တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၆) ရက်
ကလောမြို့နယ်၊ နန်းတိုင်းကျေးရွာအုပ်စု၊ ဘော်နင်းကုန်းဘုန်းတော်ကြီးကျောင်းတွင် အထူးဒေသ (၆) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ခမ်း၊ နယ်၊ အွိုင် အဖွဲ့က လူထုတွေ့ဆုံပွဲကို စက်တင်ဘာ (၂၆) ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။
ပအိုဝ်းလူမျိုးများသည် မိမိလိုချင်သည့် ပန်းတိုင်ကို ရောက်ရှိရန်အတွက် မိဘပြည်သူများအနေဖြင့် စည်းလုံးညီညွှတ်မှုရှိရန် လိုအပ်ကြောင်း၊ မိမိတို့၏ ဦးဆောင်ဆရာတော်များ၊ ခေါင်းဆောင်စကားများကိုနားထောင်ရန်လိုအပ်ကြောင်း၊ လူမျိုးတိုးတက်ချင်လျှင် ရည်မှန်းချက်၊ ရည်ရွယ်ချက်များထားရှိရန်လိုအပ်ပြီး စာပေ၊ ယဉ်ကျေးမှု၊ ရိုးယာ၊ ဓလေ့ထုံးစံ၊ ဘာသာစကားများမပပျောက်အောင် ဆက်လက်ထိန်းသိမ်းရန်လိုအပ်ကြောင်း၊ ပအိုဝ်းအမျိုးသား အဖွဲချုပ်(PNO)၊ ကလောမြို့နယ်၊ ဒု - ဥက္ကဌ ဖြားခွန်ကျော်သူ က ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး စန္တာခမ်း၊ ဒု- ခမ်းဗွေ ဖြားခွန်ထွန်းတင်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအကြောင်းအရာများ၊ ဒေသအုပ်ချုပ်ရေးအကြောင်းအရာများကို အကျယ်တ၀င့်ရှင်းလင်းပြောကြားခဲ့ပါသည်။ ယခုလိုလူထုတွေ့ဆုံပွဲသည် မိမိတို့အမျိုးသာရေးအတွက် မိဘပြည်သူများဆောင်ရန်၊ ရှောင်ရန်အချက်များကို တာဝန်ရှိပုဂ္ဂိုလ်များက ဟောပြောပေးသွားမည်ဖြစ်ကြောင်း၊ ပြည်သူများ စည်းလုံးညီညွှတ်မှုရှိစေရန် အလွန်ပင်အရေးကြီးကြောင်း ပြောကြားခဲ့ပါသည်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ပြန်ကြားရေးဌာန နန်းမိုးမိုးခိုင် က အမျိုးသမီးရေးရာအခန်းကဏ္ဍများ ဒေသခံအမျိုးသမီးများ သိသင့်သိထိုက်သောအကြောင်းအရာများ၊ ယနေ့ခေတ်အမျိုးသမီးများသည် အမျိုးသားများနှင့် တန်းတူရင်ဘောင်တန်းနိုင်အောင် စသည့်အကြောင်းအရာများပြောကြားပေးခဲ့ပါသည်။
ဆက်လက်ပြီး " ယနေ့ခေတ်စနစ်သည် လူထုအစိုးရလို ပြောလို့ရသလို ကျွန်တော်တို့ အုပ်ချုပ်ရေးအဖွဲ့သည်လည်း ပြည်သူလူထု၏ လိုအပ်ချက်များ၊ ဒေသလိုအပ်ချက်များကို ဖြည်ပေးရသည်မှာ တာဝန်ရှိကြောင်း၊ မျိုးဆက်သစ်လူငယ်များသည် ပညာရေး၊ နိုင်ငံရေး၊ လှုမှုရေး၊ အမျိုးသမီးရေး စသည့်အခန်းကဏ္ဍအသီးသီးတွင် လူတိုင်းနားလည်သဘောပေါက်ရန်လိုအပ်ကြောင်း" ကလောမြို့နယ်၊ နန်းတိုင်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးခွန်ထွန်းရီက ပြောကြားခဲ့ပါသည်။
(PNA) အသွင်ပြောင်းပြည်သူ့စစ် (ဌာနေ) ဒု- ဗိုလ်မှူးကြီးခွန်အောင်သန်းက တော်လှန်ရေးအကြောင်းအရာများ၊ ငြိမ်းချမ်းရေးအကြောင်းအရာများကိုသော်လည်းကောင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုကော်မတီဝင် ခွန်အောင်နိုင်က အထူးဒေသ (၆) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ပေါ်ပေါက်လာပုံ ခမ်း၊ နယ်၊ အွိုင်း ပေါ်ပေါက်လာပုံ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) နိုင်ငံရေးပါတီပေါ်ပေါက်လာပုံ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၏ ဖွဲ့စည်းပုံနှင့် ဌာနတစ်ခုချင်းစီ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံတွင် မိမိတို့လူမျိုးကိုယ်စားပြုတက်ရောက်ခဲ့သည့်အခြေအနေအကျဉ်းချုပ်ကိုသော်လည်းကောင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုကော်မတီဝင် ဖြားခွန်တင်ထွဋ္ဋ်က ရှေ့လုပ်ငန်းစဉ်လုပ်ထုံးလုပ်နည်း အကြောင်းအရာများ၊ မူးယစ်ဆေးဝါးအကြောင်းအရာများကို ရှင်းလင်းရာတွင် မူးယစ်ဆေ၀ါးသည် မိမိတို့လူမျိုးအတွက် သွေးထွက်သံယိုမဖြစ်စေဘဲ လူမျိုးကို မျိုးသုန်းစေမည့်နိုင်ငံရေး လက်နက်တစ်မျိုးဖြစ်ပါကြောင်း၊ ပြည်သူများအနေဖြင့် မကောင်းသောအရာ ၊ ဥပဒေနှင့်မလွှတ်ကင်းသော အရာများကို သိလျက်နှင့်မလုပ်သင့်မသုံးစွဲသင့်ပါကြောင်း အကျယ်တ၀င့် ပြောကြားခဲ့ပါသည်။
အဆိုပါအခမ်းအနားများကို အထူးဒေသ (၆) စန္တာခမ်းမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ (PNO) အသွင်ပြောင်းပြည်သူ့စစ် (ဌာနေ) မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နန်းတိုင်းကျေးရွာအုပ်စု၊ ဒေသခံရပ်မိရပ်ဖ (၆၀၀) ကျော်တက်ရောက်ကြောင်းသိရသည်။
နန်းခမ်းစန္တား
Like On Facebook
Follow On Twitter
Subscribe On RSS