Saturday, August 12, 2017

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လုပ်ငန်းခွင်အကြို ဆရာအတတ်သင် ဒီပလိုမာအထူးသင်တန်းကျောင်း တွင် မြန်မာ့သိုင်းသင်တန်းအောင်ပွဲကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၁၂) ရက်





ရှေးယခင်နှစ်ပေါင်းများစွာကတည်းကပင် မြန်မာ့သိုင်းကို ဖော်ထုတ်ရန်၊ မြန်မာ့သိုင်း မြန်မာ့ရိုးရာ ကိုယ်ခံပညာ မပျောက်ကွယ်သွားရန်၊ အမျိုးသားအားလုံးကာကွယ်ရန်စသည့်ရွယ်ချက်ဖြင့် ရှမ်းပြည်နယ်မြန်မာ့သိုင်းအဖွဲ့ချုပ်၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန တို့ ပူးပေါင်းဖွင့်လှစ်သော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လုပ်ငန်းခွင်အကြို ဆရာအတတ်သင် ဒီပလိုမာအထူးသင်တန်းကျောင်း ကျောင်းသား/သူများ၏ မြန်မာ့ရိုးရာ အခြေခံ အပိုင်း (၁) သင်တန်းအောင်ပွဲကို သြဂုတ်လ (၁၂) ရက်၊ ညနေခင်း (၃း၃၀) အချိန်တွင် တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေး (ဒဲဉ်သီးဗွေ) ခန်းမ တွင် ကျင်းပကြောင်းသိရသည်။

အဆိုပါ မြန်မာ့သိုင်းသင်တန်းကို ၂၀၁၇ ခုနှစ်၊ ဇူလိုင် (၂၉)ရက်နေ့မှ သြဂုတ်(၁၂)ရက်နေ့ထိ ကျင်းပပြုလုပ် ခဲ့ပါသည်။ သင်တန်းအောင်ပွဲအခမ်းအနားသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဦးစီးအဖွဲ့ လူမှုရေးတာဝန်ခံ ဖြားခွန်မောင်ပယ်၊ ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာ မှ လက်ထောက်ညွှန်ကြားရေးမှုး ဦးတင်မြင့် နှင့် ပအိုဝ်းလူမှုရေးအဖွဲ့အစည်းမှ တာဝန်ရှိသူတို့ တက်ရောက်အားပေးပြီး သင်တန်းသူ/သားများက မြန်မာ့သိုင်းဗျူဟာ တိုက်ကွက်များနှင့် ဖျော်ဖြေပေးခဲ့ပါသည်။

ထိုနောက် သင်တန်းနည်းပြ ဦးစိုင်းမောင်က သင်တန်းသူ/သားများအား သင်တန်းဆင်း ဂုဏ်ပြုမှတ်တမ်းလွှာ များကို ပေးအပ်ပြီး ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ပထမပတ်၊ အိန္ဒိယနိုင်ငံမှ ကျင်းပသော (၅)ကြိမ်မြောက် ဗိုဗိနမ်ကမ္ဘာ့ချန်ပီယံပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု တတိယဆုရရှိခဲ့သော တောင်ကြီးတက္ကသိုလ် အင်္ဂလိပ်စာအထူးပြု ပထမနှစ်ကျောင်းသူ မချစ်နိုဒီဆောင်းက ပြိုင်ပွဲအတွေ့အကြုံ များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး သင်တန်းအတွင်း ထူးချွန်သည့်ကျောင်းသား/သူများနှင့် ပထမ၊ ဒုတိယ၊ တတိယ ရရှိသော ကျောင်းသား/သူများသည်လည်း ဂုဏ်ပြုဆုများပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

 ခွန်ထွန်းကြည်

Powered by Blogger.