Friday, July 28, 2017

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုဌာနချုပ်ရုံး၊ တာဝန်ရှိသူများနှင့် ကယန်းအမျိုးသမီးအဖွဲ့(KYWO) ငြိမ်းချမ်းရေး ဆိုင်ရာအကြောင်း တွေ့ဆုံဆွေးနွေး

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၂၈) ရက်




၂၀၁၇-ခုနှစ်၊ ဇူလိုင်လ(၂၂)ရက်နေ့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ တောင်ထီဗွာကျေးရွာ အုပ်စု၊ စင်ဆင်းကျေးရွာတွင် ကယန်းအမျိုးသမီးအဖွဲ့(KYWO)မှ ဦးဆောင်ပြုလုပ်သည့် အမျိုးသမီးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးပွဲတွင် တက်ရောက်ဆွေးနွေးပေးပါရန် ဖိတ်ကြားချက်အရ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ဗဟိုဌာနချုပ်ရုံးမှ လွှတ်တော်ရေးရာဌာန၊ လေ့ကျင့်ပညာပေးရေးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ရုံး တာဝန်ခံနှင့် ပင်လောင်းမြို့နယ် ပအိုဝ်းလူငယ်ကွန်ယက် (PYN)တို့မှ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

အဆိုပါ ဆွေးနွေးပွဲတွင် အစီအစဉ်အရ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) တာဝန်ရှိသူများမှ ငြိမ်းချမ်းရေးနှင့် သက်ဆိုင်သော အကြောင်းအရာများကို စတင်ဆွေးနွေးရာတွင် လက်ရှိမိမိတို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ ပြည်တွင်းစစ်အခြေအနေ၊ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ငြိမ်းချမ်းရေး ဆောင်ရွက်မှုအခြေအနေ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစု ပင်လုံအခြေအနေများ၊ လက်ရှိ မိမိတို့ဒေသ၏ ငြိမ်းချမ်းရေးဖြစ်စဉ် အခြေအနေ များနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၏ လုပ်ငန်းစဉ်ဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေးခဲ့ပါသည်။

ပြည်တွင်းစစ်အခြေအနေနှင့် စပ်လျဉ်း၍ ဆွေးနွေးရာတွင် မိမိတို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးနောက်ပိုင်း လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာသည့် ပြည်တွင်းစစ်ကြီးသည် ယနေ့တိုင် နှစ်ပေါင်း (၇၀)နီးပါး ကြာမြင့်နေပြီဖြစ်ပါကြောင်း၊ လွတ်လပ်ရေးနှင့်အတူ ပြည်တွင်းစစ်ကြီး ပါလာရခြင်းမှာ ၁၉၄၇ - ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များ ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်ပါ ကတိက၀တ်များ အပြည့်အ၀ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းမရှိခြင်းကြောင်း လည်းကောင်း၊ နိုင်ငံတော် အစိုးရ ခေတ်အဆက်ဆက်တွင်လည်း ဖော်ဆောင်မှုမရှိခဲ့ခြင်းကြောင့်လည်းကောင်း ယနေ့တိုင် ပြည်တွင်းစစ်ချုပ်ငြိမ်း နိုင်ခြင်း မရှိရခြင်းဖြစ်သည်ဟု ခွန်အောင်နိုင်မှ ဆွေးနွေးခဲ့ပါသည်။ ပြည်တွင်းစစ် ဖြစ်ပွားရခြင်းမှာ ပင်လုံစာချုပ် တစ်ခုတည်း မဟုတ်ဘဲ အမျိုးသားအချင်းချင်း မသင့်မြတ်ခြင်း၊ ရန်လိုခြင်း၊ နယ်မြေလုခြင်း၊  စသည့်အကြောင်းအမျိုးမျိုး ကြောင့် ဖြစ်ရသည်ဟု နားလည်ပါကြောင်း ထပ်လောင်းဆွေးနွေးခဲ့ပါသည်။

ပြည်တွင်းစစ် ချုပ်ငြိမ်းနိုင်ခြင်း မရှိသေးသည့်အတွက် ငြိမ်းချမ်းမှုလည်း ရရှိဦးမည်မဟုတ်ပါကြောင်း ထို့ကြောင့် ယနေ့ ဒီမိုကရေစီအစိုးရလက်ထက်တွင် ပြည်တွင်းစစ်ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးရရှိနိုင်ရေးနှင့် စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် နိုင်ငံရေးပြဿနာများကို စစ်ရေးနည်းဖြင့် ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး အစိုးရခေါင်းဆောင်များနှင့် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များ အချင်းချင်း နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လာသည်ကို အားလုံးသိရှိပြီးဖြစ်သည်ဟု မှတ်ယူပါကြောင်း၊ ၂၀၁၁-ခုနှစ်မှ စတင်၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့်အစိုးရမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးဖိတ်ခေါ်ကာ နိုင်ငံရေးဆွေးနွေးပွဲ ကြိမ်ဖန်များစွာပြုလုပ်ပြီး ၂၀၁၅-ခုနှစ်၊ အောက်တိုဘာလ(၁၅)ရက်နေ့ တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း(၈)ဖွဲ့နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါကြောင်း၊ (NCA)အရ ဦးသိန်းစိန်အစိုးရလက်ထက်တွင် ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ခေါ်ယူကျင်းပနိုင်ခဲ့ပါကြောင်း၊ ယနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရဦးဆောင်ပြီး နောက်ပိုင်း ယနေ့ထိ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစု ပင်လုံကို ပထမအစည်းအဝေးနှင့် ဒုတိယ အစည်းအဝေးဟူ၍ (၂)ကြိမ် ခေါ်ယူကျင်းပနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ဆက်လက်ပြီး (၆)လတစ်ကြိမ် ထပ်မံကျင်းပသွား မည်ဟု သိရှိရပါကြောင်း ငြိမ်းချမ်းရေးဆိုင်ရာ အကြောင်းအရာများကို အကျယ်တ၀င့် ဆွေးနွေးခဲ့ပြီး တက်ရောက် လာသူများမှ သိလိုသည်များ မရှင်းသည်များ ပြန်လည်မေးမြန်းဖြေကြားမှုများ ပြုလုပ်ခဲ့ပါသည်။

ဆက်လက်ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုဌာနချုပ်ရုံး၊ လေ့ကျင့်ပညာပေးရေးဌာန ခွန်ရဲအောင်နှင့် မြို့နယ်ရုံးတာဝန်ခံ ခွန်တီးမောင်တို့မှ မိမိတို့ တာဝန်ယူဆောင်ရွက်နေသည့် ရုံးလုပ်ငန်းများကို အကျဉ်းချုပ် ဆွေးနွေးပြီး တက်ရောက်သူများမှ သိလိုသည်များ ပြန်လည်မေးမြန်းဖြေကြားမှုများ ပြုလုပ်ပြီး နောက်နောင်တွင် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(PNO)၊ ကယန်းအမျိုးသမီးအဖွဲ့(KYWO)နှင့် ဆွေးနွေးပွဲတက်ရောက်လာသူများမှ လိုအပ်သည့် သင်တန်း၊ ဆွေးနွေးပွဲ၊ (Work Shop)များကို မိမိတို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)သို့ အကူအညီတောင်းခံနိုင်ပါကြောင်း ပြန်လည်ဆွေးနွေးခဲ့ပါသည်။

ဆက်လက်ပြီး ခွန်အောင်နိုင်မှ လက်ရှိမိမိတို့၏ ဒေသငြိမ်းချမ်းရေးဖြစ်စဉ် အခြေအနေအား ဆွေးနွေးရာတွင် မိမိတို့ဒေသ (တနည်း)ပအိုဝ်းဒေသသည် ၁၉၉၁ - ခုနှစ်မှစ၍ ငြိမ်းချမ်းရေးရယူပြီး နောက်ပိုင်း ယနေ့အချိန်ထိ အခြား ဒေသများနှင့်နှိုင်းယှဉ်ပါက ငြိမ်းချမ်းရေးပိုမိုရရှိပါကြောင်း၊ ထိုသို့ပြောဆိုရခြင်းမှာ မိမိတို့ အဖွဲ့ကိုအထင်ကြီးစေလို၍ ပြောဆိုခြင်း မဟုတ်ပါကြောင်း၊ အမှန်ကို အမှန်တိုင်းပြောဆိုခြင်းသာဖြစ်ပါကြောင်း မိမိတို့ ပအိုဝ်းဒေသငြိမ်းချမ်းရေး မရခင်နှင့် ငြိမ်းချမ်းရေးရယူပြီး အခြေအနေ များစွာကွာပါကြောင်း၊ ငြိမ်းချမ်းရေးရယူပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ခေါင်းဆောင်များနှင့် နိုင်ငံတော်အစိုးရပူးပေါင်းပြီး ပအိုဝ်းဒေသတွင် ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေးကဏ္ဍများကို ဦးစားပေးဆောင်ရွက်ခဲ့ပါကြောင်း၊ အခြားသော ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း နိုင်ငံတော် အစိုးရမှ ရေတို၊ ရေလတ်၊ ရေရှည်နည်းများဖြင့် ၁၉၉၁ မှ ၂၀၁၀ ခုနှစ်ထိ အားကြိုးမာန်တက် ဆောင်ရွက်ခဲ့ပါကြောင်း ဆွေးနွေးခဲ့ပါသည်။ သို့သော် မိမိတို့ ဒေသတစ်ခုတည်းသာ ငြိမ်းချမ်းရေးရရှိရုံ၊ လုံခြုံရုံနှင့် တစ်တိုင်းပြည်လုံး ပြည်သူ တစ်ရပ်လုံး ငြိမ်းချမ်းလုံခြုံနေခြင်း မဟုတ်သေးပါကြောင်း၊ ငြိမ်းချမ်းလုံခြုံမှုရရှိအောင် သက်ဆိုင်သည့် တိုင်းရင်းသား လူမျိုးများအားလုံးတွင် ကိုယ်စီတာဝန်ရှိကြပါကြောင်း ပြည်သူတစ်ရပ်လုံး ငြိမ်းချမ်းစွာ လုပ်ကိုင်စားသောက်နိုင်ရေး အတွက် အတုယူသင့်သည်များရှိပါက အတုယူသင့်ပါကြောင်း ဆွေးနွေးသွားခဲ့ပါသည်။

၂၀၁၀ - ခုနှစ်မှ ယနေ့ထိ နိုင်ငံရေးအကူးအပြောင်းကာလတွင် မိမိတို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) အနေဖြင့် ပါတီတည်ထောင်ပြီး ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရကိုယ်စားလှယ်များမှ မိမိတို့ဒေသတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းများကို လုပ်ထုံးလုပ်နည်း၊ ဥပဒေများနှင့်အညီ တတ်စွမ်းသမျှ ကြိုးစားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဆောင်ရွက်ရာတွင်လည်း လူမျိုးရေး၊ ဘာသာရေး၊ ယဉ်ကျေးမှု စသဖြင့် ခွဲခြားဆက်ဆံခြင်း မရှိပါကြောင်း၊ မိမိတို့ ပအိုဝ်းဒေသအတွင်း အတူနေ အခြားညီအစ်ကိုတိုင်းရင်းသားများအားလုံး တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း နောက်နောင်တွင်လည်း လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ဆွေးနွေးရန် လွှတ်တော်အတွေ့အကြုံများ ပြန်လည်မျှဝေနိုင်ရန် လိုအပ်ပါက မိမိတို့နှင့် ဆက်သွယ်နိုင်ပါကြောင်း ဆွေးနွေးခဲ့ပြီး ကယန်းအမျိုးသမီးအဖွဲ့(KYWO)နှင့် ဆွေးနွေးပွဲတက်ရောက်သူများမှ သိလိုသည်များ အကြံပြုလိုသည်များ အပြန်အလှန်ဖလှယ်ကြပြီး ဆွေးနွေးပွဲကို မွန်းလွဲ(၁၂း၃၀)ချိန်တွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါကြောင်း သတင်းရရှိ ပါသည်။


ခွန်နောင်နောင်
Powered by Blogger.