Wednesday, August 9, 2017

ဒေသအကျိုးအတွက်ဓလေ့ထုံးတမ်းများအပြင် ဥပဒေများကိုပါသိရှိရန်လိုအပ်လာ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၁၀) ရက်


ရှေ့ယခင်က လူမျိုးအသီးသီးတို့သည် မိမိတို့ဒေသအတွင်းတွင် ဖြစ်ပေါ်လျှက်ရှိသော လူမှုရေး ပြဿနာများနှင့် အငြင်းပွားမှုပြဿနာများကို ၎င်းတို့ဒေသဓလေ့ထုံးစံများနှင့်ကိုက်ညီသည့်ပုံစံဖြင့် ကိုင်တွယ်ဖြေရှင်းကြရာတွင် လွယ်ကူမြန်ဆန်သည်မှာ လူမျိုးတိုင်းလိုလိုယုံကြည်လက်ခံပါသည်။ သို့သော် ဖြစ်ပေါ်ပြောင်းလဲတိုးတက်လာသောခေတ်များနှင့်အညီ လူမျိုးစုအသီးသီးတို့သည် မိမိတို့စားဝတ်နေရေးများအတွက် နိုင်ငံအတွင်းသာမက နိုင်ငံခြားတိုင်းပြည်များတွင်ပါ ရုန်းကန်လှုပ်ရှား လုပ်ကိုင်လာကြရသည့် ဤသို့ဖြင့် အပြန်အလှန်ကူးလူးလာကြသောကြောင့် ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများသည်လည်း ရောစပ်လာသဖြင့် ဓလေ့ထုံးတမ်းများဖြင့် ကိုင်တွယ်ဖြေရှင်းသော ပြဿနာများသည် အခက်အခဲများနှင့် ကြုံတွေ့လာရသည်မှာ အမှန်ပင်ဖြစ်သည်။ ထို့ကြောင့် ဖြစ်ပေါ်လာသောပြဿနာများကို လွယ်ကူချောမွေ့စွာဖြေရှင်းနိုင်ရန် သက်ဆိုင်ရာနိုင်ငံတော်မှ ပြဌာန်းသည့်ဥပဒေများကိုလည်း နားလည်ရပါမည်။

မိမိတို့ပအိုဝ်းလူမျိုးသည်လည်း ရှေ့ယခင်ကမိမိတို့ဓလေ့ထုံးတမ်းများဖြင့် ဒေသတွင်းဖြစ်ပေါ်သော ပြဿနာများကို ဖြေရှင်းခဲ့ကြသော်လည်း ယခုအချိန်ခါတွင် လူဦးရေးများပြားပြီး လူမျိုးပေါင်းစုံနေထိုင်ရာ ဒေသများဖြစ်သောကြောင့် ဓလေ့ထုံးတမ်းများဖြင့် ပြဿနာများဖြေရှင်းခြင်းမှာ အားနည်းလာပြီး နိုင်ငံတော်မှပြဌာန်းထားသောဥပဒေများအတိုင်း လိုက်နာကျင့်သုံးလာသည်ကိုတွေ့ရှိရပါသည်။ အချို့သောဒေသများတွင် ပအိုဝ်းလူမျိုးသာရှိသော်လည်း ဖြစ်ပေါ်လာသောပြဿနာများကို ဓလေ့ထုံးတမ်းများဖြင့် ဖြေရှင်းမှုမပြုလုပ်ဘဲ သက်ဆိုင်ရာဥပဒေများဖြင့် ဆောင်ရွက်လာသည်ကို တွေ့ရှိနေရပါသည်။ အချို့မှာတစ်ပါးသူ၏ လုပ်ဆောင်ချက်သည် ဥပဒေကြောင်းအရလုပ်ဆောင်ထားခြင်းမရှိသောကြောင့် ထိုသူ၏အားနည်းချက်ကို အခွင့်ကောင်းယူပြီး မိမိကိုယ်ကျိုးရှာနေသူလည်းရှိလာသည်ကို တွေ့ရှိနေရပါသည်။

ထို့ကြောင့် လူမျိုးစုံ၊ ဓလေ့မျိုးစုံနှင့် လူဦးရေထူထပ်သော ဒေသသော်လည်းကောင်း၊ ကျေးလက်တောရွာများတွင်သော်လည်းကောင်း နေထိုင်ကြသောပအိုဝ်းလူမျိုးတို့သည် မိမိဒေသနှင့်မိမိတို့၏အခွင့်အရေးများကို ကာကွယ်နိုင်ရန်အတွက် နိုင်ငံတော်မှပြဌာန်းထားသည့်ဥပဒေများကို နားလည်ထားရန် လိုအပ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ယခင်ကပအိုဝ်းဒေသများတွင် မိမိကျေးရွာအတွင်း ဖြစ်ပေါ်လက်ရှိသောပြဿနာများကိုဖြေရှင်းကြရာ၌ များသောအားဖြင့် ကျေးရွာအဆင့်တွင်သာ ပြီးပြတ်မှုရှိကြသည့်အပြင် ဓလေ့စရိုက်များလည်း တူညီနေကြခြင်းကြောင့်ဖြစ်သည်။ ယခုအခါတွင် အချို့ပြစ်မှုဆိုင်ရာ ပြဿနာများသည် ဓလေ့ထုံးတမ်းများနှင့် ဖြေရှင်းရာတွင်အခက်အခဲများရှိနေခြင်း (ဥပမာ-မူးယစ်ဆေးဝါးကိစ္စ၊ လူသတ်မှုကိစ္စ)၊ အချို့သောပုဂ္ဂိုလ်များသည် မိမိ၏ကိုယ်ကျိုးစီးပွားများအတွက် ဓလေ့ထုံးတမ်းများကို တန်ဖိုးမထားတော့ဘဲ နိုင်ငံတော်ဥပဒေတို့နှင့်ဖြေရှင်းလိုကြခြင်းတို့ကြောင့် ဓလေ့ထုံးတမ်းများဖြင့် ကိုင်တွယ်ဖြေရှင်းပေးနေရသောပုဂ္ဂိုလ်များ (ရွာသူကြီးများ၊ ရွာသမာဓိများ သက်ဆိုင်ရာ ဘာသာရေးပုဂ္ဂိုလ်များ)အတွက် အခက်အခဲများဖြစ်စေပါသည်။

ယခုအချိန်အခါတွင် မိမိတို့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ဒီမိုကရေစီခေတ်စနစ်သို့ ကူးပြောင်းလာသည်နှင့်အမျှ အဆက်ဆက်သောအစိုးရတို့သည် တရားဥပဒေစိုးမိုးရေးကို အဓိကလုပ်ဆောင်လာမည်ဖြစ်သကဲ့သို့ မိမိတို့ပအိုဝ်းဒေသအတွင်းတွင်လည်း တရားဥပဒေစိုးမိုးရေးသည် တစ်စတစ်စ၀င်လာမည်ဖြစ်သည်။ ထို့ကြောင့် ကျေးလက်တောရွာများနှင့်မြို့ပြများတွင် နေထိုင်ကြသော မိဘပြည်သူများအားလုံးက နိုင်ငံတော်မှပြဌာန်းထားသော ဥပဒေများသည် မိမိတို့နှင့်တိုက်ရိုက်ဆက်နွယ်နေသော ဥပဒေများဖြစ်သောကြောင့် သိရှိလေ့လာရန်လိုအပ်ပါသည်။ အထူးသဖြင့် ရပ်ရွာဒေသများကို အုပ်ချုပ်စီမံသော ပုဂ္ဂိုလ်များသည် မိမိတို့ဒေသတွင် တိုက်ရိုက်ဆက်နွယ်နိုင်သော ဥပဒေများကို လေ့လာထားမှသာ ဒေသတွင်းပြဿနာများကို ဖြေရှင်းရာတွင် အမှားများကင်းနိုင်မည်ဖြစ်ပြီး မိဘပြည်သူများတို့၏ ယုံကြည်မှုကိုလည်းပိုမိုရရှိနိုင်မည်ဖြစ်သည်။ လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း ပိုမိုအောင်မြင်နိုင်မည်ဖြစ်သည်။

ယခုအချိန်တွင် ဥပဒေများနားလည်မှုနည်းပါသော ပအိုဝ်းကျေးရွာများတွင် ဥပဒေများနားလည်သောသူများက လာရောက်ခြိမ်းခြောက်မှုသည် မကြာခဏကြားသိနေရသည်မှာ သင်ခန်းစာများယူသင့်ပါသည်။ ပအိုဝ်းဒေသကျေးလက်တောရွာတွင် နေထိုင်ကြသော မိဘပြည်သူများသည် မိမိလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ကြသောအခါ ဥပဒေကိုမသိရှိနားမလည်ဘဲ မိရိုးဖလာအတိုင်း လုပ်ဆောင်လာကြသောလုပ်ငန်းများသည် သမာအာဇီဝလုပ်ငန်းများဖြစ်သော်လည်း တစ်ခါတစ်ရံ ဥပဒေများနှင့်ညှိစွန်းလာသောအခါ အဆိုပါလုပ်ငန်းများသည် မိမိအကျိုးကျေးဇူးမခံစားရဘဲ ဆိုးကျိုးများကိုသာခံစားနေရပါသည်။

ကျေးရွာများတွင် ဓလေ့ထုံးတမ်းကို အခိုင်အမာကျင့်သုံးနိုင်ပါသော်လည်း ကျေးရွာတွင်း၊ ဒေသတွင်းများတွင်သာအကျိုးသက်ရောက်နိုင်မည်ဖြစ်ပြီး အခြားသောဒေသတို့တွင် မိမိအကျိုးသော်လည်းကောင်း၊ မိမိကျေးရွာဒေသအတွက်သော်လည်းကောင်း လုပ်ငန်းများဆောင်ရွက်နေရမည်ဖြစ်သဖြင့် ဥပဒေများကိုသိရှိနားလည်မှသာ ကောင်းမွန်သောအကျိုးကျေးဇူးများကို အပြည့်အ၀ခံစားနိုင်မည်ဖြစ်ပါသည်။ ဥပဒေများကိုသိရှိနားလည်ပါက ဓလေ့ထုံးတမ်းများဖြင့် ရပ်ရွာဒေသများကို စီမံဆောင်ရွက်သည့်အခါမှာလည်း ဥပဒေကမည်သို့ပြဌာန်းထားသည်ကိုသိရှိသည့်အတွက် ဥပဒေကိုမချိုးဖောက်စေဘဲ လုပ်ငန်းများကို မည်ကဲသို့အောင်မြင်အောင် စီမံဆောင်ရွက်ရမည်ကိုသိသည့်အပြင် အချိန်တိုအတွင်း လုပ်ငန်းကို ပြီးစီးအောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ ပြဿနာများကို ဖြေရှင်းသည့်အခါတွင် ဥပဒေများသိရှိနားလည်ပါက ဓလေ့ထုံးတမ်းနှင့် ပြဌာန်းဥပဒေများ၏ အကျိုးသက်ရောက်နိုင်မှုများကို နှိုင်းယှဉ်နိုင်ပြီး ပြဿနာဖြေရှင်းရန်အတွက် ရွေးချယ်စရာ နည်းလမ်းများရရှိလာမည်ဖြစ်သည်။

ပြောင်းလည်းလာသောခေတ်များနှင့်အညီ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသည် တရားဥပဒေစိုးမိုးရေးကို အစိုးရအဆက်ဆက်တို့က လုပ်ဆောင်လာကြမည်ဖြစ်သည့်အတွက် မိမိတို့ပအိုဝ်းဒေသများမှာလည်း တရားဥပဒေစိုးမိုးရေးဝင်ရောက်လာမည်ဖြစ်ပါသည်။ ထို့ကြောင့် ပြည်ထောင်စုအတွင်းနေထိုင်ကြသော ပအိုဝ်းလူမျိုးအပါအ၀င်အခြားသောတိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံးသည် မိမိအကျိုး၊ ရပ်ရွာဒေသအကျိုးလုပ်ဆောင်သည့်အခါ မိမိတို့၏ဓလေ့ထုံးတမ်းကောင်းများကိုသိရှိရမည့်အပြင် ဥပဒေများကိုလည်းသိရှိရန် လိုအပ်ကြောင်း ရေးသားဖော်ပြရပါသည်။

ခွန်လာထို(ကောင်ရွဉ်)
Powered by Blogger.