တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်
ပအိုဝ်းအမျိုးသားများအနေဖြင့် ကိုယ်လိုချင်သည့် ပန်းတိုင်ကို ကိုယ်တိုင်တည်ဆောက် လုပ်ယူရမည် ဖြစ်ကြောင်းကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၅)ရက်နေ့တွင် ပြုလုပ်သည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ခမ်း၊ နယ်း၊ အွိုင်း အဖွဲ့နှင့် အွိုင်းတခေါ့မွူးဒေသ ပြည်သူများ တွေ့ဆုံပွဲတွင် သူရိယခမ်း၊ ဒု-ခမ်းဗွေ ဒု-ဗိုလ်မှူးကြီး ခွန်ချစ်အိန်က ပြောကြားခဲ့ပါသည်။
ဖြားတန်ကောင်ခယ်ဦးဆောင်သည့် ပဒေသရာဇ်တော်လှန်ရေး၊ ၁၉၆၆-ခုနှစ်တွင် ဗိုလ်ချုပ်စံသိန်း ဦးဆောင်သည့် ဒုတိယတော်လှန်ရေးများဖြင့် ပအိုဝ်းအမျိုးသားနိုင်ငံရေးလုပ်ငန်များကို အစဉ်အဆက် ကြိုးပမ်းဆောင်ရွက်ပြီး ၁၉၇၆-ခုနှစ်တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ကို ဖွဲ့စည်းကာ ယနေ့အချိန်ထိ အမျိုးသားနိုင်ငံရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် လုပ်ဆောင်ခဲ့ကြောင်း စသည့်အကြောင်းအရာများကို အကျယ်တ၀င့် ပြောကြားခဲ့ပါသည်။
ထိုတွေ့ဆုံပွဲတွင် (PNO) ဗဟိုဌာနချုပ်ရုံး၊ နိုင်ငံတကာဆက်ဆံရေးဌာန ဌာနမှူး ခွန်ကြည်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ အစိုးရဌာနဆိုင်ရာရုံးများတွင် ၀န်ထမ်းပေါင်း (၆၀၀၀)ကျော် ရှိသည့်အနက် ပအိုဝ်းအနေဖြင့် ၀င်ရောက်တာဝန်ထမ်းဆောင်မှုမှာ (၂၀၀)ကျော်သာ ရှိကြောင်း၊ ပအိုဝ်းဘွဲ့ရလူငယ်များအနေဖြင့် တိုင်ပြည်တာဝန်ကို ထမ်းဆောင်ဖို့ လိုကြောင်း၊ ထိုသို့တာဝန် ထမ်းဆောင်နိုင်ရန် လိုအပ်သည့် အရည်အသွေးများကိုလည်း ကြိုးစားသင်ယူလေ့ကျင့်ဖို့ လိုအပ်သည့် အကြောင်းပြောကြားခဲ့ပါသည်။
သုတေသနနှင့် နည်ဗျုဟာရေးဆွဲရေးဌာန ဌာနမှူး ခွန်ချစ်တင်က (PNO) ဗဟိုဌာနချုပ်ရုံး ဖွဲ့စည်းပုံနှင့် ဌာနအသီးသီး လုပ်ရှားဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ပအိုဝ်းအမျိုးသားတပ်မတော် (PNA)၊ ခွန်အိုးဗျုဟာ၊ ဒု-ဗျုဟာမှူး ခွန်မြအောင်က အမျိုး၊ ဘာသာ သာသနာနှင့် သက်ဆိုင်သော အမှာစကားများကို ပြောကြားခဲ့ပြီး၊ လွယ်မောတန်ဒေသ ဥက္ကဋ္ဌ ဖြားအောင်သုခမှ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ပါသည်။ တွေ့ဆုံပွဲသို့ တခေါ့မွူးဒေသမှ ဒေသခံ (၄၀၀) ကျော် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
ခွန်ဓဇ
Like On Facebook
Follow On Twitter
Subscribe On RSS