောင်အောင်မြင်မြင် နေသွားတဲ့သူလို့ဆိုနိုင်တယ်။ နောက်ဆုံးစာမေးပွဲကြီးကို အောင်မှသာ တကယ်တော်တဲ့သူလို့ဆိုနိုင်တယ်။
အနတ္တကိုသိရင်းနဲ့သေရတာ ကောင်းပါတယ်။ အတ္တစွဲနဲ့သေရတာ ဆင်းရဲတယ်။ အမြဲတမ်း အနတ္တကို ဥာဏ်မှာမြင်နေအောင် နှလုံးသွင်းတဲ့အလေ့အကျင့် ရှိနေအောင်ကြိုးစားပါ။ သေခါနီး အနားမှာ မိတ်ဆွေ ကောင်းတွေ ရှိနေစေချင်တယ်။ သေမှာကိုလက်ခံနိုင်တဲ့ မိတ်ဆွေတွေ၊ သေတာနဲပတ်သက်ပြီး စိတ်လှုပ် ရှားမှု၊ ဆင်းရဲမှုမဖြစ်ဘဲ ငြိမ်းချမ်းနေတဲ့သူတွေ ရှိနေစေချင်တယ်။ “ဘာကိုမှ မစွဲနဲ့၊ လွှတ်လိုက်၊ လွှတ်လိုက်” လို့ တစ်ယောက်ယောက်က သတိပေးစေချင်တယ်။ နေ့စဉ်သတိနဲ့နေသွားရင် နောက်ဆုံးသေခါနီးမှာလည်းပဲ ခန္ဓာမှာ သတိလေးကပ်ပြီးတော့ သိသိပြီးတော့ နေသွားရမှာပဲ။ ဝမ်းနည်းခြင်း၊ အားငယ်ခြင်း၊ ကြောက်ခြင်း၊ စွဲလန်းခြင်း၊ တွယ်တာခြင်းမရှိဘဲနဲ့ သတိလေးနဲ့ သိပြီးတော့ပဲ စုတိ(သေခြင်း) စိတ်ကျသွား နိုင်တယ်။ တရားကို ထိထိမိမိ အားထုတ်ထားနိုင်ရင် သေခါနီးမှာတောင် ကပ်ပြီးတော့ တရားထူးရသွားတာ ရှိပါတယ်။
သေသည်အထိ တရားရှုမှတ်တဲ့လူဟာ သေမှန်းတောင်မသိဘူး။ ဟိုဘက်ဘဝရောက်တဲ့အခါ တရားရှုမှတ်လျှက်ပဲ ဖြစ်နေတယ်။ နေ့စဉ် သတိမပြတ်နေပြီး သေခါနီးမှာ သတိနဲ့သေသွားမယ်ဆိုရင် သေတာတောင်သိလိုက်မှာမဟုတ်ဘူး။ သေတယ်ဆိုတာ ဖျတ်ခနဲမိုက်ခနဲ ဖြစ်သွားသလိုပါပဲ။ စုတိ (သေခြင်း)စိတ်ဟာ ဘဝင်စိတ်နဲ့တူတယ်။ ဖျတ်ခနဲ ဘဝင်စိတ်ကျတဲ့သဘောဘဲ။ အဲဒီတော့ တရားရှုမှတ်ရင်း သေတဲ့လူဟာ တဆက်တည်း ရှုမှတ်လျှက်သားကြီး ဟိုဘက်ထိအောင်ပါသွားတာပဲ။ ဒီလိုရှုမှတ်ရင်း သေတဲ့လူဟာ မကောင်းတဲ့လားရာဂတိ ရောက်သွားနိုင်သလား။ ဘယ်နည်းနဲ့မှ မရောက်နိုင်ပါဘူး။ အင်မတန်ကောင်းတဲ့ သေနည်းပဲ။ ဒီနည်းနဲ့သေသွားရင် သေတဲ့အခါမှာ လောဘ၊ ဒေါသ၊ မောဟ မပါတော့ဘူး။ တိဟိတ် ပဋိသန္ဓေဖြစ်တယ်။ အင်မတန်ဥာဏ်ထက်မြတ်တဲ့ ပဋိသန္ဓေဖြစ်တယ်။ ရောက်သွားတဲ့ဘဝမှာ ဆက်ပြီးတရား အားထုတ်လို့ရှိရင် ပိုပြီးတော့ လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် အသိဥာဏ်ရင့်ကျက်ပြီး တရားထူးရနိုင်တယ်။ အင်မတန်အကျိုးများပါတယ်။
လူတွေဟာ သေခါနီးကျမှ ကပ်ပြီးတော့ သံဝေဂရကြတယ်။ အချိန်နှောင်းသွားပြီ မရတော့ဘူး။ ဒါကြောင့် သေခါနီးမှကပ်ပြီးတော့ သံဝေဂမရကြပါနဲ့။ စောစောစီးစီး သံဝေဂရကြပါ။ ကြိုကြိုတင်တင် လုပ်သင့်တဲ့အလုပ်တွေကို လုပ်ပါ။ လူ့ဘဝကို အသိဥာဏ်ရဖို့ပါ။ ဘဝရဲ့အနှစ်သာရဟာ အသိဥာဏ်ပါ။ စားဝတ်နေရေးဟာ ခန္ဓာဝန်ထမ်းတာပါ။ မလုပ်မဖြစ်ဘူး။ လုပ်ရမယ် ဒါပေမဲ့ လူ့ဘဝရတာဟာ အသိဥာဏ်ရဖို့ပါ။ အဲဒီအသိဥာဏ်ကိုရဖို့ ကြိုးစားကြပါလို့။ ဆန္ဒပြုရင်း နိဂုံးချုပ်တင်ပြလိုက်ရပါသည်။
ကိုးကား - ဆရာတော်ဦးဇောတိက(မဟာမြိုင်တောရ)၏ “တွေးမိတိုင်းပျော်တယ်”
လွန်းလွို (ခမ်းလွယ်လုံ/ပင်လောင်)
Like On Facebook
Follow On Twitter
Subscribe On RSS