Thursday, September 28, 2017

မူးယစ်ဆေးဝါးများသည် ပြည်သူများအတွက် အသံတိတ်လက်နက်များဖြစ်သကဲ့သို့ မကောင်းသောဒုစရိုက်များကို ရှောင်ကြဉ်ရန် လိုအပ်သည်ဟု ဖြားခွန်ကျော်သူ ပြောကြား

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်









စန္တာခမ်း၊ ကလောမြို့နယ်၊ ဘော်နှင်းကျေးရွာအုပ်စု၊ မြက်ဆက်ဘုန်းတော်ကြီးကျောင်း၌ စက်တင်ဘာ (၂၈) ရက်နေ့ ကျင်းပသည့် လူထုတွေ့ဆုံပွဲတွင် မူးယစ်ဆေးဝါးသည် ပြည်သူများအတွက် အသံတိတ်လက်နက်များဖြစ်သကဲ့သို့ မကောင်းသောဒုစရိုက်များကို ရှောင်ကြဉ်ရန် လိုအပ်သည်ဟု ကလောမြို့နယ်၊ ဒု - ဥက္ကဋ္ဌ ဖြားခွန်ကျော်သူက ဤတွင်ပြောကြားခဲ့ပါသည်။

" ယခုပွဲသည် ပအိုဝ်းပွဲမဟုတ်ပါ။ ပြည်ထောင်စုလမ်းမကြီး တောင်ဘက် စန္တာခမ်းနယ်မြေသည် ပအိုဝ်း၊ ရှမ်း၊ တောင်ရိုး၊ ဓနု စသည့်တိုင်းရင်းသားလူမျိုးများ အတူတကွနေထိုင်ကြ၍ ယခုပွဲသည် တိုင်းရင်းသားအားလုံးနဲ့ သက်ဆိုင်ပါသည်။ တိုင်းရင်းသားများအတူတကွနေထိုင်သည့် နယ်မြေဖြစ်သောကြောင်း ခေါင်းဆောင်ဦးဆောင်သည့်အပေါ်တွင် ဒေသပေါ်/တိုင်းရင်းသားလူမျိုးအပေါ်တွင်သာမူတည်ကြောင်း " စန္တာခမ်း ဒု - ခမ်းဗွေ ဖြားခွန်ထွန်းတင် ကပြောကြားခဲ့ပါသည်။

" တိုင်းရင်းသားစည်းလုံးညီညွှတ်မှုကို လိုလားသည့်အတွက် ကလောမြို့နယ်အတွင်း တိုင်းရင်းသားလူမျိုးအရေး ကို လုပ်ဆောင်ပေးသွားခြင်းဖြစ်ပြီး စည်းလုံးညီညွှတ်ရေးကို အသွင်ဖော်ဆောင်သည့်နေရာမှာ တက်တက်ကြွကြွလုပ်ဆောင်ခြင်းဖြစ်သည်။ ယခုနယ်မြေသည် ပအိုဝ်း၊ ဓနု၊ တောင်ရိုး စသည့်တိုင်းရင်းသားလူမျိုးများသည် ရပ်ရွာဒေသတွင် အတူတကွပေါင်းသင်းနေထိုင်သောကြောင်း ဘုန်းတော်ကြီးစကား၊ လူကြီးလူကောင်းစကား၊ ခေါင်းဆောင်/လူငယ်ခေါင်းဆောင်စကားများကို လိုက်နာကျင့်ရန် မိဘ၊ ခေါင်းဆောင်များက မူလစိတ်ဓာတ်၊ အမွေပေးထားခြင်းဖြစ်ကြောင်း၊ တစ်သွေးတစ်သားတည်း စိတ်ဓာတ်နှင့်ညီညီညွှတ်ညွှတ် နေထိုင်ကြရန်လိုအပ်ကြေင်း၊ တစ်ဦးတစ်ယောက်လုပ်ဆောင်ခြင်းထက် တစ်ဖွဲ့လုံးလုပ်ဆောင်ခြင်းသည် ပန်းတိုင်၊ ရည်ရွယ်ချက်များအမြန်ဆုံး အကောင်အထည်ဖော်နိုင်မည် ဖြစ်ကြောင်း၊ ဒေသအခက်အခဲများကိုလည်း ကျော်ဖြတ်နိုင်မည်ဖြစ်ကြောင်း၊ ဒေသစိုက်ပျိုးရေးများသည်လည်း နည်းစနစ်တကျစိုက်ပျိုးရန်လိုအပ်ကြောင်း၊ မူးယစ်ဆေးဝါးသည် ပြည်သူများအတွက် အသံတိတ်လက်နက်များ ဖြစ်သကဲ့သို့ မကောင်းသောအရာများကို ရှောင်ကျဉ်ကြရန်၊ မူးယစ်ဆေးဝါးကြောင်း မျိုးဆက်သစ်လူငယ်များဘ၀ တက်လမ်းပျောက်ကွယ်ခဲ့သည် သာမက မိမိကိုယ်ကိုသေကြောင်းကြံစည်ခဲ့သည့် လူငယ်များသည်လည်း များပြားလာခဲ့ကြောင်း၊ မကောင်းသော အရာများသည် ပြည်သူများအနေဖြင့် အသိတရားများနှင့် နေထိုင်ရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။ " ဘောနင်းကျေးရွာသည် ယခင် အိမ်ခြေ(၄) အိမ်နဲ့စတင်တည်ထောင်ခဲ့လို့ လေးအိမ်ကုန်းရွာဟုလည်းခေါ်ဝေါ်လေ့ရှိခဲ့ပါသည်။ ယခင်ကျေးရွာသည် ဘုန်းကြီးကျောင်းလဲမရှိသလို၊ ကျေးရွာစာသင်ကျောင်းလဲမရှိခဲ့သည့်ရွာတစ်ရွာဖြစ်သည်။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) များအနေဖြင့် ဒေသလိုအပ်ချက်များဖြစ်သော ပညာရေး၊ ကျန်းမာရေး၊ လှုမှုရေး၊ ဖွံ့ဖြိုးရေး၊ တရားဥပဒေစိုမိုးရေး စသည့်အရေးအရာများကို ဒေသခံများနှင့်ပူးပေါင်းပြီး လုပ်ဆောင်ပေးပါ၊ အမြဲတမ်းကူညီစောင့်ရှောက်ပေးပါ ဟု ဒေသခံများကိုယ်စားတောင်းဆိုခဲ့ကြောင်း၊ ယခုဒေသများသည် တိုင်းရင်းသားပေါင်းစုံအတူတကွ နေထိုင်သောကျေးရွာများဖြစ်သောကြောင်း ဒေသနှင့်သက်ဆိုင်သော ဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ လှုမှုရေး စသည့် အရေးအရာများကို တိုင်းရင်းသားများအားလုံးသက်ဆိုင်ကြောင်း" ဘော်နင်းအုပ်စု၊ ဖွံ့ဖြိုးရေးတာဝန်ခံ ဦးညွှန့်အေး က ပြောကြားခဲ့ပါသည်။

(PNA) အသွင်ပြောင်းပြည်သူ့စစ် (ဌာနေ) တွဲဖက်ကွပ်ကွဲရေးမှူး (၁) ဒု - ဗိုလ်မှူးကြီးခွန်အောင်သန်းက ၁၉၉၁ မတိုင်ခင် ပအိုဝ်းအမျိုးသားများ၏ တော်လှန်ရေးအကြောင်းအရာများ၊ ဒေသငြိမ်းချမ်းရေးအကြောင်းအရာများ၊ ငြိမ်းချမ်းရေးမယူခင်နှင့် ငြိမ်းချမ်းရေးယူပြီးနောက်ပိုင်း ပအိုဝ်းလူမျိုးများ၏ နေထိုင်သွားလာမှုအကြောင်းအရာများ၊ တရားဥပဒေစိုးမိုးရေးအကြောင်းအရာများ စသည်ဖြင့် အကျယ်တ၀င့်ရှင်းလင်းပြောကြားခဲ့ပါသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုကော်မတီဝင် ခွန်အောင်နိုင်က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ အကြောင်းအရာများ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၏ ရုံးဖွဲ့စည်းပုံနှင့် ဌာနအသီးသီး၏ လုပ်ငန်းဆောင်ရွက်ချက်များသော်လည်းကောင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုကော်မတီဝင် ဖြားခွန်တင်ထွဋ္ဋ် က ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ဖြစ်ပေါ်လာပုံ၊ အဖွဲ့ချုပ်၏ ရွေးကောက်ပွဲအကြောင်းအရာများ၊ အဖွဲ့ချုပ်၏လွှတ်တော်ကိုယ်စားလှယ်အကြောင်းအရာများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အကြောင်းအရာများ၊ မျိုးဆက်သစ်လူငယ်များ အခွင့်အလမ်းရရှိရေး ရှေ့လုပ်ငန်းစဉ်များ၊ ယာဉ်/လမ်း စည်းကမ်းအကြောင်းအရာများ၊ အသက် (၁၈) နှစ်ပြည့်ပြီးသူတိုင်း အမျိုးသား/သမီး မှတ်ပုံတင်လုပ်ရန်၊ မျိုးဆက်သစ်လူငယ်များ (၈) တန်း၊ (၁၀) တန်း၊ ဘွဲ့ရသည့်လူငယ်များသည် သက်ဆိုင်ရာအစိုးရဌာန အသီးသီးတွင် တာဝန်ထမ်းဆောင်ရန်လိုအပ်ကြောင်း၊ ငြိမ်းချမ်းရေးမယူရသေးသော လက်နက်ကိုင်အဖွဲ့အစည်းများ ၊ NCA လက်မှတ်မထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံတော်အစိုးရနှင့်သော်လည်းကောင်း၊ UPDJC အကြီးအကဲများနှင့်သော်လည်းကောင်း ပွင့်ပွင့်လင်းလင်းအကြေအလည်ဆွေးနွေးညှိနှိုင်းပြီး မိမိတို့ပြည်နယ်၊ မြို့နယ်၊ ဒေသများ ဖွံ့ဖြိုးတိုးတက်အောင်၊ နယ်မြေအေးချမ်းအာင် ၊ တရားဥပဒေစိုးမိုးမှုရှိအောင် ကြိုးစားဆောင်ရွက်သင့်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။ " ဒေသလိုအပ်ချက်များဖြစ်သော ကျန်းမာရေး၊ လှုမှုရေး၊ ပညာရေး စသည့်အရေးများကို အုပ်ချုပ်ရေးမှူးပေါ်တွင် မူတည်ကြောင်း၊ ဒေသလိုအပ်ချက်များ၊ ရပ်ရွာလိုအပ်ချက်များ ရရှိနိုင်ရန်အတွက် အထက်ပါတာဝန်ရှိပုဂ္ဂိုလ်များအဆင့်ဆင့်ထံတင်ပြပေးသွားမည်ဖြစ်ကြောင်း" ဘော်နင်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ခွန်ဘဌေး ကပြောကြားခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲကို ဒေသခံရပ်မိရပ်ဖ (၁၅၀) ကျော်တက်ရောက်ကြောင်းသိရသည်။

နန်းအိနြေ္ဒခမ်း
Powered by Blogger.