Thursday, June 15, 2017

ရင်းနှီးမြုပ်နှံမှုတွင် အကောင်းဆုံးရင်းနှီးမြုပ်နှံမှုမှာ ပညာရေးရင်းနှီးမြုပ်နှံမှုသာ ဖြစ်ကြောင်း ဒေသဦးစီး ဥက္ကဌ ပြောကြား

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇွန်လ (၁၅) ရက်








ဒီကနေ့ ၂၀၁၇ခုနှစ်၊ ဇွန်လ(၁၅)ရက်၊ ကြာသပတေးနေ့၊ တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့၊ ပင်တွန်ကျေးရွာတွင် ကျင်းပပြုလုပ်သော ပင်တွန်အလယ်တန်းကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲနှင့် ပင်တွန်အလယ်တန်းကျောင်း(ခွဲ)အဆင့်မှ ပင်တွန်အလယ်တန်းကျောင်းအဖြစ်သို့ အဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်း ဖွင့်ပွဲ အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဌ ဖြားခွန်စံလွင်က ဤသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒေသဦးစီးဥက္ကဌ ဖြားခွန်စံလွင်သည် အဆိုပါ အခမ်းအနားတွင် “ရင်းနှီးမြုပ်နှံမှုထဲမှာ အကောင်းဆုံးရင်းနှီးမြုပ်နှံမှုဟာ ပညာရေးရင်းနှီးမြုပ်နှံမှုသာ ဖြစ်ပါတယ်။ ဘာကြောင့် ဒါတွေ ပြောလည်းဆိုရင် ကျွန်တော်တို့ တောသူတောင်သား အသက် ၄၀ကနေ ၅၀နှစ်အထက် လူတွေဟာ ပညာကို သင်ကြားနိုင်တဲ့ အခွင့်အလမ်း မရှိခဲ့ခြင်းကြောင့် နောင်အနာဂတ်ရဲ့ ခရီးလမ်းတစ်ခုကို လျှောက်လှမ်းတဲ့နေရာမှာ မျိုးဆက်သစ် လူငယ်တွေနဲ့ နိုင်ငံကို တည်ဆောက်ရမှာ ဖြစ်ပါတယ်၊ ဥပမာအနေနဲ့ စကာင်္ပူလိုပေါ့၊ မည်သည့် သယံဇာတမျှမရှိဘဲ လူငယ်တွေရဲ့ အတွေးအခေါ်၊ အယူအဆ ပညာရေးရင်းနှီးမြှပ်နှံမှု၊ သူတို့ရဲ့ ပတ်ဝန်းကျင်ကို အခြေခံပြီး နိုင်ငံကို တည်ဆောက်နေတဲ့ ဥပမာကောင်းတွေ ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ တိုင်းရင်းသားလူမျိုးဒေသရှိ လူငယ်တွေဟာလည်း နောင်လာမယ့် နိုင်ငံတော်စနစ်သစ်တစ်ခုအနေနဲ့ သွားမဲ့ အချိန်မှာ ကျွန်တော်တို့ အနေနဲ့ စိတ်တူ၊ ကိုယ်တူ စိတ်ဝမ်းမကွဲအောင် လိုက်ပါနိုင်အောင် ပြုစုပျိုးထောင်ဖို့ လိုပါတယ်” ဟု အမှာစကားတွင် ပြောကြားခဲ့ပါသည်။ ထို့ပြင် ဒေသဦးစီးဥက္ကဌ ဖြားခွန်စံလွင်သည် မိမိတို့အနေဖြင့် ဖြားတန်စင်ဖါအောင်ခမ်းထီ ဦးဆောင်၍ ၁၉၉၁ခုနှစ်တွင် အစိုးရနှင့် ငြိမ်းချမ်းရေးရယူပြီး ပညာရေးကို နှစ်တို၊ နှစ်လတ်၊ နှစ်ရှည် စီမံကိန်းတို့ဖြင့် ပညာရေးကို ဆောင်ရွက်ခဲ့ကြောင်း၊ ယခုဆိုလျှင် နှစ်ပေါင်း ၂၆နှစ် ရှိခဲ့ပြီး ပညာရေးရင်းနှီးမြုပ်နှံမှုသည် အခြားရင်းနှီးမြုပ်နှံမှုနှင့် မတူဘဲ ဆယ်စုနှစ်တစ်ခုအထိ ရောက်မှသာ အတိုင်းအတာတစ်ခုထိကို ခွဲခြမ်းစိတ်ဖြာ သိရှိနိုင်ကြောင်း၊ ပညာရေးသင်ကြားနိုင်သည့် အခွင့်အလမ်းများ ရှိမှသာလျှင် ဒေသရော၊ ပြည်နယ်ရော၊ နိုင်ငံအတွက်ပါ အကျိုးပြုနိုင်မည် ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် မိမိတို့ရပ်ရွာတွင် ဒေသခံ ဆရာ/မခန့်အပ်နိုင်ရန်အတွက် အစိုးရနှင့် ပူးပေါင်း၍ ဆရာအတတ်သင် ဒီပလိုမာသင်တန်းကျောင်း ဖွင့်လှစ်ဆောင်ရွက်ပေးနေပါကြောင်း၊ ထို့ကြောင့် မိမိတို့ဒေသ ကလေးများ ပညာတတ်များအောင် ကျောင်းသားမိဘနှင့် ဆရာ/မများ ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း တိုက်တွန်းပြောခဲ့ပါသည်။

ထိုအခမ်းအနားတွင် ကျောက်တလုံးကြီးမြို့၊ အုပ်ချုပ်ရေးမှူး ဦးကျော်တင့်က “ပညာရေးဟာဆိုရင် နိုင်ငံတော်ရဲ့ အဓိကအခန်းကဏ္ဍကနေဖြစ်ပြီး ဒီပညာရေးဟာ နိုင်ငံတော်ရဲ့အုပ်ချုပ်ရး၊ တရားဥပဒေစိုးမိုးရေးကို အထောက်အကူ ပြုနေတာ ဖြစ်ပါတယ်။ ယခုလက်ရှိအချိန်မှာ ဒီမိုကရေစီစနစ်ကို တည်ဆောက်နေတာ ဖြစ်ပါတယ်၊ ဒီမိုကရေစီစနစ်ဆိုတာ အစိုးရနဲ့ပြည်သူပူးပေါင်းသော စနစ်ဖြစ်တယ်၊ ပြည်သူတွေဆိုတာ မိမိတို့နိုင်ငံ ဦးဆောင်မဲ့သူကို မိမိတို့ရွေးရွယ်တင်မြှောက်ရတာပါ။ မိမိတို့ကို ဦးဆောင်မဲ့သူကို မိမိတို့က ရွေးချယ်ရတဲ့အတွက် ဘယ်သူကတော်တယ်၊ ဘယ်သူကကောင်းတယ်ဆိုတာ မိမိတို့ပညာတတ်မှ ရွေးချယ်လို့ ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပညာရေးကဏ္ဍဟာ အင်မတန်အရေးကြီးပါတယ်” ဟု တိုက်တွန်း ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဌဖြားခွန်စံလွင်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခွန်သူရအောင်၊ ပအိုဝ်းအမျိုးသားတပ်မတော် -အသွင်ပြောင်းပြည်သူ့စစ်PNA ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးဖြားခွန်မြင့်အောင်၊ ပြည်နယ်ပညာရေးညွန်ကြားရေးမှူး ကိုယ်စား ဦးစီးအရာရှိ ဦးစိုးတင့်၊ ကျောက်တလုံးကြီးမြို့ အုပ်ချုပ်ရေးမှူး ဦးကျော်တင့်နှင့် ကျောင်းဆရာ/မများ၊ ရပ်မိရပ်ဖများ တက်ရောက်ကြပါသည်။ ပင်တွန်အလယ်တန်း ကျောင်းဆောင်သစ်ကို နိုင်ငံတော်အစိုးရ၏ ၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ်မှ ရရှိသော ရံပုံငွေ(၃၅၁)သိန်းဖြင့် ၂၀၁၆ခုနှစ် သြဂုတ်လ (၁၅)ရက်နေ့တွင် စတင်ဆောင်ရွက်ပြီး ၂၀၁၇ခုနှစ် ဇွန်လတွင် ပြီးစီးခဲ့ကြောင်း သိရှိကြောင်း သိရှိရသည်။

ခွန်ထင်;လေအောင်;
Powered by Blogger.