Sunday, July 9, 2017

လေးမျိုးဆက်ဆံလူ့သဏ္ဍာန်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်


လောကသတ္တ၌ ကောင်းမွန်သောအဖွဲ့အစည်း၊ ကောင်းမွန်သောမြို့ရွာ၊ ကောင်းမွန်သော နိုင်ငံတစ်နိုင်ငံအဖြစ် ကြိုးပမ်းတည်ဆောက်လျက်ရှိရာ မည်သည့်ကြိုးပမ်းမှု တည်ဆောက်မှုဖြစ်စေ အားလုံးကောင်းမှ လိုရာပန်းတိုင်သို့ အမြန်ဆုံးရောက်ရှိမည်ဖြစ်သည်။ အားလုံးကောင်းပြီး အားလုံးဝိုင်းလုပ်ကြလျှင် အားလုံးကောင်းနိုင်သည်။

လူ့လောက၌ ဆက်ဆံရေးနယ်ပယ်တွင် ဆက်ဆံရေးနည်း (၄)မျိုး ရှိ၏။ ကိုယ်ကသူများအပေါ် အရင်ကောင်းအောင် ဆက်ဆံတတ်ခြင်း၊ ကိုယ်ကသူများအပေါ် အရင်ကောင်းအောင် စတင်မဆက်ဆံတတ်ခြင်း၊ အများက မိမိအပေါ်ကောင်းအောင် စတင်ဆက်ဆံခြင်းနှင့် အများက မိမိအပေါ်စတင်ကောင်းအောင် မဆက်ဆံတတ်ခြင်း ဟူ၍ဖြစ်၏။

ကိုယ်ကသူများအပေါ် အရင်ကောင်းအောင် ဆက်ဆံခြင်းနှင့် စတင်ကူညီခြင်းသည်ကောင်း၏။ “ သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ” ဆိုသူများ၊ ကိုယ်ကအရင်ကောင်းအောင် ဆက်ဆံလျှင် သူများက ပြန်၍ကောင်းအောင် ဆက်ဆံဖို့သာရှိ၏။ အကောင်းနှင့်အကောင်းပေါင်းလျှင် အကောင်းဖြစ်မည်။ အကောင်းကမ္ဘာ၊ အကောင်းသံသရာ ဖြစ်လာ၏။

ကိုယ်ကသူများအပေါ် အရင်ကောင်းအောင် မဆက်ဆံနိုင်လျှင် သူများကလည်း ကိုယ့်အပေါ်မကောင်းနိုင်။ သူများအပေါ်ကူညီတတ်သည့်စိတ် ကူညီပေးတတ်သော အလေ့အထမရှိလျှင် သူများကလည်း ကူညီမည်မဟုတ်။ ထို့ကြောင့် သင်မကောင်း၍ ကျွန်ုပ်မကောင်း၊ မကောင်းနှင့်မကောင်းပေါင်းသော် မကောင်းသောအဖြေသာ ထွက်လာပေလိမ့်မည်။ မကောင်းကမ္ဘာ၊ မကောင်းသံသရာ ဖြစ်လာပေမည်။

မိမိအပေါ်စတင်၍ ကောင်းအောင်ဆက်ဆံတတ်သူ၊ ကူညီပေးတတ်သူရှိလျှင် မိမိလည်း ပြန်ကောင်းနိုင်၏။ ကူညီရန်အသင့်ရှိတတ်ကြ၏။ မိမိအပေါ်စတင်၍ကောင်းအောင် မဆက်ဆံတတ်သူလည်းရှိပေမည်။ သူမကောင်း၍ ကိုယ်မကောင်းလျှင် အကောင်းဆိုသည်မှာ ဖြစ်လာနိုင်မည်မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ ဆက်ဆံရေး၏ သဘောအရ အကောင်းပေးဆက်ဆံလျှင် အကောင်း ဖြစ်လာတတ်၏။ အဆိုးသဘောဖြင့် ဆက်ဆံလျှင် အဆိုးဖြစ်လာတတ်၏။ မည်သူ့ကိုမဆို အရင်ဆုံးကိုယ်က အကောင်းဆက်ဆံခြင်းဖြင့် ကောင်းသူများ တိုးပွားလာမည်။ ကောင်းသူများ တိုးပွားလာခြင်းကြောင့် ကောင်းသော လူ့အဖွဲ့အစည်း၊ ကောင်းသောမြို့ရွာ၊ ကောင်းသောနိုင်ငံတော်ကြီး ဖြစ်လာနိုင်သည်။ ကောင်းသော ကမ္ဘာကြီးပင် ဖြစ်လာနိုင်၏။

သို့ဖြစ်ပါ၍ ကောင်းသောလူ့အဖွဲ့အစည်း၊ ကောင်းသောမြို့ရွာတစ်ရွာ၊ ကောင်းသောနိုင်ငံတစ်နိုင်အဖြစ် တည်ဆောက်လိုလျှင် အများ၏ ကောင်းခြင်းကို စောင့်မနေတော့ဘဲ မိမိက အရင်ဆုံး ကောင်းအောင်လုပ်ပြသင့်၏။ ကောင်းစွာကူညီဆက်ဆံသင့်၏။ သို့မှသာ တစ်ဦးတစ်ယောက်မှ တစ်မြို့တစ်ရွာ၊ တစ်မြို့တစ်ရွာမှ နိုင်ငံတစ်နိုင်ငံသို့ ကောင်းခြင်းအဖြာဖြာပြည့်စုံကာ တိုးတက်ကောင်းမွန်မှုများစွာကို ရယူပိုင်ဆိုင်လာနိုင်မည် ဖြစ်ပေလိမ့်မည်။

ခွန်ဗန်ထို(စမ်းဖက်ရွေ)- မြန်မာ့အလင်းမှ ပြန်လည်ကူးယူ ဖော်ပြအပ်သည်။
Powered by Blogger.