အာဇာနည်ဟူသော စကားလုံးသည် ပါဠိဝေါဟာရ “အာဇာနေယျာ” မှ ဆင်းသက်လာပြီး ယုံကြည် ချက်(သို့) မွန်မြတ်သော အကြောင်းအရာအတွက် အသက်ကိုစွန့်လွှတ်သူဟု အဓိပ္ပါယ်ဖွင့်ဆိုထားသည်။ တစ်နည်းအားဖြင့်ဆိုရလျှင် မိမိကိုယ်ကျိုးအတွက်မကြည့်ဘဲ မိမိလူမျိုး၊ မိမိနိုင်ငံနှင့်အများပြည်သူကောင်းကျိုး အတွက် အသက်ပေးကို ပဓာနမထားဘဲ စွန့်စားစွန့်လွှတ်ရဲသူကို ဆိုလိုသည်။ ထို့ကြောင့် ကျွန်ုပ်တို့အနေဖြင့် ထိုပုဂ္ဂိုလ်ကြီးများကို မဂုဏ်ယူ၊ မချီးကျူးဘဲ မနေနိုင်ပေ။
မြန်မာနိုင်ငံတွင် သဘာဝသယံဇာတမျှပင် ပေါကြွယ်ဝသည်မဟုတ်ဘဲ အာဇာနည်ပုဂ္ဂိုလ်များ၊ သူရဲကောင်းများလည်း ခေတ်အဆက်ဆက်တွင် များစွာပေါ်ထွက်ခဲ့သော နိုင်ငံဖြစ်သည်။ အာဇာနည်ပုဂ္ဂိုလ်များ သည် မွန်မြတ်သောဂုဏ်ကို ဆောင်၏။ ထို့ကြောင့် အာဇာနည်ပုဂ္ဂိုလ်ဖြစ်ရန်မှာ လက်ရုံးရည်ရော နှလုံးရည်ပါ အဓိကကျနေလိမ့်မည်။ မွန်မြတ်သော အကြောင်းအရာအတွက် မဟုတ်ဘဲ ထင်ပေါ်ကျော်ကြားသူများကို သူရဲကောင်း၊ အဏာရှင်၊ စစ်ဘုရင် စသဖြင့် အမျိုးမျိုး ခေါ်တွင်သတ်မှတ်ကြသည်။ အာဇာနည်ပုဂ္ဂိုလ်များသည် အခြားသောပုဂ္ဂိုလ်များနှင့်မတူဘဲ မွန်မြတ်ပြီး စံပြုအပ်အောင်သူများသာ ဖြစ်သည်။ ထိုသို့ စိတ်ထားမွန်မြတ်ပြီး အများပြည်သူအတွက် အသက်ပေးခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးများကို အောက်မေ့တသ ဂုဏ်ပြုသောအနေဖြင့် အာဇာနည်နေ့များ သတ်မှတ်ပေးပြီး ဂုဏ်ယူအလေးပြုကြသည်။
ယခုလက်ရှိ ကျွန်ုပ်တို့မြန်မာနိုင်ငံသည် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ရဲဘော်(၈)ဦး လုပ်ကြံခံရသော ဇူလိုင်လ(၁၉)ရက်နေ့ကို အာဇာနည်အနေ့သတ်မှတ်ပြီး နှစ်စဉ် အာဇာနည်နေ့ ပြုလုပ်ကျင်းပသကဲ့သို့ မိမိတို့ ပအိုဝ်းတွင်လည်း ဖြားဗွာလှဖေ၏ အနိစ္စကူးပြောင်းသော တော်သလင်းလဆုပ်(၅)နေ့ကို ပအိုဝ်းအာဇာနည်နေ့ အဖြစ် သတ်မှတ်ပြီး ပအိုဝ်းအာဇာနည်နေ့ကို နှစ်စဉ် ကျင်းပပြုလုပ် လျက်ရှိပါသည်။ မိမိတို့ပအိုဝ်းလူမျိုးများကို ဒီမိုကရေစီထွန်းကားအောင် ရှေ့ဆောင်လမ်းပြခဲ့သော ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားဗွာလှဖေသည် ၁၉၇၅ခုနှစ်၊ စက်တင်ဘာလ(၂၄)ရက်နေ့၊ မြန်မာသက္ကရာဇ် ၁၃၃၇ခုနှစ်၊ တော်သလင်းလ ဆုတ်(၅)ရက်နေ့ ၊ကျောက်တလုံးကြီးမြို့နယ် ပင်တွန်ရွာတွင် ကွယ်လွန်အနိစ္စရောက်ခဲ့ပါသည်။ ၁၉၇၆ခုနှစ် ရောက်သောအခါ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)က ပြုလုပ်သော လုံးဒါညီလာခံတွင် အဆိုပါ ဖြားဗွာလှဖေ ကွယ်လွန်သောနေ့ ကို အာဇာနည်နေ့အဖြစ် ကန့်ကွက်သူမရှိ သတ်မှတ်ခဲ့ကြသည်။ ထို့ကြောင့် ဖြားဗွာလှဖေ ကွယ်လွန်သော တော်သလင်းလဆုတ်(၅)နေ့ကို ပအိုဝ်းအာဇာနည်နေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ် ကျင်းပလာခဲ့သည်မှာ ယခုနှစ်တွင် (၄၂)ကြိမ်မြောက် ရောက်ရှိခဲ့လေပြီ ဖြစ်သည်။
ကျွန်ုပ်တို့ဖြားဗွာလှဖေ၏ သမိုင်းအကျဉ်းကို ပြန်ပြောရလျှင် ဖြားဗွာလှဖေသည် သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ အဘ ဖါဦးဒွန်းနှင့် မွိုးဒေါ်နန်းတို့မှ မြန်မာသက္ကရာဇ် ၁၂၇၁-ခုနှစ်တွင် ဖွားမြင်ခဲ့ပြီး ၁၉၃၅ခုနှစ်တွင် B.Sc(Hons)ဘွဲ့ကို ရန်ကုန်တွင် သော်လည်းကောင်း၊ ၁၉၃၆ခုနှစ်တွင် (BL)ခေါ် ၀တ်လုံဘွဲ့ကို အင်္ဂလန်တွင် သော်လည်းကောင်း ရရှိခဲ့သည်။ နယ်ချဲအင်္ဂလိပ်ခေတ် ၁၉၃၅တွင် ပြည်သူလွတ်တော် ဒုတိယဥက္ကဌအဖြစ် သော်လည်းကောင်း၊ ဂျပန်ခေတ်တွင် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးနှင့် သတ္တုတွင်းဝန်ကြီး ဌာနတွင် သော်လည်းကောင်း၊ ၁၉၄၇ခုနှစ်တွင် ကရင်အမျိုးသားတော်လှန်ရေးအဖွဲ့တွင် ဒု-ဥက္ကဌအဖြစ် သော်လည်း အသီးသီးတာဝန်ယူထမ်းဆောင်ခဲ့သည်။ ထို့နောက် ၁၉၄၉ခုနှစ်တွင် ကရင်အမျိုးသားတော်လှန် ရေးအဖွဲ့မှ နုတ်ထွက်ပြီး ပအိုဝ်းတော်လှန်ရေးခေါင်းဆောင်အဖြစ် တာဝန်ယူကာ ပဒေသရာဇ်စနစ်ဆိုးကို ဦးဆောင်တော်လှန်ခဲ့သူ ဖြစ်သည်။
ကျွန်ုပ်တို့ဖြားဗွာလှဖေ ဦးဆောင်သောပအိုဝ်းတော်လှန်ရေးတစ်လျောက်တွင် ပြည်သူများအကျိုးစီးပွား ဖြစ်ထွန်းရေးနှင့် ဒီမိုကရေစီရှင်သန်းရေး လမ်းစဉ်ကိုသာ ချမှတ်ခဲ့သည်။ ဖြားဗွာလှဖေသည် ပအိုဝ်းလူမျိုးရေ ရှည်ရပ်တည်နိုင်ရန်အတွက်- “(၁)၊(က)နိုင်ငံရေးခံယူချက်ရှိသည့် ပအိုဝ်းမျိုးချစ် တပ်မတော် ရှိရမည်၊ (ခ) စည်းရုံးရေးအရည်အချင်းပြည့်ဝသည့် အုပ်ချုပ်ရေးအဖွဲ့ ရှိရမည်၊ (ဂ) မိဘပြည်သူလူထု ရှိရမည်၊ (၂) ဒီမိုကရေစီဖြင့် ဖွဲ့စည်းထားသော ဗဟိုကော်မတီ(သို့) ဌာနချုပ် ရှိရမည်” ဟူသော သံခနောက်ခွေနှင့်သံခွေပုံစံ မူကိုချမှတ်ပေးခဲ့သည်။ ထို့ပြင် ဖြားဗွာလှဖေသည် “ဒီခေတ်မှာ တစ်ယောက်က အများကို အုပ်ချုပ်တဲ့ခေတ် မဟုတ်ဘူး လူအများက လူအများကို အုပ်ချုပ်တဲ့ခေတ်ဖြစ်တယ်” ဟု ဆိုခဲ့သည်။ အထက်ပါ ဖြားဗွာလှဖေ၏ လုပ်ဆောင်ချက်များကို ကြည့်ခြင်းအားဖြင့် ဖြားဗွာလှဖေသည် အမြော်အမြင်ကြီးသူ၊ ပြည်သူကောင်းကျိုးကို ရှေ့ရှုသူ၊ ဒီမိုကရေစီကို ဖော်ဆောင်သူဟု ဆိုနိုင်ပါသည်။ ထို့ကြောင့် ဖြားဗွာလှဖေနှင့်အတူ ပအိုဝ်းလူမျိုးများအတွက် အသက်စွန့်ခဲ့သော ရဲဘော်ရဲဘက်များကို ပြန်လည်လွမ်းဆွတ် အောက်မေ့တသ ဂုဏ်ပြုသောအားဖြင့် ဖြားဗွာလှဖေ ကွယ်လွန်သောနေ့ကို ပအိုဝ်းအာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
ဖြားဗွာလှဖေနှင့်တကွ ဂုဏ်ပြုအပ်သော အာဇာနည်ခေါင်းဆောင်များမှာ ဆရာတော် မရမ်းခြောင်၊ ဖြားခွန်အိုး၊ ဖြားတန်ကောင်ခယ်း၊ ဖြားတန်ကောင်ပြဲုင်၊ ဖြားတန်နာ့သီးသောက်၊ ဖြားတန်နမ်းသြ၊ အမတ်အောင်သာ၊ ဖြားဗွာဦးဖြူ(တောင်ကြီး)၊ အမတ်အောင်သာ၊ ဗိုလ်ချန်ဇုံ၊ ဗိုလ်စံသိန်း၊ ဗိုလ်ဟိန်မောင်၊ ဗိုလ်ပန္တထွဉ် အစရှိသည့် ပုဂ္ဂိုလ်များပင် ဖြစ်သည်။ အဆိုပါ ပုဂ္ဂိုလ်ကြီးများသည် ပအိုဝ်းလူမျိုးများ ခေတ်စနစ်ဆိုးကြီးအောက်တွင် ရုန်းထွက်နိုင်ရန် နည်းအမျိုးမျိုးဖြင့် တွန်းလှန်ပြီး ပအိုဝ်းလူမျိုးအတွက် အသက်ပေး ကာကွယ်ခဲ့သူများဖြစ်သည်။ ထိုသူများသည် ရဲစွမ်းသတ္တိပြည့်စုံပြီး ယုံကြည်ချက်တစ်ခုအတွက် ပအိုဝ်းလူမျိုးသမိုင်းပေးတာဝန်ကို ရဲရဲဝံ့ဝံ့ ထမ်းဆောင်ခဲ့ကြသူများ ဖြစ်သည်။ ထို့ကြောင့် ထိုသူများသည် မိမိတို့၏ အာဇာနည်ခေါင်းဆောင်များပင် ဖြစ်သည်။ ထို့ပြင် ပအိုဝ်းလူမျိုးအတွက် အသက်စွန့်တိုက်ပွဲဝင်ပြီး ကျဆုံးသွားသော ရဲဘော်ရဲဘက်များကိုလည်း ချန်ထား၍ မရပေ။ အဘယ်ကြောင့်ဆိုသော် ယခုလက်ရှိ ကျွန်ုပ်တို့ အေးအေးချမ်းချမ်းနေနိုင်သည်မှာ ရဲဘော်ရဲဘက်များ၏ ပေးဆပ်မှု၊ ရဲဘော်ရဲဘက်များ၏ ရင်းနှီးမှုမှ ရရှိလာသော ရလာဒ်များပင် ဖြစ်သည်။ ထို့ကျေးဇူးတရားကို ထောက်ထား၍ ကျဆုံးခဲ့ရသော ရဲဘော် ရဲဘက်များကိုလည်း ယခုပြုလုပ်မည့် (၄၂)ကြိမ်မြောက် ပအိုဝ်းအာဇာနည်နေ့တွင် ကျွန်ုပ်တို့ ဂုဏ်ယူ အလေးပြု ရမည် ဖြစ်သည်။
ထို့ကြောင့် ယခုကဲ့သို့ ကျွန်ုပ်တို့ပအိုဝ်းလူမျိုး ငြိမ်းငြိမ်းချမ်းချမ်းနှင့် နေနိုင်သည်မှာ ခေတ်စနစ်ဆိုးကြီး များကို နည်းနည်းအမျိုးမျိုးဖြင့် အသက်ပေး တိုက်ပွဲဝင်ခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူး တရားများပင် ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့လူမျိုးအပေါ် ထားရှိသော ကျွန်ုပ်တို့အာဇာနည်ခေါင်းဆောင်ကြီး များ၏ ကျယ်ပြန့်သော သဘောထား၊ ခိုင်မာသော ယုံကြည်ချက်၊ စစ်မှန်သော စေတနာနှင့် စွန့်စားမှုများကို အသိအမှတ်ပြု ဂုဏ်ယူရမည်မှာ ကျွန်ုပ်တို့၏ တာဝန်သာ ဖြစ်ပါသည်။ ထို့အပြင် ကျွန်ုပ်တို့အာဇာနည် ခေါင်းဆောင်ကြီးများ၏ စိတ်ဓာတ်နှင့် ခံယူချက်များကို ပအိုဝ်းလူမျိုးများ၏ သမိုင်းအမွေအနှစ်တစ်ခုအဖြင့် လက်ဆင့်ကမ်း သယ်ဆောင်သွားရမည် ဖြစ်သည်။ ထိုအစဉ်အလာကောင်းတွေကို ထိန်းသိမ်းနိုင်မှသာ ကျွန်ုပ်တို့အာဇာနည်ခေါင်းဆောင်ကြီးများကို ကျေးဇူးဆပ်ရာရောက်မှာ ဖြစ်ပါသည်။
ကျွန်ုပ်တို့ ဗုဒ္ဓဘာသာတွင် “တစ်လုတ်စားဖူး သူ့ကျေးဇူး” ဟူသော ဆိုရိုးစကား ရှိသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ကျွန်ုပ်တို့လူမျိုးများသည် ကျေးဇူးတရားကို သိတတ်သူ၊ ကျေးဇူးတရားကို ဂုဏ်ယူ တတ်သူဖြစ်သည်မှာ ထင်ရှားလှပါသည်။ ဂုဏ်ယူသင့်သူကို ဂုဏ်ယူသည်မှာ မင်္ဂလာတစ်ပါးပင် ဖြစ်၏။ ဤသို့ဆိုလျှင် “တစ်လုတ်စားဖူး သူ့ကျေးဇူး” ထက်ပိုသော ကျွန်ုပ်တို့အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူးကို ကျွန်ုပ်တို့အားလုံး၏ အသိစိတ်တွင် သံမှိုကဲ့သို့ ရိုက်သွင်း၍ ဂုဏ်ယူအသိအမှတ်ပြုနေကြမည်မှာ အမှန်ပင် ဖြစ်သည်။ ကိုယ့်လူမျိုးကို အထင်မကြီးတတ်သူ၊ ဂုဏ်မယူတတ်သူသည် ကိုယ့်လူမျိုးကို ကွယ်ပျောက် အောင် လုပ်နေသောသူနှင့် တူ၏။ ထို့ကြောင့် ကျွန်ုပ်တို့ ပအိုဝ်းလူမျိုးတိုးတက်ရန်အတွက် ကိုယ့်လူမျိုးကို ကိုယ်တိုင်မြှင့်တင်၊ ကိုယ်တိုင်ဂုဏ်ယူရမည်မှာ ကျွန်ုပ်တို့ပအိုဝ်းလူမျိုးတိုင်း သိရှိထားပြီ ဖြစ်သည်။
ကျွန်ုပ်ပအိုဝ်းလူမျိုးတိုင်းသည် မျိုးချစ်စိတ်ထက်သန်သောလူမျိုးပီပီ မိမိတို့၏ အာဇာနည်ခေါင်းဆောင် ကြီး များကိုလည်း ဂုဏ်ယူဂုဏ်ပြုတတ်သော လူမျိုးပင် ဖြစ်သည်။ ထို့ကြောင့် ယနေ့လိုက်ပါစီးမျောနေသော ခေတ်ကာလတွင် ပအိုဝ်းတစ်မျိုးသားလုံး၏ စည်းလုံးမှုပျက်ပြားမည့်အရေး၊ ပအိုဝ်းလူမျိုးသွေးကွဲမည့်အရေးကို ကျွန်ုပ်တို့ပအိုဝ်းတစ်မျိုးသားလုံး လက်ခံမည် မဟုတ်သကဲ့သို့ မိမိတို့၏ အာဇာနည်ခေါင်းဆောင်ကြီးများ ကိုလည်း အမြဲဂုဏ်ယူအသိအမှတ်ပြုနေမည်ဖြစ်ပါကြောင်း (၄၂)ကြိမ်မြောက် ပအိုဝ်းအာဇာနည်နေ့ကို ဤ “တို့အာဇာနည် တို့ဂုဏ်ယူသည်” ဆောင်းပါဖြင့် ဂုဏ်ပြုလိုက်ရပါသည်။
ခွန်ထင်;လေအောင်;
ကိုးကား။ ။ ဒုတိယပအိုဝ်းတော်လှန်ရေး သမိုင်း။
Like On Facebook
Follow On Twitter
Subscribe On RSS