မိမိတို့ဘိုးဘွားဆရာသမားများ၏ တစ်ခေတ်တစ်ခါတုန်းက နိုင်ငံရေးအခြေအနေကြောင့်လည်းကောင်း၊ ခေတ်ကာလအခြေအနေကြောင့်လည်းကောင်း ကျေးရွာတစ်ရွာလျှင် အစိုးရအခြေခံမူလတန်းကျောင်း တစ်ကျောင်းရှိဖို့ မဆိုထားဘိ ကျေးရွာအုပ်စုတစ်အုပ်စုလုံးတွင် အခြေခံမူလတန်းကျောင်း တစ်ကျောင်းရရှိဖို့အတွက် ခက်ခက်ခဲခဲလုံးပန်းကြရလေသည်။ အချို့ဒေသတွင် စာသင်ကျောင်းရှိပြီး ဆရာ/ဆရာမများမရှိ အချို့ဒေသတွင် ကျောင်းသား/သူမရှိ အချို့ဒေသတွင် စာသင်ကျောင်းတက်ဖို့နေနေသာသာ စားရဖို့သောက်ရဖို့အတွက် ထမင်းနှပ်မမှန်သည့် အခြေအနေကို ရင်ဆိုင်နေကြရလေသည်။ ကျေးရွာတစ်ရွာတွင် ဗမာစကားပြောတတ်သည့် ရွာသူရွာသားများ တစ်ဦးတစ်ယောက်ရှိဖို့ ရှားပါးသလို အစိုးရစာသင်ကျောင်းတွင် စာသင်ဖို့ထက် မိမိတို့ကိုယ်ပိုင်တိုင်းရင်းသား စာပေတောင် ဘုန်းတော်ကြီးကျောင်းကို နေဖူးသူမှ သင်ကြားရလေသည်။ ရဟန်းသာမဏေ ဖြစ်ခွင့်မရရှိသည့် တိုင်းရင်းသားအမျိုးသ္မီးများအတွက်တော့ စာပေနှင့်ပတ်သက်လျှင် ဝေးသထက် ဝေးခဲ့ကြလေသည်။ ထိုခေတ်အခါတုန်းက ဗမာစကားပြောတတ်သူနှင့် စာရေးစာဖတ်တတ်သည့်သူများသည် များသောအားဖြင့် ဘုန်းကြီးလူထွက်များနှင့် အတော်အသင့်ငွေကြေးရှိပြီး မြို့ပေါ်တွင် နေထိုင်နိုင်သော သူများသာတွေ့ရှိရလေသည်။
၁၉၉၁-ခု မတိုင်မီကာလ တိုင်းရင်းသားဒေသတော်တော်များများသည် တစ်မြို့နယ်လျှင် လူမျိုးစုတစ်ခုလုံး ဘွဲ့ရသူများ ကားမောင်းတတ်သူများ အခြားဘာသာစကားပြောတတ်သူများ အလွန်ရှားသဖြင့် မိမိတို့အခွင့်အရေးသည်လည်း များစွာဆုံးရှုံးခဲ့ရသည်။
အထက်က ဆယ်ပုံတစ်ပုံ ဖော်ပြခဲ့သည့် ခေတ်ဆိုးစနစ်ဆိုး၏ဒါဏ်ကို ခံစားခဲ့ကြရသော်လည်း ခေတ်ကာလ မည်မျှပင်ပြောင်းလဲစေကာမူ ဒေသခံရွာသူ/သားများသည် ရွာသူကြီးတာဝန်၊ ရွာစောင့်တာဝန်၊ ရွာဆော်သြတာဝန်၊ အမျိုး၊ ဘာသာ၊ သာသနာ တိုးတက်ရေးတာဝန်၊ သမိုင်းပေးတာဝန်တို့ဖြင့် အစဉ်ကိန်းအောင်းလေသည်။ မျိုးချစ်စိတ်ပြင်းထန်ပြီး မိမိတို့လူမျိုး မိမိတို့တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး မိမိတို့ဒေသတည်ငြိမ်အေးချမ်းရေးလုပ်ငန်းများကို သူ့ခေတ်နှင့်သူ့ခါ ကျေပွန်စွာ လုပ်ဆောင်သွားခဲ့လေသည်။ မိမိတို့လူမျိုးနှင့် မျိုးဆက်သစ်လူငယ်များ ရှေ့ရေးကို မြော်တွေးပြီး အသက်ကိုပဓာနမထားပဲ ဘ၀တိုက်ပွဲ လောကဓံတိုက်ပွဲ အမျိုးမျိုးကို ဆင်နွဲခဲ့ကြလေသည်။ ထိုပုဂ္ဂိုလ်ကြီးများ၏ စွမ်းဆောင်ရည်ကို ပညာရှိသည့် သား/သ္မီးများ မျိုးဆက်သစ်လူငယ်များက သမိုင်းမှတ်တမ်းဖြင့်လည်းကောင်း အာဇာနည်ပုဂ္ဂိုလ်များအနေဖြင့်လည်းကောင်း အမျိုးသားခေါင်းဆောင်ကြီးဟူ၍လည်းကောင်း တင်စားခေါ်ဝေါ် ဂုဏ်ပြုကြလေသည်။
မိမိတို့မိဘဘိုးဘွားဆရာသမားများနှင့် ခေါင်းဆောင်ကြီးများ အဆက်ဆက်၏ ကြိုးစားအားထုတ်ပေးခဲ့မှုကြောင့် ယနေ့ခေတ်လူငယ်မောင်မယ်များသည် စာမတတ်သူများ ပပျောက်ရေးအတွက် (အ)သုံးလုံးသင်တန်းလည်းကောင်း ကျောင်းပြင်ပ ပညာရေးလည်းကောင်း စာမသင်မနေရဟူ၍၎င်း လူတိုင်းစာတတ်မြောက်စေရမည်ဟူ၍၎င်း နိုင်ငံတော်အစီအမံဖြင့် အကောင်အထည်ဖော် သင်ကြားကြရလေပြီဖြစ်သည်။ ရှေးလူကြီး၏ ဂုဏ်ကျေးဇူးများ ထိုမျှမကပဲ ကျေးရွာတိုင်းတွင် အစိုးရအခြေခံပညာမူလတန်းကစပြီး အဆင့်မြှင့်ပညာရပ်များ သင်ကြားခွင့် နိုင်ငံတော်အစိုးရ ဌာနဆိုင်ရာတွင် တာဝန်ထမ်းဆောင်ခွင့်များရရှိကြပြီး အချို့လူငယ်များသည် နိုင်ငံရပ်ခြား တိုင်းတစ်ပါးသို့ ပညာသင်ကြားခွင့်များ ရကြလေပြီဖြစ်သည်။
မိမိတို့ဘိုးဘွားဆရာသမားများ၏ ဂုဏ်ကျေးဇူးတို့ကြောင့် ယနေ့ခေတ် မြန်မာနိုင်ငံအရပ်ရပ်တွင် မိမိတို့လူမျိုးများ ထောင်ချီပြီး တက္ကသိုလ်ကျောင်းများတွင် အဆင့်မြှင့်ပညာ သင်ယူနေကြရသည်ကို ခေါင်းဆောင်ကြီးများက ၀မ်းမြောက်နေမည်အမှန်ပင်ဖြစ်သည်။ သို့သော်လည်း ယနေ့ခေတ် အချို့သောလူငယ်များသည် ၀မ်းနည်းဖွယ်လုပ်ရပ်ဖြင့်လည်း တွေ့မြင်ကြရမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် " ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ် ဤငါးသွယ်ကျင့်ဖွယ်သားတို့သာ" ဆိုသည့်အတိုင်း မိဘဘိုးဘွားဆရာသမားများ၏ မျက်နှာကို မထောက်ထား အမျိုး၏ဂုဏ်သိက္ခာကို မထိန်းသိမ်းကြတော့ပဲ ဒေါင်းယောင်ဆောင်ကြသည်ကို မျိုးချစ်ပုဂ္ဂိုလ်ကြီးများက ၀မ်းနည်းကြရသည်။ ဝမ်းစာအရေးပညာရှိသည်နှင့်အမျှ ဥစ္စာဓနaပါများလာသည်နှင့်အမျှ ကိုယ့်အမျိုးကို အထင်သေးအမြင်သေးပြီး မိမိမျိုးနွယ်ကို မစောင့်ထိန်းကြတော့ပဲ မျိုးဖောက်မျိုးပျက်ဘ၀ဖြင့် ဘ၀ကူးနေကြသည့်လူငယ်များကို တွေ့မြင်နေရသည့် ခေါင်းဆောင်များက ၀မ်းမြောက်မည့်အစား အော့နှလုံးနာကျင်ခံစားရမည်ဖြစ်သည်။
အမျိုးသားရေးကို သစ္စာဖောက်သောသူများ၏ သွားရာလမ်းသည် ဘယ်နည်းနှင့်မျှ ပျော်ရွင်မှုမရှိနိုင်သည်ကို သမိုင်းတွင်များစွာရှိခဲ့သည်။ ထို့ကြောင့် ဘွဲ့ရပညာတတ်လူငယ်များအနေဖြင့် စီးပွားရေးတစ်ခုတည်းသာ အာရုံစိုက်မနေပဲ နိုင်ငံရေး၊ လူမှုရေး၊ အမျိုးသားရေးကိစ္စအဝဝကိုလည်း လေ့လာသင်ယူလိုက်စားပြီး သမိုင်းတွင်သော လူငယ်မောင်မယ်များဖြစ်အောင် မိမိတို့တိုင်းပြည်၊ မိမိလူမျိုး၊ မိမိတို့ဒေသ တည်ငြိမ်အေးချမ်းရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသားရေးကို တစ်စိုက်မတ်မတ် လုပ်ဆောင်သွားကြပါဟု တိုက်တွန်းရင်း နိဂုံးချုပ် ရေးသားတင်ပြလိုက်ရပါသည်။
ခွန်အောင်ထွိုက်ဗွေ
Like On Facebook
Follow On Twitter
Subscribe On RSS